backup og meta

အစိုးရဆေးရုံတက်ရမည် ဆိုလျှင်

မစည်ကားအပ်တဲ့နေရာတွေထဲမှာ ဆေးရုံလည်း တစ်ခု အပါအဝင်ပါ ။ ဒီအတွက် ကံအကြောင်းမလှဘဲ တစ်စုံတစ်ရာကြောင့်များ အစိုးရဆေးရုံတွေ ရောက်ရင် ဘယ်လိုတွေ ကြုံတွေ့ရနိုင်လဲဆိုတာကို ဗဟုသုတအနေနဲ့ တင်ပြပေးလိုက်ရပါတယ်။

ဆေးရုံရောက်ရင် အရေးပေါ်ကုသမှုဌာန Emergency မှာ စာရင်းသွင်း ၊ လိုအပ်တဲ့ စစ်ဆေးမှုတွေ လုပ်ရပါတယ် ။ ဒီမှာလည်း ဆေးရုံတစ်ခုနဲ့ တစ်ခု မတူညီဘဲ တချို့ဆေးရုံကြီးတွေ (ဥပမာ ရန်ကုန်ဆေးရုံကြီး ၊ မြောက်ဥက္ကလာဆေးရုံကြီး၊ မန္တလေးနဲ့ နေပြည်တော်ဆေးရုံကြီး)မှာ အရေးပေါ် အထူးကု ဆရာဝန်နဲ့ ဆေးကုသမှု အဖွဲ့လိုက်ရှိတတ်ပြီး ရောဂါပြင်းထန်မှုအလိုက် လူနာတွေကို ကြည့်ပေးလေ့ရှိပါတယ်။ ကျန်တဲ့ဆေးရုံတွေမှာတော့ လူအင်အားနည်းတတ်တဲ့အတွက် အရေးပေါ်ဆရာဝန်တစ်ယောက်က တာဝန်ယူပြီး ကြည့်ရှုပေးတတ်ပါတယ်။

ဆရာဝန်က ကနဦးစမ်းသပ်မှုတွေပေါ်လိုက်ပြီး လူနာတက်ရမယ့် အဆောင်တွေ ခွဲပေးတတ်ပါတယ်။ ဆေးကုသဆောင် ၊ ခွဲစိတ်ဆောင်၊ သားဖွားမီးယပ်၊ ကလေးဆောင်၊ အရိုးနှင့် ထိခိုက်ဒဏ်ရာဆောင်တွေပါ ။ဒါ့အပြင် တချို့ ဆေးရုံကြီးတွေမှာဆိုရင် အထူးကုသဆောင်တွေဆီ သွားရတဲ့အခါမျိုးလည်း ရှိတတ်ပါတယ် ။

လူနာရောဂါအလိုက် အဆောင်ရောက်ရင် တာဝန်ကျ အထူးကုဆရာဝန်တွေက ကုသမှုပေးမှာပါ ။ နိုင်ငံတော်က ထောက်ပံ့ထားတဲ့ သောက်ဆေး စားဆေး‌၊ ထိုးဆေးတွေကို (တတ်သနိုင်မျှ) အသုံးပြုပြီး ကုသမှာ ဖြစ်ပါတယ်။  ရောဂါအခြေအနေပြင်းထန်မှုပေါ်လိုက်ပြီးတော့ တချို့သော စားဆေးသောက်ဆေးတွေကို လူနာရှင်ဘက်က စိုက်ဝယ်ပေးရနိုင်တာမျိုးလည်း ရှိပါတယ် ။

ဆေးကုသတဲ့အခါမှာ သွေးစစ်၊ ဆီးစစ်၊ ဓါတ်ခွဲစမ်းသပ်မှုတွေ၊ X ray၊ CT ရိုက်ခြင်းတွေကိုလည်း လိုအပ်သလို လုပ်ရတတ်ပါတယ် ။ ဒီနေရာမှာတော့ တချို့သော စစ်ဆေးမှုတွေက ရုံးချိန်အတွင်းပဲ စစ်ဆေးလို့ရတာမျိုးရှိတတ်ပါတယ် ။ ဒါ့ကြောင့် တစ်ခါတစ်လေ ရုံးချိန်ပြင်ဖြစ်နေတယ် ဒါမှမဟုတ် အဖြေကို အမြန်လိုအပ်နေတယ်ဆိုရင်တော့ ပြင်ပဓါတ်ခွဲခန်းတွေမှာ စစ်ဆေးရတတ်ပါတယ် ။

ဆေးရုံတက်ရပြီဆိုရင် အနည်းဆုံး ၂၄နာရီ (တစ်ရက်)တော့ နေရပါမယ်။ တကယ်လို့ ၂၄နာရီ ပြည့်ပြီး ကိုယ်ကလည်း ရောဂါသက်သာပြီး ဆင်းချင်တယ်ဆိုရင်တော့ ခွင့်တောင်းဆင်းလို့ ရပါတယ် ။ ဒါမှမဟုတ် စောင့်ကြည့်ဖို့လိုသေးတယ်လို့ ဆရာဝန်က ယူဆရင်တော့ ဆက်လက်ကုသမှု ခံယူရမှာပါ ။ ရောဂါ အခြေအနေကို လိုက်ပြီး တခြားသော အထူးကုဆရာဝန်များနဲ့ပြသခြင်းတွေ ၊ အဆောင် လွှဲပြောင်းခြင်းတွေကို လုပ်ရမှာ ဖြစ်ပါတယ် ။

ဒါတွေကတော့ လူတစ်ယောက် အစိုးရဆေးရုံတက်ရပြီဆိုရင် ကြုံတွေ့ရတတ်တဲ့ လုပ်ငန်းစဉ် အဆင့်ဆင့်တွေပါ ။ ဒီလိုမျိုးမဖြစ်ရအောင် ကျန်းမာရေးကောင်းမှ ဖြစ်ပါမယ် ။ ကျွန်တော်တို့ Hello Sayarwon စာမျက်နှာကနေ နေ့စဉ် ကျန်းမာရေးစာစဉ်တွေ ဖော်ပြပေးနေတဲ့အတွက် မလွတ်တမ်းစောင့်မျှော်ဖတ်ရှုရင်း ကာယစိတ္တ ကျန်းမာချမ်းသာနိုင်ကြပါစေ ခင်ဗျာ။

ရေးသားသူ – Dr.Aung Kyaw Myint

Hello Health Groupသည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ယခုပုံစံ

30/05/2020

Dr. Thiha Phyo Myint မှ ရေးသားသည်။

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ဘယ်လိုထိခိုက်ဒဏ်ရာမျိုးဆိုရင် ဆေးရုံသွားဖို့လိုမလဲ

အရိုး နဲ့ပတ်သက်တဲ့ ကုသမှုတွေအတွက် အကောင်းဆုံးဆေးရုံ ရွေးချယ်ကြမယ်


Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Dr. Thiha Phyo Myint မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 30/05/2020 ဖြစ်ပါသည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement