backup og meta

ဆိုဒီယမ်နိုက်ထရိတ်ဟာ ကျန်းမာရေးကို ထိခိုက်စေသလား


Dr. Thant Zin မှ ရေးသားသည်။ · 23/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ဆိုဒီယမ်နိုက်ထရိတ်ဟာ ကျန်းမာရေးကို ထိခိုက်စေသလား

    ယနေ့အခါမှာ လူသားတို့အနေနဲ့ တနေ့တာအချိန်ရှားပါးလာပြီး အစားအစာများကို လတ်လတ်ဆတ်ဆတ် ပြင်ဆင်ချက်ပြုတ်နိုင်တာ နည်းလာပါတယ်။ အသင့်စားစရာတွေ၊ ရေရှည်ခံအောင် အဆင့်ဆင့်ပြုပြင်ထားတဲ့ စားစရာတွေ လူသုံးများလာပြီး တာရှည်ခံဖို့ထည့်သွင်းတဲ့ ဆေးဝါးများလည်း သုံးစွဲလာကြပါတယ်။

    အစားအစာများကို ပြင်ဆင်ထုတ်ပိုးရာမှာ တာရှည်ခံဖို့အတွက် ဆိုဒီယမ်နိုက်ထရိတ်ကို အသုံးပြုကြပါတယ်။ ဆိုဒီယမ်နိုက်ထရိတ်ဟာ ဆားတမျိုးဖြစ်ပြီး ဝက်ပေါင်ခြောက်၊ အမဲခြောက်၊ ဝက်အူချောင်း၊ ငါးကြပ်တိုက် စတဲ့ အစားအစာတွေကို ပြုလုပ်ရာမှာ တာရှည်ခံအောင် ထည့်သွင်းပါတယ်။ ထူးခြားတဲ့ အနံ့အရသာတမျိုးရှိပြီး ပိုးမွှားများကိုသေစေတဲ့ သတ္တိရှိပါတယ်။

    ဆိုဒီယမ်နိုက်ထရိတ်ကို အပင်များနဲ့ သောက်သုံးရေတချို့မှာ တွေ့နိုင်ပါတယ်။ နိုက်ထရိုဂျင်ဓာတ်ဟာ မြေလွှာထဲမှာ ဆိုဒီယမ်နိုင်ထရိတ်အနေနဲ့ ပြောင်းလဲပြီး အပင်တွေ ကြီးထွားစေဖို့ အထောက်အကူ ပြုပါတယ်။ အပင်များဟာ ဆိုဒီယမ်နိုက်ထရိတ်ကို မြေကြီးထဲကနေ စုပ်ယူပါတယ်။

    ဆိုဒီယမ်နိုက်ထရိတ်များတဲ့ အသီးအရွက်တွေကတော့ ဟင်းနုနွယ်၊ မုန်လာဥ၊ တရုတ်နံနံ၊ မုန်လာဥနီ၊ ဂေါ်ဖီထုပ် စတာတွေပဲ ဖြစ်ပါတယ်။ ၂၀၀၉ ခုနှစ်မှာ ပြုလုပ်ခဲ့တဲ့ လေ့လာချက်တခုအရ လူတယောက်ရဲ့ အစားအစာထဲမှာပါဝင်တဲ့ ဆိုဒီယမ်နိုက်ထရိတ်ပမာဏရဲ့ ၈၀%ဟာ ဟင်းသီးဟင်းရွက်တွေကနေလာတယ်လို့ ဆိုပါတယ်။

    ဆိုဒီယမ်နိုက်ထရိတ်ပမာဏ များပြားခြင်းရဲ့ အန္တရာယ်

    တကယ်တော့ နိုက်ထရိတ်ဟာ ပုံမှန် အစားအသောက်တွေမှာ တွေ့ရတတ်ပါတယ်။ ဒါပေမယ့် ပမာဏများလာရင်တော့ ကျန်းမာရေးပြဿနာ (ဥပမာ အူမကြီးကင်ဆာ) ဖြစ်နိုင်ပါတယ်။ သွေးကင်ဆာ၊ ပြန်ရေကြောကင်ဆာ၊ နှလုံးရောဂါ စတာတွေအပြင် သားဥအိမ်၊ အစာအိမ်၊ အစာရေမျို၊ ပန်ခရိယ၊ သိုင်းရွိုက် စတာတွေမှာ ကင်ဆာဖြစ်ပွားခြင်းဟာ ဆိုဒီယမ်နိုက်ထရိတ်ပမာဏ အများအပြား စားသုံးမိခြင်းနဲ့ ဆက်စပ်နေတယ်လို့ ဆိုပါတယ်။

    အဆိုပါရောဂါတွေနဲ့ ဆက်စပ်နေတဲ့ နိုကထရိတ်ပမာဏကို သဘာဝအစားအစာတွေကနေ ရနိုင်ဖို့ ခဲယဉ်းပါတယ်။ သဘာဝအလျောက် နိုက်ထရိတ်ပါဝင်တဲ့ အစားအစာတွေမှာလည်း ဗီတာမင်စီလိုမျိုး ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ ပါဝင်နေလို့ ရောဂါတွေဖြစ်တာကို ကာကွယ်ပေးနိုင်ပါတယ်။

    အမေရိကန်နိုင်ငံ ရောဂါထိန်းချုပ်ကာကွယ်ရေးဌာနရဲ့ အဆိုအရ တနေ့တာ ဆိုဒီယမ်နိုက်ထရိတ်စားသုံးတဲ့ ပမာဏဟာ ကိုယ်အလေးချိန် တစ်ကီလိုဂရမ်မှာ ၃.၇ မီလီဂရမ် မကျော်သင့်ပါဘူး။ ဥပမာ ကိုယ်အလေးချိန် ၁၅၀ ပေါင်ရှိတဲ့ လူတဦးဟာ တနေ့တာမှာ ဆိုဒီယမ်နိုက်ထရိတ်ကို ဝ.၂၅ ဂရမ်ထက်ကျော်ပြီး မစားသင့်ဘူးလို့ ဆိုလိုခြင်း ဖြစ်ပါတယ်။ ဒါပေမယ့် အစားအသောက်တွေမှာ ပါဝင်တဲ့ ဆိုဒီယမ်နိုက်ထရိတ်ပမာဏကို တိကျစွာ တွက်ချက်နိုင်ဖို့ ခဲယဉ်းပါတယ်။

    နိုက်ထရိတ်အဆိပ်သင့်ခြင်းဟာ ဆိုးရွားတဲ့ ပြဿနာတခုဖြစ်ပြီး ကလေးငယ်တွေမှာ methemoglobinemia လို့ခေါ်တဲ့ သွေးရောဂါကို ဖြစ်ပွားစေပါတယ်။ မသန့်ရှင်းတဲ့ရေတွင်းရေကန်တွေကရေကို ကလေးငယ်များအတွက် သုံးစွဲမိရာကနေ ဖြစ်ပွားပါတယ်။

    ဆိုဒီယမ်နိုက်ထရိတ်ဟာ သွေးကြောတွေကို ထိခိုက်ပျက်စီးနိုင်ခြေ ရှိပါတယ်။ သွေးကြောတွေ မာပြီး ကျဉ်းလာနိုင်ပါတယ်။ အဲဒါကြောင့် နှလုံးရောဂါဖြစ်လာနိုင်ခြေ ရှိပါတယ်။ ဒါ့အပြင် နိုက်ထရိတ်ဟာ သင့်ကိုယ်ခန္ဓာကနေ သကြားကို အသုံးချပုံအပေါ် သက်ရောက်မှု ဖြစ်စေလို့ ဆီးချိုရောဂါဖြစ်လာနိုင်ခြေ ရှိပါတယ်။

    ဆိုဒီယမ်နိုက်ထရိတ်ဟာ အကျိုးပြုသလား

    တကယ်တော့ ဆိုဒီယမ်နိုက်ထရိတ်ဟာ ဘယ်အစားအစာမှာမဆို သဘာဝအတိုင်းပါဝင်တဲ့ ပစ္စည်းဖြစ်ပါတယ်။ ပမာဏအများအပြား သုံးစွဲမိမှသာ ဘေးဥပါဒ်ဖြစ်စေနိုင်မှာ ဖြစ်ပါတယ်။

    ဒါ့အပြင် ဆေးဝါးများမှာလည်း ပါဝင်သုံးစွဲထားတာ ရှိပါတယ်။ ဥပမာ အင်အော်ဂဲနစ်နိုက်ထရိတ်ပါဝင်တဲ့ ဓာတ်စာတွေဟာ သွေးတိုးကျစေတယ်လို့ ဆိုပါတယ်။

    သတိပြုရန်

    ဆိုဒီယမ်နိုက်ထရိတ်ပမာဏ များများစားသုံးမိခြင်းကို ရှောင်ရှားနိုင်ဖို့အတွက် ပြုပြင်ထားတဲ့ အသားတွေကို စားသုံးမှု လျှော့ချရပါလိမ့်မယ်။ သွေးပေါင်ချိန်မြင့်တက်နိုင်ခြေကိုပါ ရှောင်ရှားပြီးသား ဖြစ်သွားပါလိမ့်မယ်။ အသားငါးတွေကို တတ်နိုင်သလောက် လတ်လတ်ဆတ်ဆတ် ပြင်ဆင်စားသုံးသင့်ပါတယ်။

    အော်ဂဲနစ်သီးနှံများကို ရွေးချယ်စားသုံးခြင်းဟာ နိုက်ထရိတ်အများအပြား စားသုံးမိနိုင်ခြေကို ကာကွယ်ပေးပါတယ်။ အော်ဂဲနစ်သီးနှံများဟာ ဓာတ်မြေသြဇာမသုံးဘဲ စိုက်ပျိုးထားတာကြောင့် ဖြစ်ပါတယ်။

    Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr. Thant Zin မှ ရေးသားသည်။ · 23/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement