backup og meta

ဆေးစွဲခြင်းရဲ့ နောက်ဆက်တွဲ ကျန်းမာရေးပြဿနာ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Phyo Wai Lynn


Aye Thi Mon မှ ရေးသားသည်။ · 13/01/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ဆေးစွဲခြင်းရဲ့ နောက်ဆက်တွဲ ကျန်းမာရေးပြဿနာ

    ဆေးစွဲခြင်းရဲ့ နောက်ဆက်တွဲ ကျန်းမာရေးပြဿနာ တွေ တော်တော်များများ ရှိပါတယ်။ ဆေးစွဲခြင်းက ပစ္စုပ္ပန် တည့်တည့်အတွက်လည်း မကောင်းသလို နောက်ပိုင်းမှာလည်း ဆိုးကျိုးတွေကို ပေးပါတယ်။ ဆေးစွဲတာက ဘဝတိုးတက်မှုကိုတင် အဟန့်အတား ဖြစ်စေတာ မဟုတ်ဘဲ စိတ်ရောကိုယ်ပါ ကျန်းမာရေးကို ထိခိုက်စေတာပါ။

    ပေါင်းသင်းဆက်ဆံရေးရော အလုပ်ခွင်မှာပါ ပြဿနာတွေ ဖြစ်စေနိုင်ပါတယ်။ အပျော်သဘေ ာကနေ စလုပ်မိရာက စိတ်မထိန်းနိုင်ပဲ ဆေးစွဲသွားတဲ့အခါ ရေရှည်မှာ ဘယ်လို ဆိုးကျိုးတွေ ရလာနိုင်မလဲ ဆိုတာကို ဒီဆောင်းပါးလေးထဲမှာ ဖတ်ကြည့်စေချင်ပါတယ်။

    ဆေးစွဲခြင်းရဲ့ နောက်ဆက်တွဲ ကျန်းမာရေးပြဿနာ

    ဆေးစွဲခြင်းရဲ့ နောက်ဆက်တွဲ ကျန်းမာရေးပြဿနာ များကတော့

    ဆေးစွဲခြင်းရဲ့ ကာလတို ပြဿနာ

    ဆေးစွဲတာက ကာလတိုမှာ အခုလို ပြဿနာလေးတွေ ရှိနိုင်ပါတယ်။

    • အစာစားချင်စိတ် မရှိတာ
    • အိပ်မပျော်တာ
    • နှလုံးခုန် မြန်တာ
    • စကားတွေ တောင်စဉ်ရေမရ ပြောတာ
    • စဉ်းစားတွေးခေါ်နိုင်စွမ်း ကျသွားတာ
    • ဆင်ခြင်တုံတရား နည်းသွားတာ
    • ပေါင်းသင်းဆက်ဆံရေး ပြဿနာ
    • အလုပ်လုပ်နိုင်စွမ်း ကျသွားတာ
    • တစ်ကိုယ်ရေ သန့်ရှင်းရေး အားနည်းတာ
    • ကိုယ်အလေးချိန် တအားကျသွားတာ
    • အရင်က စိတ်ဝင်စားခဲ့သမျှကို အာရုံမရတော့တာတွေ တွေ့ရနိုင်ပါတယ်။

    ဆေးစွဲတာရဲ့ ကာလရှည် ပြဿနာ

    ဆေးစွဲတာက အပေါ်မှာ ပြောခဲ့တဲ့ ကာလတို ပြဿနာတွေအပြင် စိတ်ဖိစီးတာ၊ စိုးရိမ်စိတ်များတာ၊ ရန်လိုစိတ်တိုလွယ်တာတွေခံစားရနိုင်ပါတယ်။ ဒါ့ပြင် အခုလို ကျန်းမာရေး ပြဿနာတွေကို ခံစားရနိုင်ပါတယ်။

    ကိုကင်းနဲ့ မက်သာဖတ်တမင်းတို့မှာပါတဲ့ စိတ်ကြွစေတတ်တဲ့ ဆေးတွေက နှလုံးနဲ့ နှလုံးသွေးကြောတွေကို ထိခိုက်စေနိုင်ပါတယ်။ ရေရှည်မှာ နှလုံးသွေးကြောဆိုင်ရာရောဂါ၊ ရုတ်တရက် နှလုံးရပ်တာမျိုးတွေ ခံစားရနိုင်ပါတယ်။

    ဆေးဝါးတွေကို ရှူရှိုက်တာ၊ ဆေးလိပ် အနေနဲ့ သောက်သုံးတာက အသက်ရှူလမ်းကြောင်းကို ထိခိုက်စေပြီး နာတာရှည် အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါ၊ အသက်ရှူလမ်းကြောင်း ပိုးဝင်တာတွေကို ခံစားရနိုင်ပါတယ်။

    အချိန် ကြာလာတာနဲ့အမျှ အဆုတ် ပျက်စီးပြီး အသက်အန္တရာယ် ရှိလာနိုင်ပါတယ်။

    ကျောက်ကပ် ကိုယ်တွင်းမှာ ပိုလျှံနေတဲ့ သတ္တုဓာတ်တွေ နဲ့ အညစ်အကြေးတွေကို ဆီးကနေ တဆင့် ခန္ဓာကိုယ် ပြင်ပကို စွန့်ထုတ်ပေးပါတယ်။ ဘိန်း၊ ကက်တမင်းတို့လိုမျိုး မူးယစ်ဆေးတွေက ကျောက်ကပ်ကို ထိခိုက် ပျက်စီးစေပါတယ်။

    ကျောက်ကပ်ရဲ့ လုပ်ဆောင်နိုင်စွမ်းကို ကျစေပြီး နောက်ဆုံးမှာ ကျောက်ကပ်က တာဝန်တွေကို မလုပ်ဆောင်နိုင်ဘဲ ပျက်စီးသည်အထိ ဖြစ်ရပါတယ်။

    ဆေးဝါးတွေ နဲ့ အရက်တွေကို အလွန်အကျွံ သုံးတာက အသည်းက ဆဲလ်တွေကို ထိခိုက်ပျက်စီး စေပါတယ်။ ဆေးတွေ သုံးစွဲတာက အသည်းရောင်တာ၊ အသည်းရွတ်နာ နဲ့ အသည်း ပျက်စီးသည်အထိ ဖြစ်နိုင်ပါတယ်။

    ဒါကြောင့်ပဲ ရှောင်လေဝေးဝေး မူးယစ်ဆေးလို့ ဆိုကြတာပေါ့။ ကိုယ့်ရဲ့ ကျန်းမာရေးရော တိုးတက်ရေးကိုပါ ထိခိုက်စေတဲ့ ဆေးစွဲခြင်းကို အစတောင် မပြုမိဘဲ ဝေးဝေးရှောင်ကြဖို့ အကြံပြုလိုက်ပါရစေနော်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Phyo Wai Lynn


    Aye Thi Mon မှ ရေးသားသည်။ · 13/01/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement