backup og meta

ကိုယ့်ကိုယ်ကိုယ်ရော အဆီချဖို့လိုတယ်လို့ ထင်နေပြီလား


Ye Myo Myat မှ ရေးသားသည်။ · 20/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ဒီဘတ်ခေတ်မှာ မိန်းကလေးတွေ တော်တော်များများ ဘာလို့ အဆီချဖို့ အပြင်းအထန်ကြိုးစားနေကြတာလဲ။ အဓိကကတော့ လှချင်လို့ပဲပေါ့။ ပိန်မှလှမယ်လို့ ထင်နေတဲ့ လူပတ်ဝန်းကျင်ရဲ့ ထင်မြင်ယူဆချက်တွေဟာ သူတို့တွေရဲ့ စိတ်အာရုံကို လွှမ်းမိုးသွားတဲ့အခါ ငါဝနေရင် မလှတော့ဘူးဆိုတဲ့ အားငယ်စိတ်ေတွ ဝင်လာတတ်တာ သဘာဝပါပဲ။ အဲ့တော့ ဒီနေ့ဆောင်းပါးမှာ သင် အဆီချဖို့ လိုအပ်လား၊ မလိုအပ်ဘူးလားဆိုတာကို ပြောပြပေးမှာ ဖြစ်ပါတယ်။

    လူတစ်ယောက်မှာ ပျမ်းမျှ ကိုယ်အလေးချိန်ဘယ်လောက်ရှိသင့်လဲ။

    ကိုယ်အလေးချိန် လူတစ်ယောက် ဝတယ်၊ မဝဘူး၊ ကျန်းမာတဲ့ ကိုယ်အလေးချိန်ရှိလားဆိုတာကို Body Mass Index – BMI နဲ့ တွက်ဆလို့ ရပါတယ်။ ဥပမာအားဖြင့်

    • ပုံမှန်အရပ် ၅ပေ ၉လက်မ ရှိတဲ့ အမျိုးသားတစ်ယောက်

    ကျန်းမာသော ကိုယ်အလေးချိန် = ၁၂၁ – ၁၆၃ ပေါင်၊ BMI ၁၈.၅ – ၂၄.၉

    ကိုယ်အလေးချိန် များနေရင် = ၁၆၄ – ၁၉၅ ပေါင်၊ BMI ၂၅ – ၂၉.၉

    အဝလွန်နေရင် = ၁၉၆ ပေါင်နဲ့အထက်၊ BMI ၃၀နဲ့ အထက်လို့ သတ်မှတ်ပြီး

    • ပုံမှန်အရပ် ၅ပေ ၄လက်မ ရှိတဲ့ အမျိုးသမီးတစ်ယောက်

    ကျန်းမာသော ကိုယ်အလေးချိန် = ၁၀၈ – ၁၄၄ ပေါင်၊ BMI ၁၈.၅ – ၂၄.၉

    ကိုယ်အလေးချိန်များနေရင် = ၁၄၅ – ၁၇၃ ပေါင်၊ BMI ၂၅ – ၂၉.၉

    အဝလွန်ေနရင် = ၁၇၄ ပေါင်နဲ့အထက်၊ BMI ၃၀ နဲ့ အထက်လို့ သတ်မှတ်လို့ ရပါတယ်။

    ဘယ်လိုအခြေအနေမှာ အဆီချဖို့ လိုအပ်နေပြီလဲ။

    အဆီချတယ်ဆိုတာ တကယ်တော့ အလှအပရေးရာအတွက်သာမက ကိုယ့်ရဲ့ ကျန်းမာရေးနဲ့ ကိုယ်ခန္ဓါကြွက်သားထုကို ပိုမိုကောင်းမွန်သော ပြောင်းလဲခြင်းတွေ ဖြစ်စေဖို့ တစ်နေ့တာ နေထိုင်စားသောက်တဲ့ပုံစံကို ပြင်ဆင်တာဖြစ်ပါတယ်။ အမျိုးသားဖြစ်စေ၊ အမျိုးသမီးဖြစ်စေ သတ်မှတ်ထားတဲ့ ကျန်းမာသောကိုယ်အလေးချိန်ထက် များနေပြီဆိုရင် အဆီချဖို့ လိုအပ်ပါတယ်။ အထူးသဖြင့် အဝလွန်တဲ့အခြေအနေမှာတော့ ပိုပြီးတောင် ကိုယ့်ရဲ့ခန္ဓါကိုယ်ကို ဂရုစိုက်ဖို့ လိုအပ်နေပါပြီ။

    ကိုယ်ထဲမှာ အဆီပိုတွေများပြီး အဝလွန်နေပြီဆိုရင် ဆီးချိုရောဂါ၊ သွေးတိုးရောဂါတွေ၊ နှလုံးသွေးကြောကျဉ်းရောဂါတွေအပြင် ကင်ဆာရောဂါတွေအထိပါ ဖြစ်နိုင်ခြေ များလာနိုင်တယ်နော်။ ဒါကြောင့် အလှအပတစ်ခုတည်းကို မကြည့်ဘဲ ကိုယ်တိုင်က အသက်ရှည်ရှည်နဲ့ ရောဂါဘယကင်းဝေးပြီး သက်တမ်းစေ့နေထိုင်လိုတယ်ဆိုရင်တော့ အဆီချမယ်၊ ကျန်းမာတဲ့ ကိုယ်အလေးချိန်တစ်ခု ရောက်အောင် ထိန်းရပါမယ်။

    အဆီချမယ်ဆိုရင် အစားပဲ ရှောင်ရမှာလား။

    လူတော်တော်များများ ထင်ထားကြတာက အဆီချ Diet လုပ်တယ်ဆိုတာ ညစာမစားရဘူး၊ အစားတွေ လျှော့စားရမယ်၊ ကိုယ်စားချင်တာ မစားရဘူး၊ စိတ်ညစ်စရာကြီး အစရှိသဖြင့်ပေါ့။ တကယ်တော့ ကျန်းမာတဲ့ ကိုယ်အလေးချိန်ကို ထိန်းဖို့ဆိုတာ ကိုယ်က နေ့စဉ်လိုအပ်တဲ့ အာဟာရပမာဏကို ပြည့်ဝစွာ ရရမယ်။ နေထိုင်စားသောက်မှုပုံစံကို ဂရုစိုက်မယ်။ အမြဲတမ်း ငြိမ်ငြိမ်သက်သက်မနေဘဲ အားကစားလုပ်မယ်၊ လေ့ကျင့်ခန်းလုပ်မယ်၊ လှုပ်လှုပ်ရှားရှားလေးနေမယ်၊ ပြီးရင် အိပ်ချိန်ကို မှန်အောင် လုပ်ရမယ်။ ရုတ်တရက်ကြည့်လိုက်ရင် အရမ်းအလုပ်ရှုပ်တယ်လို့ ထင်ရပေမယ့် ကျင့်သားရသွားတဲ့အခါ အရင်ကထက် ပိုကြည့်ကောင်းလာမယ်၊ ကိုယ်ခန္ဓါအချိုးအစား သွယ်လျလာမယ်၊ ပိုပြီး ကျန်းမာသွက်လက်ပြီး နေ့စဉ်နေ့တိုင်း တက်တက်ကြွကြွ ဖြစ်နေတဲ့ ရလဒ်ကောင်းကို ပိုင်ဆိုင်ရတဲ့အခါ ဒါတွေအားလုံးက တန်တယ်လို့ သင်ယူဆမိမှာပါ။

    ဒါဆို အဆီချဖို့ ဘယ်ကနေ စမလဲ။

    ကိုယ်တွင်းက မကောင်းတဲ့ အဆီပိုတွေချဖို့ စောတယ်၊ နောက်ကျတယ်လို့ မရှိပါဘူး။ ကိုယ့်မှာ လုပ်ချင်စိတ်သာရှိရင် ဒီနေ့ချက်ချင်း စတင်ပြောင်းလဲလို့ ရပါတယ်။ အဓိကကတော့ လုပ်နေရင်းနဲ့ ပျင်းပြီး တစ်ဝက်တစ်ပျက်နဲ့ မရပ်ပစ်လိုက်ဖို့ပါပဲ။ အရင်ဆုံး ဘယ်ကနေ စမလဲဆိုရင်

    ၁။ ကိုယ့်ကိုယ်ကိုယ် လုပ်နိုင်ရမယ်လို့ စိန်ခေါ်ခြင်းဖြင့် စတင်လိုက်ပါ။

    ၂။ အဆီတက်တဲ့ အစားအစာတွေ၊ ကယ်လိုရီများလွန်းတာတွေကို ရှောင်ပါ။ မရှောင်နိုင်သေးရင် လျှော့စားပါ။

    ၃။ အလုပ်မှာဖြစ်ဖြစ်၊ အိမ်မှာဖြစ်ဖြစ် အငြိမ်ထိုင်မနေပါနဲ့။ အိမ်အလုပ်နည်းနည်းပါးပါး ကူပေးပါ။

    ၄။ မနက်ပိုင်းမှာ လမ်းလျှောက်ပါ။ ပြေးပါ။ စက်ဘီးစီးပါ။

    ၅။ အချိန်ပေးနိုင်ရင် Gym မှာ နည်းပြဆရာနဲ့ စနစ်တကျ လေ့ကျင့်ပါ။ ကိုယ်လိုချင်တဲ့ ပုံစံကို အတိအကျပြောပြီး သူပြောတဲ့ စားသောက်နေထိုင်မှုပုံစံအတိုင်း ကျင့်ကြည့်ပါ။

    ၆။ ကျန်းမာရေးကို ဂရုစိုက်ပါ။

    ၇။ ညဘက်အိပ်ချိန်ကို ပြည့်ဝစွာ အိပ်စက်အနားယူပါ။

    ၈။ ညအိပ်ချိန်နဲ့ အနည်းဆုံး ၃နာရီလောက်ခွာပြီး ညစာကို နောက်ဆုံးစားပါ။

    ကဲ ဘာအကြောင်းကြောင်းပဲဖြစ်ဖြစ် အဆီချတော့မယ်လို့ ဆုံးဖြတ်လိုက်ပြီဆိုရင်တော့ အပေါ်မှာပြထားတဲ့ နည်းလမ်းတွေကို သေချာဂရုစိုက်ဖို့ လိုအပ်ပါတယ်။ ပိုမိုကောင်းမွန်တဲ့ နေထိုင်စားသောက်မှုပုံစံဆိုတာ တစ်ခဏတာအတွက် မဟုတ်ဘဲ တစ်ဘဝစာ အလှအပနဲ့ ကျန်းမာရေးရာအတွက် ပြောင်းလဲတာဖြစ်တာကြောင့် ခဏလေးလုပ်ပြီး နားလိုက်တာမျိုးတော့ မလုပ်စေချင်ပါဘူးနော်။

    Hello Health Groupသည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Ye Myo Myat မှ ရေးသားသည်။ · 20/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement