backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်

အဖျားတာရှည်ခြင်း ရဲ့ ဖြစ်နိုင်ခြေအကြောင်းရင်းတွေ


Yun Sandi Nan Mon မှ ရေးသားသည်။ · 11/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

အဖျားတာရှည်ခြင်း ရဲ့ ဖြစ်နိုင်ခြေအကြောင်းရင်းတွေ

နေလို့မကောင်းဘူး၊ မကောင်းဘူးနဲ့ တငွေ့ငွေ့ဖြစ်နေတဲ့ အဖျားတာရှည်ခြင်း မျိုး ဖြစ်ဖူးကြမှာပါ။ ခန္ဓာကိုယ်က နွေးစပ်စပ်နဲ့ နေလို့သာမကောင်းတာ ကိုယ်အပူကြီးတာလည်းမဟုတ်၊ အိပ်ရာထဲလဲနေတာလည်းမဟုတ်၊ ဒါပေမယ့် ပျောက်လည်းမပျောက်ဘူး။

ပုံမှန်ကိုယ်အပူချိန်ဖြစ်တဲ့ 98.6°F ထက်ကျော်ပြီး အဖျား 100.4°F ဝန်းကျင်ရှိနေတာ ၂၄ နာရီထက် ကျော်နေတာကို တငွေ့ငွေ့အဖျားရှိနေတာလို့ သတ်မှတ်ပါတယ်။ တစ်ခါတလေ 102.2°F လောက်လည်း ရှိနေနိုင်ပါတယ်။ ရက်နဲ့ သီတင်းပတ်နဲ့ချီပြီး အဖျားရှိနေရင်တော့ ဆရာဝန်ပြပြီး အဖျားတာရှည်ခြင်း ရဲ့အကြောင်းရင်းကို ရှာဖွေဖို့ အရေးကြီးပါတယ်။

အဖျားတာရှည်ခြင်း ဘာတွေကြောင့် ဖြစ်နိုင်လဲ

အဖျားတာရှည်စေတဲ့ အကြောင်းရင်းတွေက အများကြီးရှိပါတယ်။ အအေးမိတာလိုမျိုး ဗိုင်းရပ်စ်ကြောင့်ဖြစ်တဲ့ ရောဂါတွေကြောင့် အဖြစ်များဆုံးဆိုပေမယ့် တခြားအကြောင်းရင်းတွေလည်း ရှိပါသေးတယ်။

အသက်ရှူလမ်းကြောင်းပိုးဝင်တာ

ရောဂါပိုးကို ခန္ဓာကိုယ်က ခုခံတိုက်ထုတ်တဲ့အခါ ကိုယ်အပူချိန်မြင့်လာပါတယ်။ ဗိုင်းရပ်စ်ကြောင့်ဖြစ်တဲ့ နမိုးနီးယားနဲ့ လေပြွန်ရောင်ခြင်းတို့ကလည်း အဖျားငွေ့ငွေ့ရှိစေတဲ့ အသက်ရှူလမ်းကြောင်းပိုးဝင်ခြင်းတွေ ဖြစ်ပါတယ်။ ရက်သီတင်းပတ်ချီအောင် အဖျားနည်းနည်းရှိမယ်၊ ချမ်းမယ်၊ လည်ချောင်းနာမယ်၊ ချောင်းဆိုးမယ်စတဲ့ လက္ခဏာတွေနဲ့အတူ ဖြစ်လာတတ်ပါတယ်။

ဆီးလမ်းကြောင်းပိုးဝင်တာ

ဆီးလမ်းကြောင်းပိုးဝင်တာကြောင့်လည်း အဖျားတာရှည်နိုင်ပါတယ်။ တစ်ခါတလေ ဘာကြောင့်မှန်းမသိ ကိုယ်ပူနေတာကြောင့် အအေးမိပျောက်ဆေးလည်းမရ၊ ကိုယ်ပူကျဆေးသောက်လည်းမရ ဖြစ်တတ်ပါတယ်။ ဆရာဝန်က ပဋိဇီဝပိုးသတ်ဆေးပေးမှ သက်သာမယ့်ရောဂါကိုး။ သိသာတဲ့လက္ခဏာကတော့ ဆီးသွားတဲ့ အခါ ပူတာ၊ နာကျင်တာ၊ မကြာခဏဆီးသွားလွန်းတာ၊ ဆီးအရောင်ရင့်လာတာ တွေရှိနိုင်ပါတယ်။

စိတ်ဖိစီးတာ

စိတ်ဖိစီးမှုတာရှည်လာရင်လည်း အဖျားငွေ့ငွေ့ရှိနေနိုင်ပါတယ်။ စိတ်ကြောင့် ဖြစ်တဲ့ အဖျားဝေဒနာလို့ဆိုနိုင်ပါတယ်။ ဒီဝေဒနာကို စိတ်ခံစားချက်နုတဲ့သူတွေ၊ စိတ်ဖိစီးမှုတာရှည်နေတဲ့သူတွေမှာ အဖြစ်များပါတယ်။ ဒီလိုအခြေအနေတွေအတွက် အဖျားကျဆေးတွေ၊ အကိုက်အခဲပျောက်ဆေးတွေမတိုးတဲ့အတွက် စိတ်တည်ငြိမ်စေမယ့်ဆေးဝါးတွေ၊ နည်းလမ်းတွေနဲ့ ကုသရပါတယ်။

တီဘီဖြစ်နေတာ

အဆုတ်တီဘီရောဂါရှိနေရင်လည်း အဖျားမပျောက်ဘဲ တငွေ့ငွေ့နဲ့တာရှည်နေနိုင်ပါတယ်။ ဒါ့ကြောင့် အဖျားမပျောက်ဘဲ တာရှည်နေရင် သတိထားစစ်ဆေးသင့်တာပါ။ တစ်ခါတရံ တီဘီပိုးက ခန္ဓာကိုယ်ထဲမှာ လက္ခဏာမပြ၊ မလှုပ်ရှားဘဲ နှစ်နဲ့ချီပြီးရှိနေနိုင်ပါတယ်။ ကိုယ်ခံအားနည်းလာတဲ့အခါမှ ရောဂါထကြွလာနိုင်ပါတယ်။ ညဘက်မှ ဖျားတာ၊ချောင်းအရမ်းဆိုးတာ၊ မောဟိုက်တတ်တာ၊ ညဘက်ချွေးထွက်များတာ တွေ တွဲပြီးဖြစ်လာရင် ပိုသိသာပါတယ်။

Autoimmune ရောဂါတွေဖြစ်တာ

ခန္ဓာကိုယ်ရဲ့ဆဲလ်တွေကို ကိုယ်ခံအားကမှားယွင်းတိုက်ခိုက်တဲ့ ဒီရောဂါအမျိုးအစားတွေကြောင့် အဖျားတာရှည်ခြင်း ကိုခံစားရတတ်ပါတယ်။ ဥပမာ လေးဖက်နာအဆစ်ရောင်ရောဂါ ဆိုရင် အဖျားငွေ့ငွေ့နဲ့ အဆစ်နာကျင်မှု၊ နွမ်းနယ်မှုတွေခံစားရပါတယ်။

သိုင်းရွိုက်ပြဿနာရှိနေတာ

သိုင်းရွိုက်ဂလင်းရောင်ရမ်းခြင်းကြောင့် အဖျားတာရှည်နိုင်ပါတယ်။ ကြွက်သားနာကျင်တာ၊ မောဟိုက်နွမ်းနယ်တာ၊ သိုင်းရွိုက်ဂလင်းနားတဝိုက် အထိမခံနိုင်တာ၊ နားရွက်အထိ ဖြာထွက်လာတဲ့ ဇက်နာခြင်း စတဲ့လက္ခဏာတွေပါ တွဲပြီးဖြစ်တတ်ပါတယ်။

တခြားအကြောင်းရင်းတွေထဲမှာ – အစာအဆိပ်သင့်ခြင်း ၊ ကင်ဆာရောဂါ စတဲ့ အဖြစ်နည်းတဲ့ အဖျားတာရှည်ခြင်း အကြောင်းရင်းတွေလည်း ပါဝင်ပါတယ်။

တကယ်လို့

အဖျားမကြီးပေမယ့်လည်း –

  • ၃ ရက်ကျော်တဲ့အထိ ဖျားနေသေးရင်၊
  • ကြွက်သားတွေအားနည်းလာရင်၊
  • လည်ချောင်းတွေရောင်ရမ်းလာရင်၊
  • အဆက်မပြတ်အန်နေရင်၊
  • အသက်ရှူရခက်လာရင်၊
  • ကယောင်ကတမ်းတွေဖြစ်လာရင် ချက်ချင်းအရေးပေါ်ကုသမှုခံယူသင့်ပါတယ်။

Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။




Yun Sandi Nan Mon မှ ရေးသားသည်။ · 11/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement