backup og meta

လက်ဖက်ရည် သည် လူကို စွဲလမ်းစေပါသလား

မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။ Dr. K Zin Thwe


Dr. Ye Pyae Hein မှ ရေးသားသည်။ · 08/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    လက်ဖက်ရည် သည် လူကို စွဲလမ်းစေပါသလား

    အမေရိကန်နိုင်ငံ လက်ဖက်ရည်သောက်သုံးသူများအသင်း၏ အဆိုအရ ကမ္ဘာပေါ်ရှိလူများသည် လက်ဖက်ရည်ကို အခြားဖျော်ရည်များထက် ပိုမိုသောက်သုံးကြသည်ဟု ဆိုပါသည်။ လက်ဖက်ရည် သောက်သုံးခြင်းဖြင့် အကျိုးကျေးဇူးများရရှိနိုင်သော်လည်း လက်ဖက်ရည်တွင် ပါဝင်သော ကဖင်းဓာတ်မှာ ကျန်းမာရေးကို အနည်းနဲ့ အများ ထိခိုက်စေနိုင်ပါသည်။

    လက်ဖက်ရည် သောက်သုံးသောနည်းလမ်းနှင့် ပမာဏပေါ် မူတည်၍ ကဖင်းဓာတ်က ကောင်းကျိုးဆိုးပြစ်များ ဖြစ်စေနိုင်ပါသည်။ သင့်တော်သောပမာဏတွင် လက်ဖက်ရည်သည် လူကို လန်းဆန်းစေနိုင်ပြီး စွမ်းအင်ရအောင် နှိုးဆွပေးနိုင်သော်လည်း များပြားစွာ သောက်သုံးပါက ကဖင်းဓာတ်ကို စွဲလမ်းစေပါသည်။

    လက်ဖက်ရည် မှ ကဖင်းဓာတ်ကို စွဲလမ်းစေခြင်း

    ကဖင်းဓာတ်သည် ဗဟိုအာရုံကြောမစနစ်ကို လှုံ့ဆော်ပေးပြီး ပုံမှန်သုံးစွဲခြင်းဖြင့် စွဲလမ်းခြင်း ဖြစ်လာနိုင်ပါသည်။ ဆေးစွဲခြင်းလိုမျိုးတော့ ကဖင်းဓာတ်သည် ခန္ဓာကိုယ်၏ ကျန်းမာရေးကို အန္တရာယ်မပေးပါ။ သို့သော်လည်း ကဖင်းဓာတ်ကို စွဲလမ်းပါက စွဲလမ်းနေမှန်း သတိပြုမိမည်လည်း မဟုတ်ပါ။

    စွဲလမ်းသူအနေနဲ့ ခန္ဓာကိုယ်လုပ်ငန်းဆောင်တာများ ပြုလုပ်ရန် ကဖင်းဓာတ်ကို ပုံမှန်သုံးစွဲနေရပြီးဖြစ်သည်။ ထိုအခါ လန်းဆန်း၍ စွမ်းအင်ပြည့်ရန် ကဖင်းဓာတ်ကို ပို၍ပို၍ လိုအပ်လာသည်။ အိပ်ရာမဝင်ခင် ၆နာရီအတွင်း လက်ဖက်ရည်များများ သောက်တတ်သူများသည် အိပ်မပျော်ခြင်းဝေဒနာကို ခံစားရသည်။ ထို့ပြင်ပိုတချို့တွင် အိပ်ပျော်ရန်ခက်ခဲခြင်းနှင့်တကွ ကဖင်းဓာတ်ကြောင့် စိတ်လှုပ်ရှားခြင်း၊ ဂနာမငြိမ်ဖြစ်ခြင်းနှင့် အစာအိမ်ဝေဒနာများကိုလည်း ခံစားရပါသည်။

    ကဖင်းဖြတ်ခြင်း

    အကယ်၍ ကဖင်းကို ရုတ်တရက်ဖြတ်လိုက်လျှင် ခန္ဓာကိုယ်အတွက် ပုံမှန်ရနေကျ ကဖင်းဓာတ်မရတော့သဖြင့် ရောဂါလက္ခဏာများ ခံစားရသည်။ ကဖင်းဖြတ်ခြင်းကြောင့် ဖြစ်ပေါ်လာသော လက္ခဏာများမှာ

    • ခေါင်းကိုက်ခြင်း
    • မောပန်းနုံးချိခြင်း
    • စိတ်ပူပန်ခြင်း
    • ဂနာမငြိမ်ဖြစ်ခြင်း
    • စိတ်ဓာတ်ကျခြင်း
    • အာရုံစူးစိုက်ရန်ခက်ခဲခြင်း
    • ကြွက်သားများနာကျင်ကိုက်ခဲခြင်းတို့ ဖြစ်ပါသည်။

    သို့သော် မူးယစ်ဆေးဝါးများနှင့် အရက်စွဲခြင်းတို့ကြောင့် ဖြစ်ပေါ်လာသော လက္ခဏာများလောက်တော့ မဆိုးရွားပါ။ ယခင်သောက်နေကြ လက်ဖက်ရည် (သို့မဟုတ်) သောက်နေကျထက် အနည်းငယ်ပိုမို သောက်သုံးလိုက်ပါက ထိုလက္ခဏာများ ချက်ခြင်းသက်သာသွားမည်။

    ကဖင်းစွဲခြင်းကို ကာကွယ်ရန်

    ကဖင်းစွဲခြင်းမှ ကာကွယ်ရန် အောက်ပါအကြံပြုချက်များကို လိုက်နာနိုင်ပါသည်။

    • သင်သောက်သုံးသော ကဖင်းဓာက်ပမာဏကို လျှော့ချပါ။ လက်ဖက်ရည်တစ်ခွက်ကို ၃ကြိမ်မှ ၄ကြိမ် ခွဲ၍ သောက်သုံးခြင်းဖြင့် လည်းကောင်း၊ လက်ဖက်ရည်ကို ခဏတာ နှပ်၍သော်လည်းကောင်း၊ လက်ဖက်ရည်သောက်မည့် ရေနွေး၏အပူချိန်ကို လျှော့၍လည်းကောင်း ကဖင်းဓာတ် ပမာဏကိုလျှော့ချနိုင်သည်။
    • လက်ဖက်စိမ်း၊ လက်ဖက်ဖြူနှင့် အခြားအရွက်များဖြင့် ပြုလုပ်ထားသော လက်ဖက်ရည်ကို အစားထိုးသုံးစွဲပါ။ လက်ဖက်ခြောက်အမည်းမှရသောလက်ဖက်ရည်သည် ကဖင်းဓာတ်ပါဝင်မှု အများဆုံးဖြစ်သည်။ ထို့ကြောင့် အခြားလက်ဖက်စိမ်း၊ လက်ဖက်ဖြူနှင့် အခြားအရွက်များမှ ပြုလုပ်သောလက်ဖက်ရည်ကို သုံးဆောင်ပါ။
    • ကဖင်းဓာတ် ဖယ်ထားသော (သို့) ကဖင်းဓာတ် မပါသော ဖျော်ရည်များကို ပြောင်းလဲသုံးစွဲပါ။
    • ကဖင်းဓာတ် လွန်ကဲစွာပါသော လက်ဖက်ရည်များကို မကြာခဏသောက်သုံးခြင်းမှ ရှောင်ကြဉ်ပါ။ သင်သောက်သုံးနေသော ကဖင်းဓာတ်ကို ဖြည်းဖြည်းစီလျှော့ချပါ။
    • လက်ဖက်ရည်ကို ချက်ခြင်းဖြတ်ပါက မလိုလားအပ်သော ရောဂါလက္ခဏာများ ဖြစ်နိုင်သည့်အတွက် တဖြည်းဖြည်းလျှော့ချခြင်းဖြင့် ထိုလက္ခဏာများကိုကာကွယ်နိုင်ပါသည်။
    • ကော်ဖီကဲ့သို့ပင် လက်ဖက်ရည်သည်လည်း ဦးနှောက်ကို လှုံ့ဆော်၍ စွမ်းအင်မြင့်စေပြီး စိတ်အာရုံစူးစိုက်မှုကို ကောင်းမွန်စေသည်။ သို့သော်လည်း သင့်တင့်မျှတသော ပမာဏထက် ပို၍သောက်သုံးပါက စွဲလမ်းခြင်းအပြင် ကဖင်းဓာတ်၏ ဘေးထွက်ဆိုးကျိုးများပါ ရနိုင်ကြောင်း သတိချပ်သင့်ပါသည်။

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။

    Dr. K Zin Thwe


    Dr. Ye Pyae Hein မှ ရေးသားသည်။ · 08/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement