backup og meta

မိဘတွေစိုးရိမ်ကြတဲ့ ကလေးအဖျားကြီးပြီး တက်ခြင်း


Dr. Thiha Phyo Myint မှ ရေးသားသည်။ · 23/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    မိဘတွေစိုးရိမ်ကြတဲ့ ကလေးအဖျားကြီးပြီး တက်ခြင်း

    ကလေးတွေမှာ အဖျားကြီးပြီး တက်တာကို မိဘတော်တော်များများ မြင်ဖူးကြုံဖူးကြမှာပါ။ ကိုယ်တိုင်ကြုံတဲ့အခါမှာလည်း အရမ်းထိတ်လန့်တုန်လှုပ်ပြီး ခြေမကိုင်မိလက်မကိုင်မိဖြစ်တတ်ကြပါတယ်။ ကလေးတွေမှာ အဖျားကြီးရင် တက်တတ်တာဟာ ကလေးအသက် ၆လ ကနေ ၅နှစ် အရွယ်အတွင်းမှာ ဖြစ်လေ့ရှိပါတယ်။ တစ်ခါတက်ရင် အနည်းဆုံး စက္ကန့်အနည်းငယ်လောက်ကနေ အများဆုံး ၁၅မိနစ်လောက်အထိကြာတတ်ပါတယ်။ အများစုကတော့ ၂မိနစ် ၃မိနစ်လောက်ပဲကြာတတ်ပါတယ်။ တက်တာ ရပ်သွားပြီးနောက်မှာလည်း ကလေးက ပျော့ခွေသွားတာ ဒါမှမဟုတ် အိပ်ချင်မူးတူးဖြစ်ပြီးကျန်ခဲ့ပါလိမ့်မယ်။ ပျမ်းမျှအားဖြင့် ကလေး အယောက် ၂၀ မှာ ၁ယောက်ဟာ အဖျားကြီးပြီး တက်တတ်ပါတယ်။

    ဒါပေမယ့် မိဘများအနေနဲ့ စိုးရိမ်စရာမလိုတဲ့ အချက်ကတော့ အဖျားကြီးပြီးတက်တာဟာ ဝက်ရူးပြန်ရောဂါ ကြောင့်တက်ခြင်း နဲ့ အခြားသော ဦးနှောက်နဲ့ဆိုင်တဲ့ရောဂါတမျိုးမျိုးကြောင့်တက်ခြင်းတို့နဲ့ မတူဘဲ ဦးနှောက်ကို ထိခိုက်ပျက်စီးစေတာမျိုးလည်းမရှိသလို ပုံမှန်ဆေးစွဲသောက်စရာလည်း မလိုပါဘူး။ ကလေးဟာလည်း တက်နေစဉ်မှာ ဘယ်လို နာကျင်မှုမျိုးမှ မခံစားရပါဘူး။

    ဘာကြောင့် တက်ရသလဲ

    အဓိကအကြောင်းရင်းကတော့ ခန္ဓာကိုယ်အပူချိန် ရုတ်တရက် ဆောင့်တက်တာကြောင့်ပါ။ ကလေးတွေရဲ့ ဦးနှောက်ဟာ ဖွံ့ဖြိုးနေဆဲအချိန်ဖြစ်တာကြောင့် လူကြီးတွေရဲ့ ဦးနှောက်နဲ့ မတူဘဲ ခန္ဓာကိုယ်အပူချိန် အပြောင်းအလဲကို sensitive ဖြစ်ကြပါတယ်။ ကိုယ်ပူတက်ရတဲ့ အကြောင်းရင်းက သာမန်အ‌အေးမိဖျားနာတာမျိုး ဖြစ်နိုင်သလို ဘက်တီးရီးယား ပိုးဝင်ခြင်းကြောင့်လည်း ဖြစ်နိုင်ပါတယ်။ တိတိကျကျ အကြောင်းရင်းတော့ ရှာမရသေးပေမယ့် အဖျားကြီးရင် တက်တတ်ခြင်းဟာ မျိုးရိုးလိုက်တတ်တယ်လို့လည်း ဆိုပါတယ်။

    အဖျားကြီး၍တက်နေစဉ် ဖြစ်တတ်သောလက္ခဏာများ

    • သတိလစ်ခြင်း
    • ခြေလက်များ တွန့်လိမ်ကော့လန်သွားခြင်း သို့မဟုတ် တဆတ်ဆတ်တုန်ခြင်း
    • ခက်ခက်ခဲခဲ အသက်ရှုရခြင်း
    • ပါးစပ်ထဲမှ အမြှုပ်များထွက်ခြင်း
    • အသားအရောင် ဖြူဖျော့သွားခြင်း သို့မဟုတ် ပြာနှမ်းသွားခြင်း
    • မျက်ဖြူလန်ခြင်း

    ကလေးဟာ အတက်ကျသွားပြီးနောက် ၁၀မိနစ် ၁၅မိနစ်လောက်အတွင်းမှာ သတိပြန်ရလာပါလိမ့်မယ်။ တက်နေစဉ်အတွင်းမှာ ဆတ်ဆတ်ထိမခံဖြစ်နေတာ၊ သင့်ကို မမှတ်မိတာမျိုးလည်းဖြစ်နေနိုင်ပါတယ်။ ဒါပေမယ့် စိုးရိမ်စရာမရှိပါဘူး။

    သင့်ကလေး အဖျားကြီးပြီးတက်ပြီဆိုရင်..

    • ပထမဆုံးပြောချင်တာတော့ စိတ်ကိုငြိမ်ငြိမ်ထားပြီး ပျာယာမခတ်ဖို့ပါ။ ဒါမှလည်း လိုအပ်တာတွေကို မှန်မှန်ကန်ကန်လုပ်ပေးနိုင်မှာဖြစ်ပါတယ်။
    • ကလေးကို ဘေးကင်းတဲ့ ကြမ်းပြင်လိုနေရာမှာထားပါ။ အမြင့်တစ်နေရာကနေပြုတ်ကျရင် ထိခိုက်ဒဏ်ရာရနိုင်လို့ပါ။ ကလေးပတ်ဝန်းကျင်မှာ တိုက်မိ‌ဆောင့်မိနိုင်တဲ့ အရာတွေအကုန်ဖယ်ရှားလိုက်ပါ။
    • ကလေးပါးစပ်ထဲကို ဘာမှမထည့်ပါနဲ့။
    • ကလေးကို ကိုင်လှုပ်ခြင်း၊ ရိုက်ခြင်းမလုပ်ရပါ။
    • ကလေးကို ချုပ်မထားပါနဲ့။
    • တက်တာရပ်သွားပြီဆိုရင် ကလေးကို ဘေးစောင်းထားပါ။
    • ကလေး စတက်သောအချိန်နှင့် အတက်ကျသွားသောအချိန်ကို သေချာစွာ မှတ်သားထားပြီး ဆရာဝန်ကို ပြောပြပါ။
    • အတက်ကျသွားပြီးနောက် နီး‌စပ်ရာ ဆေးရုံ ဆေးခန်းသို့သွားရောက်၍ ဆရာဝန်နှင့် ပြသစစ်ဆေးပါ။
    • အကယ်၍ တက်တာ ၅ မိနစ်ကျော် ကြာခဲ့တယ်ဆိုရင်တော့ ဆေးရုံကားခေါ်ပြီး ဆေးရုံသို့ အမြန်ဆုံးသွားရောက် ပြသဖို့လိုပါတယ်။

    ရေးသားသူ – Dr. Saint

    Hello Health Groupသည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr. Thiha Phyo Myint မှ ရေးသားသည်။ · 23/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement