backup og meta

Waist trainer ဝတ်သူတွေအတွက် အကျိုးအကြောင်း အဆိုးအကောင်းလေးတချို့

Waist trainer ဝတ်သူတွေအတွက် အကျိုးအကြောင်း အဆိုးအကောင်းလေးတချို့

ဗိုက်ချပ်ဝတ်စုံ သို့မဟုတ် waist trainer လေးတွေ အခုနောက်ပိုင်းခေတ်စားလာတယ်နော်။ အဆီကျ ချပ်ရပ်ချင်တဲ့ပျိုမေတွေကလည်း ဝတ်ထားကြတယ်၊ အဝတ်အစားဝတ်တဲ့အခါ ပုံကျချပ်ရပ်ချင်တဲ့သူတွေကလည်း လိုတဲ့အချိန်ခဏဝတ်ကြတယ်။ တကယ်စွမ်းတယ်ဆိုတဲ့ သတင်းတွေကလည်း မွှေးတယ်ကိုး။

ဒါပေမယ့် တစ်ဖက်မှာလည်း ဘာဆိုးကျိုးများရှိနေမလဲ စိုးရိမ်မှုတွေရှိနေပါတယ်။ ဒါဝတ်ထားလို့ ဘာတွေကောင်းကျိုးရှိမလဲ၊ ဘယ်အချက်တွေကို စိုးရိမ်ဖို့လိုမလဲဆိုတာ ကျန်းမာရေးပညာရှင်တွေ ဘယ်လိုသုံးသပ်ကြလဲ ကြည့်ရအောင်။

Waist trainer ကြောင့် ဖြစ်လာနိုင်တယ်လို့ဆိုကြတဲ့ ကောင်းကျိုးတချို့

ခါးသေးဗိုက်ချပ် ကိုယ်နေဟန်ထား

လက်တွေ့သူ့ကိုဝတ်လိုက်တဲ့အခါ ချပ်ရပ်သွားစေတာက အသိသာဆုံးကောင်းကျိုးပေါ့။ အထူးသဖြင့် ကိုယ်လုံးပေါ်စေတဲ့ မြန်မာဝတ်စုံလေးတွေဝတ်မယ်ဆို ကွက်တိပါပဲ။ သီအိုရီအရလည်း ကြာကြာဝတ်ထားရင် တဖြည်းဖြည်းနဲ့ ဒီအတိုင်းအချိုးအစားကျလာမယ်လို့ဆိုပါတယ်။

အမေရိကန်ကျန်းမာရေးဌာနတစ်ခုရဲ့လေ့လာမှုအရတော့ ဗိုက်ချပ်ဝတ်စုံဝတ်ထားတာက ကိုယ်နေဟန်ထားကို သိသိသာသာပြောင်းလဲစေမှာမဟုတ်ဘူးလို့ ဖော်ပြခဲ့ပါတယ်။ ကိုယ့်ခန္ဓာကိုယ်က ခဏတာဒီပုံသဏ္ဍာန်ဖြစ်သွားတယ်ဆိုရင်တောင်မှာ Waist trainer ကြောင့် ဒီအနေအထားကို ကြာရှည်မထိန်းထားနိုင်ဘူးလို့ဆိုပါတယ်။ ဆိုလိုတာက သူ့ကိုအမြဲဝတ်ထားပြီးနောက်ပိုင်း ပြန်ချွတ်ထားလိုက်တဲ့ ခဏတာအတွင်းမှာပဲ အနေအထားထိန်းထားနိုင်မှာပါ၊ ရေရှည်ရလဒ်မဖြစ်နိုင်ပါဘူး။

ပိန်သွားမယ်

Waist trainer ဝတ်ထားလို့ ကိုယ်အလေးချိန် အနည်းငယ်တော့ယာယီကျနိုင်ပါတယ်။ တင်းတင်းကျပ်ကျပ် စည်းထားတဲ့အတွက် အစားလည်းနည်းသွားနိုင်လို့ပါ။ ဒါပေမယ့် ကျသွားတာဟာ အဆီတွေထက် ခန္ဓာကိုယ်ရဲ့ အရည်ဓာတ်တွေပဲ ပိုပြီးဖြစ်နိုင်ပါတယ်။ အစာအိမ်ကို ညှစ်ထားမှာဖြစ်လို့ အစားနည်းသွားမယ့်အပြင် ရေသောက်လည်းနည်းသွားနိုင်ပါတယ်။

တကယ်တော့ ဒါကိုပဲလုံးဝအားကိုးပြီး တောက်လျှောက်ဝတ်ထားတာထက် သင့်တော်တဲ့အချိန်အပိုင်းအခြားသာ ဝတ်ပြီး လေ့ကျင့်ခန်းနဲ့ အစားဆင်ခြင်နည်း ကိုပါ တွဲဖို့ Waist trainer ရောင်းချတဲ့ကုမ္ပဏီတွေကတောင် အကြံပြုထားတာတွေ့ရပါတယ်။ လေ့ကျင့်ခန်းလုပ်ချိန်မှာပါဝတ်ထားဖို့ တချို့က ပြောကြပေမယ့် အားကစားလုပ်ချိန်မှာ မဝတ်ထားတာကောင်းပါလိမ့်မယ်။ လေ့ကျင့်ခန်းလုပ်နေချိန်မှာ တစ်ရှူးတွေ၊ ကြွက်သားတွေက အောက်ဆီဂျင်လိုအပ်ပါတယ်။ ဒီလိုဝတ်ထားတဲ့အခါ အသက်ရှူရကျပ်စေနိုင်ပြီး ကိုယ်တွင်းလုပ်ဆောင်ချက်တွေမှာ အဟန့်အတားဖြစ်စေနိုင်ပါတယ်။

စားချင်စိတ်နည်းစေတယ်

အပေါ်မှာပြောခဲ့သလိုပဲ သူက အစာအိမ်ကိုညှစ်ထားသလိုဖြစ်စေမှာမို့ မြန်မြန်ဗိုက်ပြည့်သလို ခံစားရစေပါတယ်။ ဒါကြောင့်ပဲ အစားနည်းသွားစေတာပေါ့။

ဒါ့ကြောင့် ကိုယ်စားမိတဲ့ နည်းနည်းလေးက ခန္ဓာကိုယ်အတွက်လိုအပ်တဲ့ အာဟာရဓာတ်တွေ ပါဝင်နေဖို့လိုပါတယ်။ ဒါမှ ကျန်းမာရေးကို ထိန်းထားနိုင်ဖို့ လုံလောက်မှာပါ။ မဟုတ်ရင် အားနည်းလာပါလိမ့်မယ်။

ပုံစံကျလာမယ်

Waist trainer ဝတ်ထားတဲ့အချိန်မှာ နဂိုခါးကိုင်းကိုင်းနေတတ်တဲ့သူတောင် ကျော့ကျော့မတ်မတ်လေး နေဖြစ်သွားပါလိမ့်မယ်။ လူကို ကိုယ်နေဟန်ထား ပုံစံကျသွားစေပါတယ်။ ဒါပေမယ့် အမြဲဝတ်ထားရင်တော့ ပင်မကြွက်သားတွေကို အားနည်းစေပြီး သူ့ကိုချွတ်လိုက်တာနဲ့ ခါးနာတာ၊ အနေအထားပျက်တာတွေ ဖြစ်နိုင်တဲ့အန္တရာယ်ရှိပါတယ်။

ဘာဆိုးကျိုးတွေ ရှိနိုင်မလဲ

အသက်ရှူမဝတာ

လေ့လာမှုအရ waist trainer က အဆုတ်ရဲ့လုပ်ဆောင်နိုင်စွမ်းကို ၃၀ ရာခိုင်နှုန်းကနေ ၆၀ ရာခိုင်နှုန်းထိ လျော့နည်းစေတယ်လို့ သိရတယ်။ အချိန်ကြာလာရင် နောက်ဆုံးမှာ အဆုတ်ထဲ အရည်စုခြင်း၊ ရောင်ရမ်းခြင်းတွေအထိ ဖြစ်စေနိုင်တယ်၊ အသက်ရှူလမ်းကြောင်းပြဿနာကြောင့် ပြန်ရည်စနစ်ကို ထိခိုက်စေနိုင်ပြီး ကိုယ်တွင်းအဆိပ်အတောက်တွေကို သန့်စင်ရာမှာ ပြဿနာရှိလာနိုင်တယ်။

အစာခြေစနစ်ပြဿနာ

Waist trainer ဝတ်ထားတဲ့အခါ ခါးနဲ့ဗိုက်က အဆီနဲ့အရေပြားကိုပဲ ချုပ်ညှစ်ထားတာမဟုတ်ဘဲ အတွင်းက ကိုယ်တွင်းအစိတ်အပိုင်းတွေကိုပါ ဖိညှစ်မိတာဖြစ်ပါတယ်။ အူသိမ်ဦး၊ အစာအိမ်နဲ့ အူတွေအပါအဝင် အစာခြေစနစ်အစိတ်အပိုင်းတွေကို ညှစ်မိတဲ့အခါ အစာအိမ်ထဲက အက်စစ်တွေ အူသိမ်ဦးထဲပြန်ရောက်စေပြီး ရင်ပူခြင်းကို ဖြစ်စေပါတယ်။ ကိုယ့်မှာ စားချဉ့်ရည်ပြန်ဆန်တက်တဲ့ရောဂါ(GERD) ရှိတယ်ဆိုရင် waist trainer ဝတ်လို့ ပိုဆိုးနိုင်ပါတယ်။

အတွင်းပိုင်းထိခိုက်မှု

ခန္ဓာကိုယ်အလယ်ပိုင်းကို ချုပ်ညှစ်ထားတဲ့အခါ အသည်းနဲ့ ကျောက်ကပ်တို့လို ကိုယ်တွင်းအင်္ဂါတွေကို ပုံမှန်အနေအထားကနေ ပျက်ယွင်းစေပါတယ်။ ကိုယ်တွင်းအင်္ဂါတွေကို ပြွတ်သိပ်ကျပ်ညက်စေခြင်းက သွေးလည်ပတ်မှုကို ထိခိုက်စေပြီး သူတို့ရဲ့လုပ်ဆောင်ချက်တွေမှာလည်း အပြောင်းအလဲဖြစ်စေပါတယ်။

သိပ်ကြာလာရင် ပိုဆိုးတာက ကြွက်သားသန်မာမှုကိုလျော့စေတာအပြင် နံရိုးကျိုးအက်တာတွေအထိ ဖြစ်စေနိုင်ပါတယ်။

ဘေးကင်းအောင် ဘယ်လိုလုပ်ရမလဲ

တကယ်တော့ တန်ဆေး၊ လွန်ဘေး ဆိုတဲ့အဓိပ္ပာယ်ပါပဲ။ ကောင်းကျိုးလေးတွေလည်းရှိ၊ အသုံးဝင်တဲ့ အသုံးအဆောင်တစ်ခုမို့ ကိုယ့်အတွက်အန္တရာယ်ဖြစ်မလာအောင် ဉာဏ်ရှိရှိသုံးနိုင်ဖို့ပဲလိုပါတယ်။ ဆိုးကျိုးတွေကိုဖတ်မိတာနဲ့ ကြောက်လန့်ပြီး ကိုယ်တန်ဖိုးကြီးကြီးပေးဝယ်ထားရတဲ့ waist trainer ကို လွှင့်မပစ်ပါနဲ့ဦး။

အကောင်းဆုံးက အမြန်ပိန်ချင်ဇောနဲ့ သူ့ကို အရမ်းတင်းကျပ်ကြီးမဝတ်ပါနဲ့၊ ကိုယ်ခံနိုင်သလောက်ပဲ ဝတ်ပါ။ တစ်နေ့တာမှာ အများဆုံး ၈ နာရီထက် ပိုမဝတ်ထားပါနဲ့။ နေ့တိုင်းဝတ်မယ်ဆိုရင် အချိန်ကာလကို အရမ်းမကြာပါစေနဲ့။ ကိုယ်ဝယ်ယူခဲ့တဲ့ ကုမ္ပဏီ သို့မဟုတ် ကိုယ့်ရဲ့အားကစားနည်းပြရဲ့ အကြံပြုချက်အတိုင်း ဝတ်ဆင်ပါ။ အလွန်အကျွံကြီး တင်းကျပ်အောင် မဝတ်သရွေ့ ထိခိုက်မှုမရှိနိုင်ပါဘူး။

နောက်တစ်ချက်က ဒါကိုဝတ်ထားရုံတစ်ခုတည်းနဲ့ ပိန်မသွားနိုင်၊ လှမလာနိုင်ပါဘူး။ အဆီကျချပ်ရပ်ဖို့က ကိုယ့်ရဲ့အားထုတ်မှုကို မဖြစ်မနေလိုအပ်ပါတယ်လို့ သတိပေးလိုက်ပါတယ်နော်။

Hello Health Groupသည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများမပြုလုပ်ပေးပါ။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Ref:

https://www.livestrong.com/article/360074-waist-cincher-training/

Accessed Date Nov 20, 2019.

https://www.healthline.com/health/do-waist-trainers-work

Accessed Date Nov 20, 2019.

https://www.usatoday.com/story/news/nation-now/2015/11/05/waist-whittlers-dangers/75225022/

Accessed Date Nov 20, 2019.

 

ယခုပုံစံ

26/08/2022

Yun Sandi Nan Mon မှ ရေးသားသည်။

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ဗိုက်ချပ်အဆီကျဖို့ ကြိုးစားတဲ့အခါ မှန်းသလောက် အရာမထင်တာ ဘာကြောင့်လဲ

ဗိုက်ပူနေသူတွေ အဆီကျစေမယ့် အကောင်းဆုံးနည်းလမ်းများ



Yun Sandi Nan Mon မှ ရေးသားသည်။ · 26/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement