တိရစ္ဆာန်လေးတွေကို ချစ်ကြတဲ့ တိချစ်သူတိုင်းလိုလိုမှာ အိမ်မှာ မွေးထားတဲ့ အိမ်မွေးအကောင်လေးတွေ ကိုယ်စီရှိကြမှာပါ။ မိမိချစ်တဲ့အကောင်လေးတွေ ကျန်းကျန်းမာမာနဲ့ နေထိုင်နိုင်ဖို့ကို အားလုံး ဆန္ဒရှိကြမယ်လို့ထင်ပါတယ်။ သူတို့လေးတွေ ကျန်းမာဖို့ရန်အတွက် ကာကွယ်ဆေးထိုးပေးဖို့ လို မလိုဆိုတာဟာ မေးခွန်းတစ်ခု ဖြစ်လာပါတယ်။ ကဲ …. အိမ်မွေးတိရစ္ဆာန်လေးတွေကို ကာကွယ်ဆေးထိုးပေးဖို့လိုအပ်သလား ဆိုတာကို လေ့လာလိုက်ရအောင်နော်။
အိမ်မွေးတိရစ္ဆာန်လေးတွေကို ကာကွယ်ဆေးထိုးပေးဖို့လိုအပ်သလား
အိမ်မွေးတိရစ္ဆာန်လေးတွေကို ကာကွယ်ဆေးထိုးပေးဖို့လိုအပ်သလား ဆိုတော့ ကာကွယ်ဆေးထိုးရခြင်းရဲ့ ရည်ရွယ်ချက်တွေကို စဉ်းစားကြည့်ကြပါစို့။
- သူတို့လေးတွေရဲ့ အသက်အန္တရာယ်ကို ထိပါးရန်ရှာလာနိုင်တဲ့ ရောဂါဆိုးတွေဆီက ကင်းဝေးဖို့ရန်
- ကောင်းမွန်တဲ့ကိုယ်ခံအားစနစ်မွေးမြူပေးရန်
- ခွေးရူးရောဂါကဲ့သို့သော အိမ်မွေးတိရစ္ဆာန်လေးတွေဆီကနေ လူတွေဆီသို့ ကူးစက်နိုင်တဲ့ရောဂါတွေကို ကြိုတင်တားဆီးနိုင်ရန်
ကာကွယ်ဆေးမထိုးရင် ဖြစ်လာမယ့်ရောဂါတွေဟာ သေစေနိုင်လောက်တဲ့အထိ ပြင်းထန်ပါတယ်။ ကုသလို့ ရနိုင်ခဲ့ရင်တောင်မှ အချိန်ကြာကြာကုရမှာပါ။ သူတို့လေးတွေဟာလည်း ရောဂါဒဏ်ကို တော်တော်လေးခံရမှာပါ။ သင့်ကိုလည်း ငွေကုန်လူပန်းဖြစ်စေမှာပါ။
အိမ်မွေးခွေးလေးတွေမှာဆိုရင် ဘယ်လိုရောဂါတွေကို ကာကွယ်ပေးနိုင်သလဲ။
အောက်ပါရောဂါတွေကိုကာကွယ်ပေးနိုင်မှာဖြစ်ပါတယ်။
- Parvovirus လို့ခေါ်တဲ့ ခွေးသွေးဝမ်းရောဂါ
- Leptospirosis လို့ခေါ်တဲ့ ဘက်တီးရီးယားကြောင့်ဖြစ်တဲ့ရောဂါကို ကာကွယ်ပေးနိုင်ပါတယ်။ ဒီဘက်တီးရီးယားဟာ ပြင်းထန်အဆုတ်ရောဂါတွေကိုဖြစ်ပွားစေနိုင်ပြီး အသက်ရှူကျပ်စေနိုင်ပါတယ်။
- Canine Distemper ဒါကတော့ ဗိုင်းရပ်စ်ကြောင့်ဖြစ်တဲ့ရောဂါပါ။ ဖြစ်လာပြီဆိုရင် ကုသလို့မရနိုင်ဘဲ သေဆုံးနိုင်ပါတယ်။ တုပ်ကွေးရောဂါကဲ့သို့ လက္ခဏာတွေ ရှိနိုင်ပါတယ်။ ဒါ့အပြင် ဝမ်းသွားခြင်း၊ အန်ခြင်းနဲ့ မျက်လုံး၊ နှာခေါင်းတို့ကနေ အဝါရောင်အချွဲတွေထွက်ခြင်း စသဖြင့် ဖြစ်လာနိုင်ပါတယ်။
- Infectious Hepatitis ဆိုတဲ့ကူးစက်နိုင်တဲ့ အသည်းရောင်ရောဂါတွေကို ကာကွယ်ပေးနိုင်ပါတယ်။
ကြောင်လေးတွေမှာတော့
- ကြောင်တုပ်ကွေးရောဂါ (Cat Flu)
Feline Infectious Enteritis ဆိုတဲ့ဗိုင်းရပ်စ်တစ်မျိုးကြောင့် ဖြစ်တဲ့ရောဂါပါ။ ရုတ်တရက်ကြီး ဝမ်းသွားလာမယ်၊ သွေးအန်လာရာကနေ ကြောင်လေးဟာသေဆုံးသွားနိုင်ပါတယ်။
- Feline Leukaemia Virus ဒီဗိုင်းရပ်စ်ကူးစက်ရင်တော့ ကြောင်လေးဟာ သွေးအားနည်းလာမယ်။ ခုခံအားစနစ်တဖြည်းဖြည်းကျဆင်းလာမှာပါ။
အိမ်မှာမွေးထားတဲ့ယုန်လေးတွေမှာတော့
- Myxomatosis ဆိုတဲ့ ဗိုင်းရပ်စ်တစ်မျိုးကြောင့်ဖြစ်တဲ့ရောဂါ- အစပိုင်းမှာ ယုန်လေးဟာ ဖျားလာပြီး မျက်ခွံ၊ မျက်နှာတွေ ရောင်ရမ်းလာမှာပါ။ မျက်ခွံတွေ ရောင်ရမ်းခြင်း ပြင်းထန်လာရင်တော့ မျက်လုံးတွေ ဖွင့်မရတော့ပါဘူး။ အသက်ရှူကျပ်လာရာကနေ သေဆုံးတဲ့အထိ ပြင်းထန်လာနိုင်ပါတယ်။
- Rabbit Haemorrhagic Disease – ဒါဟာလည်း ယုန်လေးတွေမှာ ဖြစ်တတ်တဲ့ ကူးစက်ရောဂါပါပဲ။ သေစေနိုင်လောက်တဲ့အထိပြင်းထန်ပါတယ်။
ကာကွယ်ဆေးကို ဘယ်အချိန်ထိုးပေးရမှာလဲ။
ငယ်ရွယ်စဉ်အခါကတည်းက ကာကွယ်ဆေး ထိုးပေးထားတာ အကောင်းဆုံးပါ။ ကြောင်လေးတွေနဲ့ ခွေးလေးတွေမှာတော့ နှစ်လသားအရွယ်လောက်မှာ စထိုးလို့ ရပါတယ်။ ယုန်လေးတွေမှာတော့ ငါးပတ်အရွယ်ပါ။ ငယ်ရွယ်စဉ်မှာ မထိုးမိခဲ့ရင်လည်း မိမိဆီကို ရောက်လာတဲ့အရွယ်မှာပဲ တိရစ္ဆာန်အထူးကုဆရာဝန်နဲ့ တိုင်ပင်ကာ ထိုးပေးသင့်ပါတယ်။
အချို့သောကာကွယ်ဆေးတွေဟာ Booster ဆိုတဲ့ထပ်မံအားဖြည့်ထိုးရတာမျိုး ရှိပါတယ်။ တစ်ခါတည်း ထိုးရုံနဲ့ မလုံလောက်ပါဘူး။ အချို့ကတော့ တစ်နှစ်အကြာမှာ ထပ်ထိုးရသလို တချို့မှာလည်းဒီထက် အကြိမ်ရေ စိတ်နိုင်ပါတယ်။ မိမိကလေးလေးတွေ ဘယ်အချိန်မှာ နောက်တစ်ခေါက် ပြန်ထိုးရမလဲ ဆိုတာကိုတော့ တိရစ္ဆာန် အထူးကု ဆရာဝန်တွေနဲ့ပြသ တိုင်ပင်သင့်ပါတယ်နော်။
ဘယ်အချိန်မှာအပြင်ခေါ်သွားနိုင်မလဲ။
အိမ်မွေးတိရစ္ဆာန်လေးတွေဟာလည်း လူတွေလိုပါဘဲ။ သူတို့လေးတွေ ပျော်ပျော်ရွှင်ရွှင် နေနိုင်ဖို့ အပေါင်းအသင်း လိုအပ်ပါတယ်။
သူတို့လေးတွေ အတူတကွ ဆော့ကစားဖို့အခြားသော အိမ်မွေးတိရစ္ဆာန်လေးတွေ လိုအပ်ပါတယ်။ အခြား အကောင်လေးတွေဟာလည်းကာကွယ်ဆေးကို ပြည့်ပြည့်ဝဝ ထိုးထားပြီးရင်တော့ စိတ်ချရပါတယ်။ သို့သော်လည်း အပြင်ထွက်လို့ သူတို့လေးတွေကို ခေါ်တဲ့အခါ အပြင်က တိရစ္ဆာန်တွေနဲ့ လူတွေဆီကနေ ရောဂါပိုးတွေ ကူးစက်နိုင်ပါတယ်။ ဒါကြောင့် ကာကွယ်ဆေး ပြည့်ပြည့်ဝဝ ထိုးပေးပြီးမှသာ အပြင်ခေါ်ထွက်တာမျိုး၊ အခြားအိမ် တစ်အိမ်သို့ သွားလည်တာမျိုး လုပ်သင့်ပါတယ်။ ခြေသည်းလက်သည်းလေးတွေကိုလည်း ညှပ်ပေးဖို့ မမေ့ပါနဲ့နော်။
မိမိရဲ့ အိမ်ခြံဝန်းအတွင်းထဲမှာလည်း သူတို့ကို ဆော့ကစားစေနိုင်ပါတယ်။ မဖြစ်မနေ အပြင်ခေါ်သွားရမယ်ဆိုရင်လည်း မြေကြီးနဲ့မထိစေဖို့ ကျောပိုးတဲ့အရာမျိုး၊ လှည်းမျိုးစတဲ့အရာ တွေနဲ့ခေါ်သွားနိုင်ပါတယ်။ အချို့သောကာကွယ်ဆေးတွေဟာ ထိုးပြီးပြီးချင်းအာနိသင်မပြပါဘူး။ အချိန်တစ်ခုကြာတဲ့အထိ စောင့်ရနိုင်ပါတယ်။ ဆရာဝန်ကို မေးမြန်းကြည့်နိုင်ပါတယ်။
အသက်ကြီးနေတဲ့ အိမ်မွေးတိရစ္ဆာန်လေးတွေကိုရော ကာကွယ်ဆေးထိုးပေးသင့်သလား။
အသက်ကြီးလာတာဟာ ရောဂါတွေကို ပိုကာကွယ်နိုင်စွမ်းရှိလာတာနဲ့ ဘာမှမဆိုင်ပါဘူး။ ကိုယ်မွေးလိုက်တဲ့အချိန်မှာ တိရစ္ဆာန်လေးတွေ အသက်ကြီးနေပြီဆိုရင်လည်း သူတို့ရဲ့ အသက်ပေါ် မူတည်ပြီး ဘယ်ကာကွယ်ဆေးကို ထိုးနှံရမလဲဆိုတာ တိရစ္ဆာန်အထူးကုဆရာဝန်တွေနဲ့ တိုင်ပင် ကြည့်လို့ရပါတယ်။
ထပ်ထိုးရမယ့်အကြိမ်ကို မေ့ခဲ့ရင်ရော ဘယ်လိုလုပ်သင့်သလဲ။
ကာကွယ်ဆေးထပ်မံထိုးရမယ့်အချိန်ကို ပြက္ခဒိန်မှာ မှတ်ထားနိုင်သလို ဖုန်းထဲမှာလည်း Alarm ပြုလုပ်ပြီးမှတ်ထားနိုင်ပါတယ်။ အကြောင်းတစုံတရာကြောင့်မေ့လျော့ခဲ့ရင်လည်း သတိရရချင်း ချက်ချင်းသွားထိုးပါ။ ဒါမှ အချိန်အရမ်းမကွာသွားမှာပါ။ ထိုးရမယ့်အချိန်ထက် တော်တော်ကြာကြာမှ မှတ်မိရင်တော့အစကနေ အသစ်တဖန်ပြန်ထိုးရတာမျိုး ရှိနိုင်ပါတယ်။ ဆရာဝန်ကို တိုင်ပင်မေးမြန်းတာတော့ အကောင်းဆုံးပါ။
ပဋိဇီဝပစ္စည်း စစ်ဆေးခြင်း
ကာကွယ်ဆေးတစ်ခုထိုးပြီးတဲ့အခါ ခန္ဓာကိုယ်ရဲ့ ခုခံအားစနစ်ကနေ ပဋိဇီဝပစ္စည်းတွေ ထုတ်ပေး ပါတယ်။ ထိုပစ္စည်းပမာဏကို စစ်ဆေးတဲ့အခါ သွေးဖောက်ပြီး စစ်ဆေးရပါတယ်။ ရှိသင့်တဲ့ပမာဏမရှိရင် အစကပြန်စထိုးရပါတယ်။ ဒါကတော့ ခွေးလေးတွေကိုပဲလုပ်ပေးလို့ရပါတယ်လို့ ဆိုထားပါတယ်။
ကဲ လူတွေမှာပဲ ကာကွယ်ဆေးထိုးရတာမဟုတ်ပါဘူးနော်။ အိမ်မွေးတိရစ္ဆာန်လေးတွေဟာလည်း အသက်နဲ့ပဲမို့ ကာကွယ်ဆေးထိုးပေးဖို့ လိုအပ်ပါတယ်။ အိမ်မွေးတိရစ္ဆာန်လေးတွေကို ကာကွယ် ဆေးထိုး ပေးထားခြင်းဖြင့် သူတို့လေးတွေကိုရော မိမိကိုယ်တိုင်ကိုပါ ရောဂါဆိုးကြီးတွေရဲ့ရန်ကနေ ကာကွယ်ထားကြရအောင်ပါ။
ရေးသားသူ- ဒေါက်တာမှူးခင်
[embed-health-tool-bmi]