ကင်ဆာမှ ပြန်လည်နာလန်ထူချိန်တွင် ဗီတာမင်နှင့် သတ္ထုဓါတ်များ၏ အရေးပါမှု
ကင်ဆာဆေးသွင်းကုသပြီးသောလူနာများသည် ကင်ဆာဆေးသွင်းပြီး ၂ရက် ၃ရက်ခန့်အကြာတွင် ကင်ဆာဆေး၏ဆိုးကျိုးများကိုစတင်ခံစားရလေ့ရှိသည်။ အများစုမှာပျို့အန်ခြင်း၊ နုံးခြင်း၊ ကိုယ်လက်မအီမသာဖြစ်ခြင်း၊ အစားအသောက်စားချင်စိတ်ပျောက်ခြင်းတို့ကိုခံစားရလေ့ရှိပါသည်။ ထို့ကြောင့် ကင်ဆာဆေးသွင်းပြီးနာလန်ထစလူနာများသည် ၎င်းဆိုးကျိုးများမှကာကွယ်နိုင်ရန် အအန်ပျောက်ဆေးနှင့် ဗီတာမင်အားဆေးများကိုမှီဝဲသုံးစွဲရလေ့ရှိကြပါသည်။ မဖြစ်မနေမှီဝဲရန် လိုအပ်သည်ဟု မဆိုလိုသော်လည်း အားဖြစ်စေသော အစားအသောက်များကို စားချင်သောက်ချင်စိတ် ကုန်ခမ်းနေချိန် သို့မဟုတ် ပြန်လည်ပျို့အန်နေချိန်တွင် ကင်ဆာဆေးဒဏ်များကိုခံနိုင်ရန်နှင့် ခုခံအားစနစ်ကို ကောင်းမွန်အောင်ထိန်းသိမ်းထားနိုင်ရန်အတွက် ဖြည့်စွက်မှုအနေဖြင့် လိုအပ်ခြင်းဖြစ်သည်။
ကင်ဆာဆေးကုထုံးများသည် ကင်ဆာဆဲလ်များအပြင် ရိုးတွင်းခြင်ဆီအတွင်းရှိ ဆဲလ်များကိုပါ တိုက်ခိုက်သည့်အတွက် ဆေးသွင်းပြီးချိန်တွင် ခန္ဓါကိုယ်ရှိသွေးနီဥ၊သွေးဖြူဥ၊သွေးဥမွှားတို့ ကျဆင်းလေ့ရှိပါသည်။ သွေးနီဥကျဆင်းခြင်းကြောင့် iron deficiency anemia ဟုခေါ်သောသံဓါတ်ချို့တဲ့သည့် သွေးအားနည်းရောဂါကိုခံစားရနိုင်ပါသည်။ သွေးနီဥတွင်လိုအပ်သော Hb ဟေမိုဂလိုဘင်မရှိသဖြင့် အောက်ဆီဂျင်ကို မသယ်ဆောင်နိုင်ဖြစ်ကာ ခန္ဓါကိုယ်တစ်ရှူးများမှာ အားအင်အဖြစ်သုံးစွဲရင် အောက်ဆီဂျင်ဓါတ်အလုံအလောက်မရရှိခြင်းကြောင့် သွေးအားနည်းခြင်းရောဂါလက္ခဏာဖြစ်သော နုံးချိခြင်းကိုခံစားရနိုင်ပါသည်။ ထိုအခါ ဖြည့်စွက်သည့်အနေဖြင့် သံဓါတ်ပါသောအားဆေးကိုသောက်သုံးရန်လိုအပ်ပါသည်။
သံဓါတ်ဖြည့်ပေးခြင်းဖြင့် သံဓါတ်ချို့တဲ့ ခြင်းကြောင့်ဖြစ်သောသွေးအားနည်းရောဂါလက္ခဏာဖြစ်သော နုံးချိခြင်းကိုသက်သာစေနိုင်ပါသည်။ တဖန်သံဓါတ်ကို ခန္ဓါကိုယ်မှ စုပ်ယူအားကောင်းမွန်စေရန် ဗီတာမင် စီလိုအပ်သည်။ ထို့ကြောင့် ဗီတာမင်စီပါသောအားဆေးများကိုလည်းသောက်သုံးနိုင်ပါသည်။ ဗီတာမင်စီသည် သံဓါတ်စုပ်ယူမှုအပြင် ပျို့အန်ခြင်းများကိုလည်း သက်သာစေနိုင်ပါသည်။ သတိထားရမည့်အချက်မှာ သံဓါတ်အလွန်များပါက ခန္ဓါကိုယ်ရှိအသည်းနှင့် နှလုံးကိုထိခိုက်စေနိုင်သဖြင့် သံဓါတ်အားဆေးသောက်သုံးလိုပါက သက်ဆိုင်ရာကင်ဆာဆရာဝန်ဖြင့် တိုင်ပင်ပြီးမှသောက်သုံးဖို့ရန်ဖြစ်သည်။
ကင်ဆာကုသမှုများသည် သွေးနီဥသာမက သွေးဖြူဥပါ ကျဆင်းစေနိုင်ပါသည်။ သွေးဖြူဥအလွန်အကျွံကျပါက ရောဂါမျိုးစုံဝင်ရောက်လာနိုင်သဖြင့် သွေးဖြူဥတက်စေရန်အတွက် လိုအပ်သည့် အာဟာရရှိသောအစာများကိုစားသုံးခြင်း၊ ဗီတာမင်အားဆေးများကိုမှီဝဲခြင်းပြုလုပ်ရန်လိုအပ်ပါသည်။
ထို့ပြင် အချို့သောကင်ဆာလူနာများ၏ သွေးထဲတွင် ဗီတာမင်ဒီနည်းပါးနေတတ်ပါသည်။ အထူးသဖြင့် ရင်သားကင်ဆာရှင်အမျိုးသမီးများနှင့် ဆီးကျိတ်ကင်ဆာဝေဒနာရှင် အမျိုးသားတို့သည် ဟော်မုန်းဆေးများကိုသောက်သုံးရသဖြင့် ဗီတာမင်ဒီဓါတ်များ လျော့နည်းကာ အရိုးပျော့ခြင်း၊ အားနည်းခြင်းကိုခံစားရလေ့ရှိသဖြင့် ဗီတာမင် ဒီကို ဖြည့်စွက်၍ သောက်သုံးသင့်ပါသည်။
ယခုအခါတွင် ကင်ဆာအချို့ (အဆုတ်ကင်ဆာ၊နို့ကင်ဆာ၊သားဥပြွန်ကင်ဆာ)၏ ကုသမှုတွင် ကျယ်ပြန့်စွာသုံးစွဲလာသော Palitaxel ဆေးသည် ခန္ဓါကိုယ်ရှိ အာရုံကြော(Nerve)များကို ပျက်စီးစေသဖြင့် လက်၊ ခြေတို့တွင် ထုံကျင်မှုတို့ကိုခံစားရသည့်အတွက် ၎င်းဆိုးကျိုးကိုသက်သာစေရန် Amino acid နှင့် Glutamine ကိုသောက်သုံးနိုင်ပါသည်။
အချို့နလန်ထစကင်ဆာလူနာများသည် ထပ်မံဖြစ်ပေါ်လာနိုင်သည့် ကင်ဆာဝေဒနာများကို ကာကွယ်ရန်အတွက် Antioxidant နှင့် ဗီတာမင်အေတို့ကိုလည်း မှီဝဲလေ့ရှိကြပါသည်။ ထို့ကြောင့် နာလန်ထစကင်ဆာလူနာများသည် ကင်ဆာကုထုံး၏ နောက်ဆက်တွဲဆိုးကျိုးဖြစ်သည့် ပျို့အန်ခြင်း၊အစားမစားနိုင်ခြင်းတို့ကိုကာကွယ်ရန် အားဆေးများကို ဖြည့်စွက်သည့်အနေဖြင့် သောက်သုံးကြသလို ကိုယ်ခံအားကိုကောင်းမွန်နေစေရန်နှင့် နာလန်ထစတွင် ထူထူထောင်ထောင်ဖြင့်ကောင်းမွန်စွာ နေနိုင်အောင်လည်း အားဆေးများကိုမှီဝဲလေ့ရှိကြပါသည်။
ဗီတာမင်ဖြည့်စွက်စာများကို ကင်ဆာကုထုံးနှင့် တွဲဖက်၍ သောက်သုံးခြင်းသည် သင့်လျော်သော်လည်း ကင်ဆာကုထုံးအစား ဖြည့်စွက်စာ တစ်မျိုးတည်းသာ အစားထိုးသောက်သုံးခြင်းကိုမူလုံးဝမပြုလုပ်သင့်ပါ။ မည်သို့ပင်ဖြစ်စေဆေးတိုင်းသည် ကောင်းကျိုးဆိုးကျိုးဒွန်တွဲလေ့ရှိသဖြင့် ဗီတာမင်ဖြည့်စွက်အားဆေးများကို သောက်သုံးမည်ဆိုပါကမိမိသဘောတည်းနဲ့ သောက်သုံးခြင်းထက် မိမိ၏ကင်ဆာဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်ပြီးမှ သောက်သုံးသင့်ပါသည်။
Hello Health Groupသည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
ဒါတွေလည်းဆက်ဖတ်ပါ: