backup og meta

သွေးတွင်းဆိုဒီယမ်နည်းပါးခြင်းအကြောင်း


Dr. Thant Zin မှ ရေးသားသည်။ · 21/03/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    သွေးတွင်းဆိုဒီယမ်နည်းပါးခြင်းအကြောင်း

    ဆိုဒီယမ်ဟာ လူသားတို့ရဲ့ဆဲလ်အတွင်းပိုင်းနဲ့ ဆဲလ်ပတ်လည်မှာရှိတဲ့ ရေများကို ဟန်ချက်ညီမျှတအောင် ထိန်းသိမ်းပေးရာမှာ မရှိမဖြစ်အရေးကြီးတဲ့ ဓာတ်ဆားတမျိုးဖြစ်ပါတယ်။ ကြွက်သားနဲ့ အာရုံကြောလုပ်ဆောင်ချက်များ ကောင်းစွာလုပ်ဆောင်နိုင်ဖို့ အရေးကြီးတဲ့ နေရာက ပါဝင်ပါတယ်။ သွေးပေါင်ချိန်ကိုလည်း မှန်ကန်အောင် ထိန်းသိမ်းပေးပါတယ်။

    သွေးထဲမှာ ဆိုဒီယမ်လုံလောက်မှုမရှိတဲ့ အခြေအနေကို ဆေးပညာမှာ hyponatremia လို့ ခေါ်ပါတယ်။ ရေနဲ့ဆိုဒီယမ် ဟန်ချက်မညီရင် ဖြစ်တတ်ပါတယ်။ တနည်းပြောရရင် သွေးထဲမှာ ရေအရမ်းများပြီး ဆိုဒီယမ် နည်းပါးနေတဲ့ အခြေအနေဖြစ်ပါတယ်။

    ပုံမှန်အားဖြင့် သွေးတွင်းဆိုဒီယမ်ပမာဏဟာ ၁၃၅ မှ ၁၄၅ mEq/L အတွင်း ရှိသင့်ပါတယ်။ ဆိုဒီယမ်ပမာဏ ၁၃၅ mEq/L ထက်လျော့ရင် ဆိုဒီယမ်နည်းပါးတယ်လို့ သတ်မှတ်ပါတယ်။

    သွေးတွင်းဆိုဒီယမ်နည်းပါးခြင်း၏ လက္ခဏာများ

    တဦးနဲ့တဦး ကွာခြားပါတယ်။ ဆိုဒီယမ်ဟာ တဖြည်းဖြည်းချင်း လျော့နည်းလာမယ်ဆိုရင် ဘာလက္ခဏာမှ ကြုံတွေ့ရမှာမဟုတ်ပါဘူး။ လျင်မြန်စွာကျဆင်းသွားရင်တော့ ဆိုးရွားတဲ့ အခြေအနေတွေ ကြုံနိုင်ပါတယ်။ သတိလစ်ခြင်း၊ တက်ခြင်း၊ ကိုမာမေ့မြောခြင်း စတာတွေ ဖြစ်သွားနိုင်ပြီး အရေးပေါ်အခြေအနေပဲ ဖြစ်ပါတယ်။

    သွေးတွင်းဆိုဒီယမ်နည်းပါးခြင်းရဲ့ လက္ခဏာတွေကတော့

    – အားနည်းခြင်း

    – ပင်ပန်းနွမ်းနယ်ခြင်း၊ စွမ်းအင်နည်းပါးခြင်း

    – ခေါင်းကိုက်ခြင်း

    – ပျို့အန်ခြင်း

    – ကြွက်တက်ခြင်း

    – အာရုံရှုပ်ထွေးခြင်း၊ သည်းမခံနိုင်ခြင်း စတာတွေပဲ ဖြစ်ပါတယ်။

    သွေးတွင်းဆိုဒီယမ်ဓာတ်ကို နည်းပါးစေတဲ့ အကြောင်းများကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။

    – ဆိုးရွားစွာ ပျို့အန်ခြင်း၊ ဝမ်းပျက်ခြင်း

    – ဆေးဝါးအချို့သုံးစွဲခြင်း (စိတ်ကျကုသဆေးများ၊ အကိုက်အခဲပျောက်ဆေးအချို့အပါအဝင်)

    – ဆီးဆေးများသုံးနေခြင်

    – လေ့ကျင့်ခန်းပြုလုပ်စဉ် ရေအလွန်အကျွံသောက်ခြင်း

    – ရေဓာတ်ခန်းခြောက်ခြင်း

    – ကျောက်ကပ်ရောဂါ၊ ကျောက်ကပ်ပျက်စီးခြင်း

    – အသည်းရောဂါ

    – နှလုံးရောဂါ

    – သိုင်းရွိုက်ကောင်းစွာ အလုပ်မလုပ်ခြင်း

    – စိတ်ကြွဆေးများသုံးစွဲနေခြင်း

    ဘယ်အခြေအနေမှာ အဖြစ်များလဲ

    အခြေအနေအကြောင်းခြင်းရာအချို့ဟာ သွေးတွင်းဆိုဒီယမ်ပမာဏကို ကျဆင်းစေဖို့ အခွင့်အလမ်းများပါတယ်။ ၎င်းအခြေအနေတွေကတော့

    အသက်အရွယ်ကြီးခြင်း

    – ဆီးဆေးများသုံးနေခြင်း

    – စိတ်ကျကုသဆေးများသောက်သုံးနေရခြင်း

    – အင်အားကုန်သုံးရသော အားကစားများ ပြုလုပ်နေခြင်း

    – ပူနွေးသော ရာသီဥတုတွင် နေထိုင်ခြင်း

    – ဆိုဒီယမ်နည်းပါးသော အစားအစာများစားခြင်း

    နှလုံးရောဂါ၊ ကျောက်ကပ်ရောဂါဖြစ်ပွားခြင်း စတာတွေပဲ ဖြစ်ပါတယ်။

    ဘယ်လိုစစ်ဆေးမလဲ

    သွေးဖောက်ပြီး စစ်ဆေးပါလိမ့်မယ်။ ဆိုဒီယမ်နည်းပါးခြင်းရဲ့ လက္ခဏာတွေ မပြသေးရင်တောင် ပုံမှန်ကျန်းမာရေး စစ်ဆေးသလိုမျိုး စစ်ဆေးနိုင်ပါတယ်။ သွေးတွင်းဆိုဒီယမ်ပမာဏ ပုံမှန်မဟုတ်ရင် ဆီးထဲမှာ ဆိုဒီယမ် ဘယ်လောက်ပါဝင်သလဲဆိုတာပါ စစ်ဆေးပါလိမ့်မယ်။ တကယ်လို့ သွေးတွင်းဆိုဒီယမ်ပမာဏဟာ နည်းပါးနေပြီး ဆီးမှာပါဝင်တဲ့ ဆိုဒီယမ်ဟာ မြင့်နေရင် သင့်ခန္ဓာကိုယ်ဟာ ဆိုဒီယမ်အများအပြားကို ဆုံးရှုံးနေပြီဖြစ်ပါတယ်။ သွေးမှာရော ဆီးမှာပါ ဆိုဒီယမ်နည်းပါးနေရင်တော့ သင့်အနေနဲ့ ဆိုဒီယမ်ကို လု့လောက်စွာ သုံးစွဲခြင်းမရှိဘူးလို့ မှတ်ယူနိုင်ပါတယ်။

    ဘယ်လိုကုသမလဲ

    သွေးတွင်းဆိုဒီယမ်နည်းပါးခြင်းကို ကုသရာမှာ အကြောင်းအရင်းပေါ် မူတည်ပြီး ကွာခြားပါတယ်။ နည်းလမ်းတွေကတော့

    – အရည်များသောက်သုံးမှုကို လျှော့ချခြင်း

    – ဆီးဆေးပမာဏကို ချိန်ညှိခြင်း

    – ခေါင်းကိုက်ခြင်း၊ ပျို့အန်ခြင်း၊ တက်ခြင်း စတာတွေအတွက် ဆေးဝါးသုံးစွဲခြင်း

    – ရောဂါအခံကို ကုသခြင်း

    – ဆိုဒီယမ်ပါသော ပုလင်းကြီးချိတ်ခြင်း စတာတွေပဲ ဖြစ်ပါတယ်။

    ဘယ်လိုကာကွယ်မလဲ

    ရေနဲ့ဓာတ်ဆားပမာဏ မျှတအောင် ထိန်းသိမ်းထားခြင်းဟာ ဆိုဒီယမ်နည်းပါးခြင်း မဖြစ်ရအောင် ကာကွယ်ပေးနိုင်ပါတယ်။

    အားကစားသမားတယောက်ဆိုရင် လေ့ကျင့်ခန်းပြုလုပ်နေချိန်မှာ ရေကို မှန်ကန်တဲ့ပမာဏ သောက်သုံးဖို့ အရေးကြီးပါတယ်။ ဓာတ်ဆားပါဝင်တဲ့ အရည်တွေလည်း သောက်သုံးနိုင်ပါတယ်။ ချွေးထွက်များရင် ပိုမိုသောက်သုံးသင့်ပါတယ်။ ဝမ်းပျက်ခြင်း၊ အန်ခြင်း စတာတွေကြောင့် အရည်ဓာတ်များ ဆုံးရှုံးသွားရင်လည်း သောက်သုံးနိုင်ပါတယ်။

    ပုံမှန်တနေ့တာမှာ အမျိုးသမီးတဦးဟာ ရေကို ၂.၂ လီတာ သောက်သုံးသင့်ပြီး အမျိုးသားတဦးဟာ ၃ လီတာ သောက်သုံးသင့်ပါတယ်။ ရေဓာတ်ပြည့်ဝနေရင် ဆီးဟာ အဝါရောင်ဖျော့ဖျော့ ဒါမှမဟုတ် ကြည်လင်နေမှာ ဖြစ်ပါတယ်။ ရေလည်းမငတ်ပါဘူး။

    သတိပြုသင့်တာကတော့ ရေကို တနာရီမှာ တလီတာထက် ပိုမသောက်သင့်ပါဘူး။ ဒါ့အပြင် ရေများများကို တခဏလေးနဲ့ သောက်လိုက်တာမျိုး မပြုလုပ်သင့်ပါဘူး။

    Hello Health Group သည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr. Thant Zin မှ ရေးသားသည်။ · 21/03/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement