backup og meta

စိတ်ကျန်းမာရေးကောင်းစေမည့် အစားအသောက်များ


Dr. Thant Zin မှ ရေးသားသည်။ · 05/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    စိတ်ကျန်းမာရေးကောင်းစေမည့် အစားအသောက်များ

    သက်ရှည်ကျန်းမာဖို့အတွက် ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစားအသောက်တွေကို သင့်တင့်မျှတစွာ ရွေးချယ်စားသောက်ပေးဖို့ လိုအပ်ပါတယ်။ ဗီတာမင်၊ သတ္တုဓာတ်အမျိုးမျိုးနဲ့ ပရိုတိန်းစတာတွေ မျှတအောင် လတ်ဆတ်တဲ့ အသီးအရွက်များ၊ သားငါးများ၊ ပဲအမျိုးမျိုးနဲ့ အစေ့အဆန်များ စတာတွေကို ရွေးချယ်စားသုံး ကျန်းမာရေးကို အထောက်အကူပြုစေမှာပဲ ဖြစ်ပါတယ်။

    ဒီနေရာမှာ ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးကိုသာမကဘဲ စိတ်ပိုင်းဆိုင်ရာအတွက်လည်း ပါဝင်ပါတယ်။

    ဦးနှောက်ဟာ တခြားသော ကိုယ်တွင်းအင်္ဂါတွေလိုပဲ သင်စားသောက်လိုက်တဲ့အရာတွေအပေါ် တုံ့ပြန်မှု ပြုလုပ်ပါတယ်။ ဦးနှောက်ဟာ သူ့ရဲ့လုပ်ငန်းတာဝန်တွေကို အပြည့်အဝထမ်းဆောင်နိုင်ဖို့ ဗီတာမင်အမျိုးမျိုး၊ သတ္တုဓာတ်နဲ့ တခြားအာဟာရမျိုးစုံ နေ့စဉ်လိုအပ်ပါတယ်။ အဆိုပါအာဟာရဓာတ်တွေ ရသင့်သလောက်မရရင်တော့ ဦးနှောက်ရဲ့လုပ်ငန်းတာဝန်တွေ ချို့ယွင်းပြီး စိတ်ကျန်းမာရေး ပြဿနာတွေ ကြုံလာနိုင်ပါတယ်။

    ဘာတွေလိုအပ်သလဲ……….

    ဗီတာမင်၊ သတ္တုဓာတ်နှင့် ကာဘိုဟိုက်ဒရိတ်

    ဗီတာမင်နဲ့ သတ္တုဓာတ်တွေကတော့ မရှိမဖြစ်အရေးကြီးပါတယ်။ အထူးသဖြင့် ဗီတာမင် စီ၊ ဗီတာမင် ဒီနဲ့ ဗီတာမင် ဘီအုပ်စုတွေ ပါဝင်ပါတယ်။ ဦးနှောက်ရဲ့ ပုံမှန်လုပ်ငန်းတာဝန်တွေ လုပ်ဆောင်နိုင်ဖို့အတွက်ဆိုရင်လည်း မဂ္ဂနီဆီယမ်၊ ဆီလီနီယံ၊ ဇင့် စတဲ့သတ္တုဓာတ်တွေ လိုအပ်ပါတယ်။

    နောက်ထပ်လိုအပ်တဲ့အာဟာရကတော့ ကာဘိုဟိုက်ဒရိတ်ဖြစ်ပါတယ်။ ဦးနှောက်ရဲ့စွမ်းအင်အတွက် ဂလူးကို့စ်လိုအပ်ပါတယ်။ ဂလူးကို့စ်ကို အစားအစာမှာပါတဲ့ ကာဘိုဟိုက်ဒရိတ်ကနေ ရယူပါတယ်။ ကာဘိုဟိုက်ဒရိတ်ဟာ စိတ်တည်ငြိမ်ပြီး နေထိုင်ကောင်းစေတဲ့ ဆီရိုတိုနင်ဟော်မုန်းကို ထွက်လာအောင်လည်း အထောက်အကူပြုပါတယ်။ ကာဘိုဟိုက်ဒရိတ်ကို အချိုဓာတ်ပါတဲ့ အစားအစာတွေ၊ အဆင့်ဆင့်ပြုပြင်ထားတဲ့ အစေ့အဆန်တွေမှာတင်မဟုတ်ဘဲ အသီးအနှံများ၊ မပြုပြင်ရသေးတဲ့ အစားအစာများ၊ ပဲအမျိုးမျိုး စတာတွေကလည်း ရရှိနိုင်ပါတယ်။

    Amino acids

    အမိုင်နိုအက်ဆစ်များကတော့ ပရိုတိန်းဓာတ်အတွက် အခြေခံအုတ်မြစ်ပဲ ဖြစ်ပါတယ်။ ဦးနှောက်ကနေ လျှပ်ကူးပစ္စည်းတွေထုတ်လုပ်ဖို့ မရှိမဖြစ်အရာတွေဖြစ်ပါတယ်။ လျှပ်ကူးပစ္စည်းများဟာ အာရုံကြောဆဲလ်တွေ တခုနဲ့တခုအကြား အချက်ပြချက်တွေကို ဆက်သွယ်ပေးပါတယ်။ ဥပမာ ဆီရိုတိုနင်ဆိုတဲ့ လျှပ်ကူးပစ္စည်းဟာ စိတ်ကြည်လင်အေးချမ်းမှုကို ချိတ်ဆက်လက်ဆင့်ကမ်းပေးပါတယ်။ အဲဒီပစ္စည်းကို tryptophan ဆိုတဲ့ အမိုင်နိုအက်ဆစ်ကနေ ထုတ်လုပ်ပါတယ်။ ဒိုပါမင်းဆိုတဲ့ ပစ္စည်းကတော့ သင့်ကို စိတ်အားတက်ကြွစေအောင် အကူအညီပေးပြီး phenylalanine ဆိုတဲ့ အမိုင်နိုအက်ဆစ်ကနေ ထုတ်လုပ်ပါတယ်။ သင့်ရဲ့ခန္ဓာကိုယ်ဟာ အဲဒီအမိုင်နိုအက်ဆစ်တွေကို အစားအသောက်ထဲကနေ ရရှိပါတယ်။

    Fatty acid များ

    Fatty acid များကတော့ ဦးနှောက်ကျန်းမာရေးအတွက် အတော်လေး အရေးပါပါတယ်။ ဦးနှောက်ရဲ့ အစိတ်အပိုင်းအများစုကို omega-3 acid နဲ့ omega-6 fatty acid စတာတွေနဲ့ ဖွဲ့စည်းထားပါတယ်။ သင့်ခန္ဓာကိုယ်ဟာ အဆိုပါ fatty acid တွေကို ကိုယ်တိုင် မထုတ်လုပ်နိုင်ပါဘူး။ ဒါကြောင့်မို့ အစားအစာဆီကပဲ ရယူပါတယ်။

    အကောင်းဆုံးကတော့ omega-3 နဲ့ omega-6 fatty acid ကို မျှတနေစေဖို့ပါပဲ။ အနောက်တိုင်းအစားအစာတွေမှာတော့ omega-6 fatty acid ကြွယ်ဝပြီး omega-3 fatty acid နည်းပါးတယ်လို့ ဆိုပါတယ်။

    ရေ

    ရေဟာလည်း ဦးနှောက်အတွက်အရေးပါတဲ့ အာဟာရပါပဲ။ ဦးနှောက်အတွင်း ရေဓာတ်ခမ်းခြောက်သွားရင် စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေဖြစ်တဲ့ သည်းမခံနိုင်ခြင်း၊ အာရုံစူးစိုက်ရန်ခက်ခဲခြင်း စတာတွေ ဖြစ်ပေါ်စေပါတယ်။

    ဘယ်လိုအစားအစာတွေ ရွေးချယ်မလဲ…….

    ဦးနှောက်အတွက်အရေးပါတဲ့ အာဟာရဓာတ်တွေကို ဖော်ပြခဲ့သလို ဘယ်လိုအစားအစာတွေကနေ ရရှိနိုင်မလဲဆိုတာ ဆက်လက်ဖော်ပြလိုပါတယ်။ ဦးနှောက်ရဲ့ လုပ်ငန်းတာဝန်ကို အထောက်အကူပြုတဲ့ အစားအစာတွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။

    • ဗီတာမင် C။ ချဉ်သောအရသာရှိသည့်အသီးများ၊ အသီးအရွက်အစိမ်းရောင်များ၊ အခြားအသီးအနှံများ

    • ဗီတာမင် D။ ဆယ်လ်မွန်ငါး၊ ပုစွန်၊ ပင်လယ်ငါး၊ ဥအမျိုးမျိုး၊ နို့၊ အသီးဖျော်ရည်

    • ဗီတာမင် B အုပ်စု။ အသားငါးများ၊ ဥအမျိုးမျိုး၊ နို့နှင့်နို့ထွက်ပစ္စည်း၊ မပြုပြင်ရသေးတော့ အစေ့အနှံများ၊ အစိမ်းရောင် အသီးအရွက်များ

    • မဂ္ဂနီဆီယမ်၊ ဆီလီနီယံ၊ ဇင့်။ အခွံမာသီး၊ အစေ့အဆန်များ၊ အစိမ်းရောင်အသီးအရွက်များ၊ ငါးအမျိုးမျိုး

    • Tryptophan။ အသားငါးအမျိုးမျိုး၊ ဥအမျိုးမျိုး၊ ပဲအမျိုးမျိုး

    • Phenylalanine။ အသားငါးအမျိုးမျိုးနှင့် နို့ထွက်ပစ္စည်းများ၊ ပဲပိစပ်၊ အစေ့များ

    • omega-3 fatty acid။ ဆယ်လ်မွန်ငါး၊ တူနာငါး၊ ပဲအမျိုးမျိုး၊ အခွံမာသီး၊ ပန်းပွင့်စိမ်း၊ ပန်းဂေါ်ဖီ၊ ဟင်းနုနွယ်၊ သခွားမွှေးသီး၊ ပန်းနှမ်းဆီ၊ နှမ်းကြတ်ဆီ

    • omega-6 fatty acids။ အသားငါးနှင့် ဥအမျိုးမျိုး၊ အစေ့အဆန်၊ အသီးအရွက်ဆီများ

    ဘယ်လိုအစားအစာတွေ ရှောင်ကြဉ်ရမလဲ…….

    ဦးနှောက်ကျန်းမာရေးအတွက် ရှောင်ကြဉ်သင့်တဲ့ အစားအသောက်တွေကတော့

    – ကဖိန်းဓာတ်လွန်ကဲတဲ့ လက်ဖက်ရည်၊ ကော်ဖီ၊ အချိုရည်များ၊

    – အရက်သေစာ၊

    – သကြားဓာတ်လွန်ကဲသော အစားအစာများ

    – လွန်ကဲစွာကြော်လှော်ထားသော အစားအစာများ

    – အဆင့်ဆင့်ပြုပြင်ထားသော အစားအစာများ စတာတွေပဲ ဖြစ်ပါတယ်။ အဆိုပါ အစားအစာများဟာ စိတ်ပိုင်းဆိုင်ရာရော ရုပ်ပိုင်းဆိုင်ရာကိုပါ ထိခိုက်စေတတ်ပါတယ်။

    …………………

    စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးအတွက် အာဟာရဓာတ်ပြည့်ဝတဲ့ အစားအသောက်တွေကို ရွေးချယ်စားသုံးတဲ့အပြင် လေ့ကျင့်ခန်းပုံမှန်ပြုလုပ်ခြင်း၊ နှစ်ခြိုက်စွာ အိပ်စက်နားယူခြင်း စတဲ့အလေ့အကျင့်တွေလည်း ပြုလုပ်သင့်ပါတယ်။

    Hello Health Groupသည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr. Thant Zin မှ ရေးသားသည်။ · 05/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement