backup og meta

အပင်များမှ မရနိုင်သော အာဟာရဓာတ် ၇ မျိုးအကြောင်း


Dr. Thant Zin မှ ရေးသားသည်။ · 21/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အပင်များမှ မရနိုင်သော အာဟာရဓာတ် ၇ မျိုးအကြောင်း

    သက်သတ်လွတ်စားခြင်းဟာ ကောင်းတဲ့အလေ့အထတစ်မျိုး ဖြစ်ပါတယ်။ ကိုယ်အလေးချိန် များခြင်း၊ နှလုံးရောဂါ၊ ကင်ဆာအမျိုးအစားတချို့ စတာတွေကို ဖြစ်နိုင်ခြေ လျော့ကျစေပါတယ်။

    ဒါပေမယ့် အာဟာရဓာတ်တချို့ကိုတော့ အပင်များက ထုတ်လုပ်ထားတဲ့ အစားအစာတွေမှာ လုံလောက်တဲ့ပမာဏ တွေ့ရှိနိုင်ဖို့ ခက်ပါတယ်။ ဒါကြောင့် အပင်များက ထုတ်လုပ်ထားတဲ့ အစားအစာများကိုသာ စားသုံးသူများအဖို့ အာဟာရဓာတ်အချို့ လိုအပ်ခဲ့ရင် ဖြည့်စွက်စာများ အနေနဲ့ စားပေးဖို့ လိုအပ်ပါတယ်။

    ယခုဆက်လက်ဖော်ပြမှာကတော့ အပင်များကနေ မရရှိနိုင်တဲ့ အာဟာရဓာတ်များအကြောင်း ဖြစ်ပါတယ်။

    ၁။ ဗီတာမင် B12

    ဗီတာမင် B12 ကို အသားငါး အမျိုးမျိုး၊ နို့ထွက်ပစ္စည်းများ၊ ဥအမျိုးမျိုး စတာတွေပဲ အများဆုံး တွေ့နိုင်ပါတယ်။ ဗီတာမင် B12 ဟာ သွေးနီဥဆဲလ်များ ထုတ်လုပ်ရာမှာနဲ့ ဦးနှောက်နဲ့ အာရုံကြော လုပ်ငန်းတွေကို ပုံမှန်ထိန်းသိမ်းပေးရာမှာ အရေးပါပါတယ်။ အသားမစားသူတွေမှာ ဗီတာမင် B12 နည်းပါးတတ်ပါတယ်။ ဗီတာမင် B12 ချို့တဲ့ခြင်းကြောင့် ပင်ပန်းနွမ်းနယ်ခြင်း၊ အာရုံကြောပြဿနာများ၊ စိတ်ပိုင်းဆိုင်ရာ ပြဿနာများ စတာတွေ ကြုံနိုင်ပါတယ်။

    ဗီတာမင် B12 အနည်းငယ်ပါဝင်တဲ့ အပင်ထွက် အစားအစာတချို့ကတော့ ပင်လယ်ရေညှိ၊ ပဲပိစပ်မှ အချဉ်ဖောက်ထားသော အစားအစာများ စတာတွေ ဖြစ်ပါတယ်။

    ၂။ ခရီအက်တနင်း (Creatine)

    ခရီအက်တနင်းဟာ အသားငါးတွေဆီမှာပဲ တွေ့ရတဲ့ မော်လီကျူးတစ်မျိုး ဖြစ်ပါတယ်။ ကြွက်သား၊ ဦးနှောက် စတာတွေထဲမှာ ရှိပါတယ်။ ကြွက်သားဆဲလ်များအတွက် စွမ်းအင်အနေနဲ့ တာဝန်ထမ်းဆောင်ပါတယ်။ ဒါကြောင့် ခရီအက်တနင်း ဖြည့်စွက်အားဆေးတွေကို ကြွက်သားများ ထုထည်ကြီးပြီး သန်မာလိုသူများ သောက်သုံးကြပါတယ်။ ခရီအက်တနင်းဟာ အသည်းကနေလည်း ထုတ်လုပ်နိုင်ပါတယ်။ ဒါပေမယ့် အသားမစားသူတွေရဲ့ ကြွက်သားတွေထဲမှာတော့ ခရီအက်တနင်း ပမာဏ နည်းပါးတာကို တွေ့ရပါတယ်။

    ၃။ ကာနိုဆင်း (Carnosine)

    ကာနိုဆင်း ဟာ လူနဲ့တိရစ္ဆာန်များရဲ့ ကြွက်သားနဲ့ ဦးနှောက်ထဲမှာ သိပ်သည်းစွာ ပါဝင်ပါတယ်။ ကြွက်သားများရဲ့ လုပ်ငန်းတာဝန်တွေအတွက် အရေးကြီးပါတယ်။ ကာနိုဆင်းပမာဏများရင် ကြွက်သားများ အားအင်ချည့်နဲ့ခြင်းကို သက်သာစေပြီး ပိုမိုလှုပ်ရှားနိုင်ပါတယ်။ ကာနိုဆင်းကိုလည်း လူ့ကိုယ်ခန္ဓာထဲမှာ ထုတ်လုပ်နိုင်လို့ မဖြစ်မနေ သုံးစွဲဖို့လိုတဲ့ အာဟာရဓာတ်တော့ မဟုတ်ပါဘူး။

    ဒါပေမယ့် အသားမစားသူတွေမှာ ကာနိုဆင်းဓာတ် နည်းပါးတာကို တွေ့ရပါတယ်။ ကာနိုဆင်းကိုလည်း ဖြည့်စွက်ဓာတ်စာများအနေနဲ့ ရနိုင်ပါတယ်။

    ၄။ ဗီတာမင် D3 (Cholecalciferol)

    ဗီတာမင် D ဟာ မရှိမဖြစ်အရေးပါတဲ့ ဗီတာမင်ဖြစ်ပါတယ်။ နေရောင်နဲ့ လူ့အရေပြားထိတွေ့ရာကတစ်ဆင့် ဗီတာင်မင် D ထုတ်လုပ်ပါတယ်။

    ဗီတာမင် D3 ကြွယ်ဝတဲ့ အကောင်းဆုံး အစားအစာများကတော့ အဆီဓာတ်များတဲ့ ငါးများနဲ့ ကြက်ဥအနှစ် ဖြစ်ပါတယ်။ နို့အမျိုးမျိုးကနေလည်း ရနိုင်ပါတယ်။ ဗီတာမင် D ချို့တဲ့ရင် အရိုးပွခြင်း၊ နှလုံးရောဂါ၊ စိတ်ကျခြင်း၊ ဦးနှောက်လုပ်ငန်းတာဝန် ပုံမမှန်ခြင်း၊ ကြွက်သားများသေးသိမ်ခြင်း စတာတွေ ဖြစ်တတ်ပါတယ်။

    ၅။ Docosahexaenoic အက်ဆစ် (DHA)

    DHA ဆိုတာ omega 3 ဖက်တီးအက်ဆစ်ဖြစ်ပြီး ဦးနှောက်ရဲ့ ပုံမှန်လုပ်ငန်းတာဝန်တွေအတွက် လိုအပ်ပါတယ်။ DHA ချို့တဲ့ရင် စိတ်ကျန်းမာရေးနဲ့ ဦးနှောက်လုပ်ငန်းတွေမှာ အနှောက်အယှက် ဖြစ်စေပါတယ်။ အထူးသဖြင့် ကလေးငယ်တွေမှာ ဖြစ်ပါတယ်။ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေမှာ DHA နည်းရင် ကလေးရဲ့ ဦးနှောက်ဖွံ့ဖြိုးမှုကို ထိခိုက်နိုင်ပါတယ်။

    ၆။ Heme သံဓာတ်

    Heme သံဓာတ်ကို အသားတွေမှာပဲ တွေ့ရပါတယ်။ အထူးသဖြင့် အနီရောင်ရှိတဲ့ အသားများ (အမဲသား၊ သိုးသား၊ ဝက်သား) စတာတွေ ဖြစ်ပါတယ်။ အပင်များမှာတွေ့ရတဲ့ non-heme သံဓာတ်ထက် ပိုပြီး ကိုယ်ခန္ဓာကနေ စုပ်ယူနိုင်ပါတယ်။ ဒါ့အပြင် heme သံဓာတ်ဟာ အပင်များကရရှိတဲ့ non-heme သံဓာတ်ကိုပါ စုပ်ယူမှု ပိုကောင်းစေပါတယ်။ သံဓာတ်အားနည်းခြင်းမဖြစ်ရအောင် အကျိုးပြုပါတယ်။

    ၇။ တော်ရင်း (Taurine)

    တော်ရင်းဟာ ဆာလ်ဖာဒြပ်ပေါင်းတစ်မျိုးဖြစ်ပြီး ကြွက်သားများ လှုပ်ရှားခြင်း၊ သည်းခြေဖြစ်ပေါ်ခြင်း၊ ဓာတ်တိုး ဆန့်ကျင်ပစ္စည်းများ လုပ်ဆောင်ခြင်း စတာတွေအတွက် အရေးပါပါတယ်။ တော်ရင်းကို ငါးအမျိုးမျိုး၊ ပင်လယ်စာအမျိုးမျိုး၊ ကြက်၊ ဘဲ၊ နို့ထွက်ပစ္စည်းများ၊ အသားအမျိုးမျိုး စတာတွေမှာ တွေ့ရပါတယ်။ အသားမစားသူတွေမှာ တော်ရင်းကို တွေ့ရနည်းပါတယ်။

    သတိပြုရန်

    အသားမစားခြင်းဟာ ကောင်းတဲ့ အလေ့အထတစ်ခုဖြစ်ပေမယ့် အသားငါးများကသာ ရရှိနိုင်တဲ့ အာဟာရဓာတ်တွေကိုတော့ မရနိုင်ပါဘူး။ ဒါကြောင့် လိုအပ်ရင် ဖြည့်စွက်စာများ၊ ဆေးဝါးများ သုံးစွဲသင့်ပါတယ်။ နားလည်တတ်ကျွမ်းသူ ပညာရှင်များနဲ့ တိုင်ပင်သင့်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr. Thant Zin မှ ရေးသားသည်။ · 21/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement