backup og meta

မှို အစားမှားလို့ အဆိပ်သင့်ကြသူများ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Yun Sandi Nan Mon မှ ရေးသားသည်။ · 14/06/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    မှို အစားမှားလို့ အဆိပ်သင့်ကြသူများ

    မှို ရဲ့ နူးညံ့ပြီး ချိုတဲ့အရသာက လူကိုစွဲလမ်းစေပါတယ်။ ကောက်ရိုးမှို၊ အပ်မှိုတို့ကို သိပ်ကြိုက်ကြသလို နိုင်ငံခြားဖြစ်မှိုအမျိုးအစားတွေကိုလည်း စျေးကြီးပေး ဝယ်စားတတ်တာပဲ ကြည့်။ ဒါတွေအားလုံးက စားလို့ရတဲ့ မှိုအမျိုးအစားတွေမို့ ဘေးကင်းပါတယ်။ ဒါပေမဲ့လည်း နှစ်တိုင်း မိုးရာသီ မှိုပေါချိန်ရောက်ရင် မှို အစားမှားလို့ ဒုက္ခရောက်သူတွေ ရှိနေပါသေးတယ်။

    ဒါကြောင့် အိမ်နားတဝိုက်မှာ ပေါက်တာဖြစ်ဖြစ်၊ ခရီးသွားရင်းလမ်းမှာတွေ့တာဖြစ်ဖြစ်၊ တောထဲမှာတွေ့တာဖြစ်ဖြစ် ကိုယ်မသိတဲ့ မှိုအမျိုးအစားတွေကို ရမ်းသမ်းမစားလိုက်ဖို့ အရေးကြီးပါတယ်။ အဆိပ်အတောက်ရှိလို့ မစားသင့်တဲ့ မှိုတွေကို စားလိုက်မိတယ်ဆို ဒုက္ခရောက်ရပါလိမ့်မယ်။

    ဒါ့ကြောင့် မှိုဟင်းတစ်ခွက်ကလည်း ကိုယ့်အတွက် နောက်ဆုံးထမင်းတစ်နပ် ဖြစ်သွားနိုင်တယ်လို့ ကျန်းမာရေးပညာရှင်တွေက သတိပေးကြတာပါ။

    မှို အစားမှားလို့ အဆိပ်သင့်ကြသူများ

    အဆိပ်အတောက်ရှိတဲ့ မှိုတွေကို စားမိရင် ဖြစ်လာနိုင်တဲ့အဆိပ်သင့်ခြင်းက အဆင့်သုံးဆင့်ရှိပါတယ်။

    • စားပြီး ၂၄ နာရီအတွင်း ဗိုက်အောင့်ဗိုက်နာတာ၊ မအီမသာဖြစ်တာ၊ ပျို့အန်တာ၊ ဝမ်းပျက်ဝမ်းလျှောတာ စတဲ့ လက္ခဏာတွေ စပြလာမှာက ပထမအဆင့်ပါ။
    • အဲဒီနောက် ခဏငြိမ်သွားတာကို အကုန်သက်သာသွားပြီလို့ မှားယွင်းထင်မှတ်စေတဲ့ အဆင့်ပါ။
    • စားပြီး ၄၈ နာရီလောက် အကြာ နောက်ဆုံးအဆင့်မှာတော့ အသည်း စတင်ပျက်စီးစေပြီး ကိုယ်တွင်းအင်္ဂါများစွာ ပျက်စီးရတာ၊ အသက်ဆုံးရှုံးရတာတွေအထိ ဖြစ်သွားနိုင်ပါတယ်။ အဆိပ်သင့်မှု အတိုင်းအတာဟာ မှို ရဲ့ အဆိပ် ပြင်းထန်မှု၊ စားသုံးလိုက်တဲ့ ပမာဏ တို့ကိုလည်း မူတည်ပြီး ကွာခြားနိုင်ပါတယ်။

    သတိထားရမယ့် နောက်တစ်ချက်က စားနေကျ မှို အမျိုးအစားကိုပဲ ရက်လွန်ပျက်စီးနေတာတွေ စားမိရင် အစာအဆိပ်သင့်ခြင်း ဖြစ်စေနိုင်ပါတယ်။

    ဘယ်လို လက္ခဏာတွေ ဖြစ်လာမှာလဲ

    မှိုအဆိပ်သင့်တဲ့အခါ အများအားဖြင့် ဖြစ်လာတတ်တဲ့ လက္ခဏာတွေက –

    • ဗိုက်နာ၊ ဗိုက်အောင့်တာ၊
    • ချွေးစေးတွေ ပြန်တာ၊
    • မအီမသာ၊ ပျို့အန်တာ၊
    • ဝမ်းလျှောတာ၊
    • အဖျားတက်တာ၊
    • သတိလစ် မေ့မြောတာ၊
    • ခေါင်းမူး၊ ခေါင်းကိုက်တာ၊
    • အမြင်အာရုံ ဝေဝါး လာတာ၊
    • အာရုံ ထင်ယောင်ထင်မှား ဖြစ်တာ၊
    • အသက်ရှူရခက်လာတာ၊
    • ရေ တအားငတ်လာတာ တွေ ပါဝင်ပါတယ်။

    မှို အစားမှားလို့ အဆိပ်သင့်တဲ့အခါ ရေးပေါ် ဘယ်လိုကုသရမလဲ

    မှိုအဆိပ်သင့်မှု အများစုက အသက်အန္တရာယ်အထိ မဖြစ်တတ်ပေမယ့်လည်း ကုသမှုတော့ လိုအပ်ပါတယ်။ ဆိုလိုတာက အိမ်တွင်းကုထုံးတွေနဲ့ ကြိတ်ကုသလို့ မရပါဘူး။ အသည်းကို ထိခိုက်နေပြီဆိုတာ ကိုယ်မသိတဲ့အခါ ခဏ သက်သာသွားပေမယ့် နောက်ဆက်တွဲ ပြဿနာတွေ ပိုဆိုးနိုင်ပါတယ်။

    ဒါ့ကြောင့် နီးစပ်ရာကျန်းမာရေးဌာနကို အမြန်ဆုံး သွားရောက် ကုသရမှာပါ။ အိမ်မှာပဲ ကြိတ်ကုမနေဘဲ လူနာကို ဆေးရုံ၊ ဆေးခန်းကိုသာ အမြန်ဆုံး ရောက်အောင် ပို့ပါ။

    သတိထားကြဖို့

    မှိုတွေက အရသာရှိတာ မှန်ပေမယ့် စျေးကွက်ထဲ တရားဝင် ရောင်းချတဲ့ မှိုတွေက လွဲပြီး အမျိုးအစား မသိတဲ့မှို၊ စားနေကျ မဟုတ်တဲ့ မှို၊ ဟိုနားဒီနား ပေါက်လာတဲ့မှို တွေကို လုံးဝ မစားသင့်ပါဘူးနော်။ မှိုခြေကျင်းတို့၊ မှို‌အောက်ခြေမှာ ခွက်လေးတွေ ပါနေတာတို့၊ အရောင်ဆန်းဆန်း မှိုလေးတွေ၊ ဖိချေလိုက်လို့ အရောင်ပြောင်းသွားတဲ့ မှိုလေးတွေက အဆိပ်ရှိတတ်တာများလို့ မစားသင့်ပါဘူး။ ဒီအချက်တွေ မရှိတောင် အဆိပ်ဖြစ်စေနိုင်တဲ့ မှိုတွေ ရှိသေးတာကြောင့် ကိုယ်စားနေကျ မဟုတ်ရင် မစားပါနဲ့။

    အစားတလုတ်ကြောင့် အသက်မဆုံးရှုံးရစေဖို့ ဒီဆောင်းပါးနဲ့ သတိပေးလိုက်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Yun Sandi Nan Mon မှ ရေးသားသည်။ · 14/06/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement