backup og meta

ဗီတာမင်ဒီ လွန်ကဲရင် ဘာတွေဖြစ်မလဲ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 01/12/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ဗီတာမင်ဒီ လွန်ကဲရင် ဘာတွေဖြစ်မလဲ

    ဗီတာမင်ဒီ လွန်ကဲရင် ဘာတွေဖြစ်မလဲ ….. ဗီတာမင်ဒီဟာ ကျန်းမာရေးအတွက် အလွန်အရေးကြီးလှပါတယ်။ ကိုယ်ခန္ဓာရဲ့ ဆဲလ်တွေ သူတို့ရဲ့ လုပ်ငန်းတာဝန်တွေကို ပုံမှန်လည်ပတ်နိုင်စေဖို့် မရှိမဖြစ် လိုအပ်ပါတယ်။ အထူးသဖြင့် အရိုးများ သန်မာကြီးထွားဖို့ လိုအပ်ပါတယ်။ အရိုးများဖွဲ့စည်းရာမှာ ကယ်လ်ဆီယမ်ဓာတ်ကို စုပ်ယူပေးပါတယ်။ ကိုယ်ခံအားမြှင့်တင်ခြင်း၊ အရိုး ကြွက်သားများနဲ့ နှလုံး ကျန်းမာရေးကို မြှင့်တင်ခြင်း စတဲ့နေရာတွေမှာ အသုံးဝင်ပါတယ်။ ဒါပေမယ့် ဗီတာမင်ဒီ အလွန်အမင်း များပြားသွားရင်တော့ မလိုလားအပ်တဲ့ ဘေးထွက်ဆိုးကျိုးတွေ ဖြစ်ပေါ်လာနိုင်ပါတယ်။

    ဒီဆောင်းပါးမှာ ဆက်လက်ဖော်ပြမှာကတော့ ဗီတာမင်ဒီ လွန်ကဲတဲ့အခါ ဖြစ်ပေါ်လာနိုင်မယ့် ပြဿနာတွေပဲ ဖြစ်ပါတယ်။

    ဗီတာမင်ဒီကိုမှာ D2 ဆိုပြီး D3 ဆိုပြီး ခွဲခြားနိုင်ပါသေးတယ်။ D3 ကို နေရောင်ခြည်နဲ့ အသားစားရာကနေ ရနိုင်ပြီး D2 ကိုတော့ အပင်တွေမှာ ဖွဲ့စည်းတာပါတယ်။ သွေးထဲမှာ ဗီတာမင် D3 ဟာ D2 ထက် ပိုမိုမြင့်မားတာကို တွေ့မြင်ရပါတယ်။

    ဗီတာမင် D3 ကို အချိန်ကြာမြင့်စွာ ပမာဏများများ သောက်သုံးရင် ကိုယ်ခန္ဓာထဲမှာ ဗီတာမင်ဒီများ အလွန်အကျွံစုဝေးလာပါတယ်။ ဗီတာမင်ဒီဟာ သွေးထဲမှာ 150 ng/ml (375 nmol/l) ထက် မြင့်မားလာရင် အဆိပ်အတောက်ဖြစ်တဲ့ ပမာဏကို ရောက်လာနိုင်ပါတယ်။ ဗီတာမင်ဒီဟာ အဆီထဲမှာ သိုလှောင်ထားတာမို့ သွေးကြောထဲကို ဖြည်းညင်းစွာပဲ ထုတ်လွှတ်ပါတယ်။ ဒါကြောင့်မို့ ဗီတာမင်ဒီ ဖြည့်စွက်စာတွေကို ရပ်တန့်လိုက်ရင်တောင် ဗီတာမင်ဒီအဆိပ်သင့်မှုဟာ လပေါင်းများစွာ ကြာနေတတ်ပါတယ်။

    ဗီတာမင်ဒီ လွန်ကဲရင် ဘာတွေဖြစ်မလဲ

    ဗီတာမင်ဒီ လွန်ကဲရင် ဘာတွေဖြစ်မလဲ ဆိုတော့

    ၁။ သွေးတွင်းပမာဏ မြင့်မားခြင်း

    သွေးထဲမှာ ဗီတာမင်ဒီပမာဏ လုံလောက်စွာ ရှိနေခြင်းဟာ ကိုယ်ခံအားကို ကောင်းစေပြီး အရိုးပွခြင်း၊ ကင်ဆာ စတဲ့ရောဂါတွေကနေ အတိုင်းအတာတခုအထိ ကာကွယ်နိုင်ပါတယ်။ ဒါပေမယ့် လွန်ကဲသွားရင်တော့ မကောင်းပါဘူး။ သွေးတွင်းပါဝင်မှု 100 ng/ml (250 nmol/l) ထက် ကျော်လွန်ရင် ဘေးဥပါဒ်ဖြစ်စေပါတယ်။ ဗီတာမင်ဒီ လွန်ကဲခြင်းကြောင့် ပင်ပန်းနွမ်းနယ်ခြင်း၊ မေ့လွယ်ခြင်း၊ ပျို့အန်ခြင်း၊ စကားမပီခြင်း စတဲ့ပြဿနာတွေ ကြုံတွေ့ရကြောင်း ဆိုထားပါတယ်။

    ၂။ သွေးတွင်းကယ်လ်ဆီယမ်ပမာဏ မြင့်မားခြင်း

    ဗီတာမင်ဒီဟာ သင်စားတဲ့ အစားအသောက်ကနေ ကယ်လ်ဆီယမ်ဓာတ်ကို ရရှိအောင် ဆောင်ရွက်ပေးပါတယ်။ သွေးထဲမှာ ရှိသင့်တဲ့ ကယ်လ်ဆီယမ်ပမာဏကတော့ 8.5–10.2 mg/dl (2.1–2.5 mmol/l) ဖြစ်ပါတယ်။ ဗီတာမင်ဒီ လွန်ကဲသွားရင်တော့ ကယ်လ်ဆီယမ်ပမာဏဟာလည်း မလိုလားအပ်တဲ့ ပမာဏကို မြင့်တက်သွားနိုင်ပါတယ်။ သွေးထဲမှာ ကယ်လ်ဆီယမ်ဓာတ် မြင့်တက်သွားရင် အောက်ပါလက္ခဏာတွေ တွေ့နိုင်ပါတယ်။

    – ပျို့အန်ခြင်း၊ အစာအိမ်အောင့်ခြင်း

    – ပင်ပန်းနွမ်းနယ်ခြင်း၊ မူးဝေခြင်း၊ စိတ်ရှုပ်ထွေးဝေခွဲမရခြင်း

    – ရေအလွန်ငတ်ခြင်း

    – ဆီးမကြာခဏသွားခြင်း

    သုတေသနစာစောင်တခုမှာ ဗီတာမင်ဒီ ဖြည့်စွက်စာတွေ စားသုံးတာကြောင့် အမျိုးသားနှစ်ဦးဟာ သွေးတွင်းကယ်လ်ဆီယမ်ဓာတ် 13.2–15 mg/dl (3.3–3.7 mmol/l) ထိ ရောက်ရှိသွားကြောင်း ဖော်ပြထားပါတယ်။ သူတို့ရဲ့ သွေးတွင်းကယ်လ်ဆီယမ်ပမာဏ ပုံမှန်ပြန်ရောက်ဖို့ တနှစ်ခန့်ကြာကြောင်း ဖော်ပြထားပါတယ်။

    ၃။ ပျို့အန်ခြင်း၊ အစားအသောက်ပျက်ခြင်း

    ဗီတာမင်ဒီရဲ့ ဘေးထွက်ဆိုးကျိုးအနည်းအများဟာ သွေးတွင်းကယ်လ်ဆီယမ် ပမာဏနဲ့ ဆက်စပ်နေပါတယ်။ အထူးသဖြင့် ပျို့တက်ခြင်း၊ အန်ခြင်း၊ အစားပျက်ခြင်း စတာတွေပဲ ဖြစ်ပါတယ်။ သုတေသနစာစောင်တခုမှာ ဖော်ပြချက်အရ အမျိုးသမီးတဦးဟာ ဗီတာမင်ဒီကို လွန်ကဲစွာ သုံးစွဲမှုကြောင့် သွေးတွင်းကယ်လ်ဆီယမ်ဓာတ် မြင့်တက်ပြီး ပျို့တက်ခြင်း၊ ကိုယ်အလေးချိန်ကျဆင်းခြင်း စတာတွေကြုံတွေ့ရတယ်လို့ သိရပါတယ်။

    ၄။ အစာအိမ်အောင့်ခြင်း၊ ဝမ်းချုပ်ခြင်း၊ ဝမ်းပျက်ခြင်း

    ဖော်ပြပါ အစာအိမ်နဲ့အူလမ်းကြောင်း ပြဿနာတွေဟာ အူလမ်းကြောင်းထိခိုက်လွယ်သူများ ကြုံရတတ်တဲ့ အခြေအနေတွေ ဖြစ်ပါတယ်။ ဒါ့အပြင် ဗီတာမင်ဓာတ်လွန်ကဲခြင်းကြောင့် သွေးတွင်းကယ်လ်ဆီယမ်မြင့်တက်ပြီး ဖြစ်ပေါ်လာတဲ့ လက္ခဏာတွေ ဖြစ်နိုင်ပါတယ်။ ဗီတာမင်ဒီ ဖြည့်စွက်စာတွေကို လွန်ကဲစွာ သုံးစွဲသူတွေမှာ တွေ့ရတတ်ပါတယ်။

    ၅။ အရိုးများပျက်စီးခြင်း

    ဗီတာမင်ဒီဟာ အရိုးဆဲလ်တွေရဲ့ ဇီဝဖြစ်ပျက်မှုမှာ အရေးပါတဲ့နေရာက ပါဝင်ပါတယ်။ အရိုးများသန်မာစေဖို့ ဗီတာမင်ဒီ လုံလောက်စွာ ရရှိဖို့ လိုအပ်ပါတယ်။ ဒါပေမယ့် ဗီတာမင်ဒီ လွန်ကဲခြင်းဟာလည်း အရိုးများကို ထိခိုက်စေပါတယ်။ ဗီတာမင်ဒီ လွန်ကဲတဲ့အခါ သွေးထဲမှာ ဗီတာမင် K2 ကို လျော့နည်းစေပါတယ်။ အဆိုပါ ဗီတာမင် K2 ရဲ့ အဓိကတာဝန်ဟာ အရိုးထဲက ကယ်လ်ဆီယမ်ဓာတ်တွေကို ထိန်းသိမ်းပေးဖို့ ဖြစ်ပါတယ်။ ဒါကြောင့် ဗီတာမင်ဒီ လွန်ကဲစွာသုံးစွဲရာကနေ ဗီတာမင် K2 လျော့ကျမသွားအောင် ထိန်းသိမ်းရမှာ ဖြစ်ပါတယ်။

    ၆။ ကျောက်ကပ်ပျက်စီးခြင်း

    ဗီတာမင်ဒီ စားသုံးမှုများပြားခြင်းဟာ ကျောက်ကပ်ကို ထိခိုက်စေပါတယ်။ ဗီတာမင်ဒီကို ထိုးဆေးအနေနဲ့ အသုံးပြုဖူးသူတွေမှာ ကယ်လ်ဆီယမ်မြင့်တက်ပြီး ကျောက်ကပ်ပါ ပျက်စီးကြောင်း တွေ့ရပါတယ်။ ဗီတာမင်ဒီ လွန်ကဲသူတွေမှာလည်း ကျောက်ကပ်ထိခိုက်မှု အနည်းနဲ့ အများ ဖြစ်နိုင်ကြောင်း တွေ့ရှိရပါတယ်။

    သတိပြုဖွယ်ရာ

    ဗီတာမင်ဒီဟာ ကျန်းမာရေးအတွက် အရေးကြီးလှပါတယ်။ ကျန်းမာရေးနဲ့ညီညွတ်တဲ့ စားသောက်မှုပုံစံကို လိုက်နာပြီး ရှိသင့်တဲ့ ပမာဏရောက်အောင် ထိန်းသိမ်းထားနိုင်ပါတယ်။ တနေ့ကို 4000 IU ခန့်ရရှိရင် လုံလောက်ပါတယ်။ ဒါပေမယ့် လိုတာထက် ပိုမိုလွန်ကဲစွာ စားသုံးရင်တော့ ကျန်းမာရေးကို ထိခိုက်လာနိုင်ပါတယ်။ ဗီတာမင်ဒီ ဖြည့်စွက်စာတွေကို စားသုံးနေတဲ့အပြင် ဒီဆောင်းပါးမှာ ပါဝင်တဲ့ လက္ခဏာတွေ တွေ့ရှိနေရရင် နားလည်တတ်ကျွမ်းသူများနဲ့ တိုင်ပင်သင့်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Aye Thi Mon


    Aye Thi Mon မှ ရေးသားသည်။ · 01/12/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement