ကိုယ်အလေးချိန် လျင်မြန်စွာ ကျဆင်းသွားရင် ကြွက်သားများအားပျော့သွားခြင်း၊ ဇီဝဖြစ်ပျက်မှု နှေးသွားခြင်း စတာတွေ ကြုံလာနိုင်ပါတယ်။ အာဟာရချို့တဲ့ခြင်း၊ အိပ်မပျော်ခြင်း၊ သည်းခြေကျောက်တည်ခြင်းအပါအဝင် တခြားပြဿနာတွေ မျိုးစုံကြုံနိုင်ပါတယ်။
အရေပြားတွေ ပျော့တွဲသွားတာ၊ အကြောပြတ်ရာတွေပေါ်လာတာ ကြုံနိုင်ပါတယ်။ တခါတရံမှာ စိတ်ပိုင်းဆိုင်ရာကိုပါ အကျိုးသက်ရောက်မှု ဖြစ်စေပါတယ်။
ယုံတမ်းစကား ၃။ ကိုယ်အလေးချိန်လျှော့ရာမှာ ကယ်လိုရီအဝင်အထွက်ကိုပဲ ဂရုစိုက်ရမယ်
များသောအားဖြင့် အဝလွန်သူတွေ ကိုယ်အလေးချိန်လျှော့ချရာမှာ ကယ်လိုရီ အဝင်အထွက်ကိုပဲ အာရုံစိုက်ကြပါတယ်။ စားလိုက်တဲ့ ကယ်လိုရီထက် သုံးစွဲလိုက်တဲ့ ကယ်လိုရီက ပိုမိုလောင်ကျွမ်းရမယ်ဆိုတဲ့ အယူအဆဖြစ်ပါတယ်။
ကိုယ်အလေးချိန်လျှော့ရာမှာ ကယ်လိုရီဟာ အရေးကြီးတယ်ဆိုတာ မှန်ပါတယ်။ ဒါပေမယ့် ပရိုတိန်း၊ အဆီဓာတ်၊ ကာဘိုဟိုက်ဒရိတ် စတာတွေကလည်း အရေးကြီးပါတယ်။
စားလိုက်တဲ့ အစားအစာတွေဟာ ဟော်မုန်းတွေအပေါ် သက်ရောက်မှုရှိပါတယ်။ ဒီဟော်မုန်းတချို့ကပဲ ဘယ်အချိန်စားမလဲ၊ ဘယ်လောက်စားမလဲ ဆုံးဖြတ်ပေးတာ ဖြစ်ပါတယ်။ ဟော်မုန်းပြောင်းလဲခြင်းတချို့ဟာ ကိုယ်အလေးချိန် ပိုတက်စေပါတယ်။
အစားအစာတချို့ကတော့ ပိုပြီး ဗိုက်ပြည့်စေတဲ့ ခံစားချက်ကို ပေးပါတယ်။ ဇီဝဖြစ်ပျက်မှုကို မြန်ဆန်စေပါတယ်။ ကာဘိုဟိုက်ဒရိတ်ကို လျှော့စားပြီး အဆီဓာတ်နဲ့ ပရိုတိန်းကို ပိုစားပေးခြင်းဟာ ကယ်လိုရီကိုပဲ လျှော့တာထက်စာရင် ကိုအလေးချိန်ချရာမှာ ထိရောက်ပါတယ်။
ယုံတမ်းစကား ၄။ လျော့ကျသွားတဲ့ ကိုယ်အလေးချိန်ပမာဏဟာ အရေးအကြီးဆုံး အောင်မြင်မှုပဲ
ကိုယ်အလေးချိန်လျှော့ချရာမှာ ဘယ်လောက်ကျသွားပြီဆိုတာပဲ အာရုံစိုက်ခြင်းဟာ မထိရောက်လှပါဘူး။ စိတ်ပိုင်းဆိုင်ရာကိုလည်း ထိခိုက်ပျက်စီးစေတတ်ပါတယ်။
ဒီအတိုင်းအတာကိုပဲကြည့်နေရင် ကိုယ်အလေးချိန် အတက်အကျက သံသရာလည်နေမှာ ဖြစ်ပါတယ်။ စိတ်ဖိစီးခြင်း၊ စားသောက်ပုံမမှန်ခြင်း၊ မိမိကိုယ်ကို အားမရခြင်း စတာတွေ ဖြစ်လာနိုင်ပါတယ်။
ရေရှည်အောင်မြင်ဖို့အတွက်ဆိုရင် စားသောက်ပုံ၊ လေ့ကျင့်ခန်း စတာတွေပေါ် ပိုမိုအာရုံစိုက်ရမှာ ဖြစ်ပါတယ်။
တဆက်တည်း သွေးပေါင်ချိန်၊ အစားအစာရဲ့ အရည်အသွေး၊ မိမိကိုယ်ကို ယုံကြည်လေးစားမှု စတာတွေကိုပါ အလေးထားရပါမယ်။ ကိုယ်အလေးချိန်လျော့ကျရုံသက်သက်က အောင်မြင်မှု မဟုတ်ပါဘူး။
ယုံတမ်းစကား ၅။ အဝလွန်ခြင်းတွေ့ရများတဲ့ နေရာဒေသမှာ အသီးအရွက်တွေကို ပိုမိုလွယ်ကူစွာ ဝယ်ယူနိုင်အောင် စီမံထားသင့်တယ်။
အဝလွန်ခြင်းအတွေ့များတဲ့ နေရာဒေသ (သို့) အချိန်ကာလမှာ အသီးအနှံများ၊ အရွက်များကို ပိုမိုလွယ်ကူအောင်၊ လက်လှမ်းမီအောင် စီစဉ်ပေးထားခြင်းအားဖြင့် အဝလွန်ပြဿနာကို ဖြေရှင်းပေးနိုင်တယ်လို့ ယူဆကြပါတယ်။
တကယ်တော့ အစားအသောက်ကို ရွေးချယ်စားသောက်ရာမှာ စနစ်တကျ ရွေးချယ်စားသုံးနိုင်အောင် အသိဉာဏ်ပညာရေချိန်လည်း လိုပါတယ်။ ဒီအတွက် ပညာပေးအစီအစဉ်တွေပါ လုပ်ဆောင်ရမှာ ဖြစ်ပါတယ်။
များသောအားဖြင့် အဆင့်ဆင့်ပြုပြင်ထားတဲ့ အစားအသောက်များ သရေစာများကို ကုမ္ပဏီများဟာ ကြော်ငြာမျိုးစုံနဲ့ စားသုံးသူများ လက်လှမ်းမီအောင် ဆောင်ရွက်ထားကြပါတယ်။ ဒါကြောင့် ကျန်းမာရေးနဲ့ ညီညွတ်ပြီး လတ်ဆတ်တဲ့ အသီးအရွက် အစားအသောက်များကို ပိုမိုစားသုံးဖို့ လူထုကို ဆွဲဆောင်ဖို့ဟာ စိန်ခေါ်မှုတခု ဖြစ်ပါတယ်။ လူထုကို ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအသောက်တွေ ရွေးချယ်စားသုံးနိုင်ဖို့ ပညာပေး အစီအစဉ်များ တိုးမြှင့်လုပ်ဆောင်ခြင်းက အဓိကကျပါတယ်။
………………………….
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။