အဲကွန်း မရှိဘဲ နွေရာသီကို ဘယ်လိုဖြတ်ကျော်မလဲ။

    အဲကွန်း မရှိဘဲ နွေရာသီကို ဘယ်လိုဖြတ်ကျော်မလဲ။

    နွေရာသီရောက်လာပြီဆိုကတည်းက အိမ်တိုင်းမှာ အဲကွန်း တွေ၊ ပန်ကာတွေကို ပြန်ပြီး အသုံးပြုလာရပါပြီ။ အထူးသဖြင့် အဲကွန်းက ထွက်တဲ့ လေအေးအေးက နေလို့ကောင်းပြီး အင်မတန်မှ သက်သောင့်သက်သာရှိလှပါတယ်။ ဒါပေမယ့် မီတာငွေ ပိုမိုကုန်ကျမှာ စိုးရိမ်တာကြောင့်ပဲဖြစ်ဖြစ်၊ ကိုယ့်ကျန်းမာရေးကြောင့်ပဲဖြစ်ဖြစ် အဲကွန်းကို ဆက်တိုက် မဖွင့်ချင်တဲ့အခါ အောက်ပါနည်းလမ်းတွေကို အသုံးပြုလို့ရပါတယ်။ အိမ်မှာ အဲကွန်းမရှိဘူးဆိုရင်လည်း ခုပြောမယ့် နည်းလမ်းတွေက အသုံးဝင်နေဦးမှာပါပဲ။

    အဲကွန်း မရှိဘဲ နွေရာသီကို ဖြတ်ကျော်နိုင်စေဖို့

    အပူချိန်များတာက အပူလျှပ်တာလိုမျိုး ပြင်းထန်တဲ့ ကျန်းမာရေး ပြဿနာတွေ ဖြစ်နိုင်တာကြောင့် တတ်နိုင်သမျှ ကိုယ်တွင်းကိုယ်ပ အပူချိန်ကို လွန်ကဲမလာအောင် ထိန်းဖို့ လိုပါတယ်။ စရိတ်နည်းနည်းနဲ့ အပူဒဏ်ကို အံတုဖို့ဆိုရင်

    • နေ့ဘက်မှာ လိုက်ကာတွေကို ပိတ်ထားပါ။

    အေးချင်ပါတယ်ဆိုမှ လိုက်ကာတွေလာပိတ်နေခိုင်းရသလားလို့ အပြောမစောပါနဲ့ဦး။ နွေရာသီမှာ လိုက်ကာတွေဖွင့်ထားတာက နေရောင်ခြည်ကို အိမ်ထဲတိုက်ရိုက်ကျစေပြီး အိမ်တွင်းအပူချိန်ကို တက်စေပါတယ်။ ရုတ်တရက်ဆို မှန်လုံအိမ်နဲ့ တူနေပါတယ်။

    ဒါကြောင့် နေ့ဘက်မှာ လိုက်ကာတွေကို ပိတ်ထားပါ။ ဒါပေမယ့် ပြတင်းပေါက်တွေကို ဖွင့်ထားပါ။ ဒါဆိုရင် လေပဲဝင်ပြီး နေထိုးတော့မှာ မဟုတ်ပါဘူး။ လိုက်ကာတွေကို အပူစုပ်တဲ့ ခပ်မှိုင်းမှိုင်းအရောင်တွေ သုံးနိုင်ပါတယ်။

    • မီးတွေကို မလိုရင် ပိတ်ထားပါ။

    မီးလုံး၊ မီးချောင်းတွေက အလင်းရောင်တင် ပေးတာမဟုတ်ပါဘူး။ ကြာလာရင် အပူချိန်ပါတက်ပြီး အိမ်ခန်းတွင်းမှာ ပူအိုက်လာပါတယ်။ ဒါကြောင့် မီးလုံး၊ မီးချောင်းတွေကို မလိုရင် ပိတ်ထားလိုက်ပါ။

    • ပွပွချောင်ချောင် အဝတ်တွေကို ဝတ်ဆင်ပါ။

    ပွပွချောင်ချောင်နဲ့ ချွေးစုပ်တဲ့ ချည်သားအဝတ်အထည်တွေကို ဝတ်ဆင်ပါ။ အမျိုးသမီးတွေအနေနဲ့ အိမ်မှာနေရင် တတ်နိုင်သမျှ အတွင်းခံဝတ်တာကို လျှော့ပါ။

    • ရေသောက်ပါ။

    ဒါကတော့ ဆာဆာမဆာဆာ သောက်ရပါမယ်။ ချွေးထွက်တာကြောင့် ရေဓာတ်ဆုံးရှုံးမှုက သာမန်အချိန်ထက် ပိုများပါတယ်။ အချိုရည်တွေထက်စာရင် ရေ၊ ဓာတ်ဆားရည်၊ အချိုလျှော့ထားတဲ့ သဘာဝသစ်သီးဖျော်ရည်တွေကို သောက်ပေးပါ။ သာမန်ရေထက် ခပ်အေးအေး ရေကို သောက်ပေးနိုင်ပါတယ်။

    ရေသောက်တာအပြင် သစ်သီးတွေကို ရေခဲသေတ္တာထဲမှာ ထည့်ပြီး စားတာ၊ ဖျော်ရည်တွေကို ရေခဲတုံးလေးတွေ ခဲပြီး စားတာ စတာကလည်း ရေဓာတ်ဖြည့်ဖို့ အထောက်အကူ ဖြစ်ပါတယ်။

    • ကိုယ်တွင်းအပူချိန်ကို လျှော့ချပါ။

    ဒါက အပူလျှပ်တဲ့ လူနာတွေမှာ သုံးတဲ့နည်းလမ်းပါ။ ကိုယ်တွင်းအပူချိန်ကို အမြန်ချနိုင်မယ့် နည်းလမ်းတစ်ခုပါ။ ပဝါအသေး ၆ခုကို ရှာပြီး ရေထဲ နှစ်ထားပါ။ ရေညှစ်ပြီး လည်ပင်း မေးရိုးအောက် ဘယ်ညာ၊ ချိုင်းကြား ဘယ်ညာ၊ ပေါင်ခြံ ဘယ်ညာမှာ ကပ်ထားပါ။ ရေခြောက်သွားရင် ထပ်ကပ်နိုင်ပါတယ်။

    သက်သောင့်သက်သာလေး လှဲပြီး ရေဝတ်လေးတွေ ကပ်နေတာကလည်း ကိုယ်တွင်းအပူချိန်ကို ကျစေပါတယ်။

    • ရေချိုးပါ။

    အများစုက အရင်လို မြစ်စပ်ကမ်းစပ်မှာ မဟုတ်ဘဲ အိမ်မှာပဲ ချိုးကြတာဆိုတော့ ဘယ်အချိန်ချိုးချိုး ရပါတယ်။ နေပူထဲက ပြန်လာလာချင်းသာ မချိုးပါနဲ့။ ရေချိုးတဲ့အခါ ရေပန်း ဒါမှမဟုတ် ခွက်နဲ့ ဖြည်းဖြည်းလောင်းချပြီး အေးဆေးချိုးပါ။ ရိုးရိုးရေ သုံးရင် ရပါပြီ။ ရေခဲရေ မသုံးရပါ။

    ညအိပ်ခါနီးရင်လည်း အေးအေးလေး အိပ်ရအောင် ချိုးနိုင်ပါတယ်။ လူကြီးတွေက ရေချိုးရမှာ ကြောက်ရင် ရေပတ်ဝတ် ရွှဲရွှဲသုတ်ပေးပါ။

    အဲကွန်း မရှိဘဲ နွေရာသီကို ဘယ်လိုဖြတ်ကျော်မလဲ။

    • ဆံပင်စည်းထားပါ။

    အထူးသဖြင့် အမျိုးသမီးတွေပါ။ ဆံပင်ကို ခပ်ပွပွနဲ့ ဂုတ်မှာ ရှုပ်မနေအောင် စည်ထားပါ။ မဟုတ်ရင် ဂုတ်နဲ့ လည်ပင်းမှာ အပူအောင်းပြီး ချွေးထွက်တတ်လို့ပါ။ ဒီကနေမှတဆင့် မိတ်ဖုတွေ ပေါက်လာနိုင်ပါတယ်။ ညအိပ်ရင်လည်း ဆံပင်ကို ခပ်ဖွဖွ ထုံးပြီး ဂုတ်မှာ ရှင်းနေအောင် ထားပြီး အိပ်ပါ။

    • ညဘက်မှာ ပြတင်းပေါက်တွေ ဖွင့်ထားပါ။

    ဒီတစ်ခါတော့ ပြတင်းပေါက်ရော၊ လိုက်ကာရော ဖွင့်ထားလို့ ရပါပြီ။ နေဝင်ပြီး ညနေပိုင်းလောက်ကစပြီး ဖွင့်ထားနိုင်ပါတယ်။ တစ်နေ့တာ အိမ်ထဲက အပူတွေကို ညလေအေးလေးက ရှင်းထုတ်ပေးမှာပါ။

    • ခေါင်းအုံစွပ်ကို ရေခဲသေတ္တာထဲမှာ အအေးခံထားပါ။

    ခေါင်းချလိုက်တာနဲ့ ပူတဲ့ ခံစားချက်မျိုး မခံစားချင်ဘူးဆိုရင် ခေါင်းအုံးစွပ်ကို အိတ်သန့်သန့်လေးနဲ့ ထည့်ပြီး ရေခဲသေတ္တာထဲမှာ ထည့်ထားပါ။ နေ့ပိုင်းမှာ ထည့်ထားပြီး အိပ်ခါနီးကျ ပြန်ထုတ်၊ စွပ်လိုက်ရင် အေးအေးလူလူ အိပ်နိုင်ပါပြီ။ အခန်းအပူချိန်ကြောင့် အများစိုးရိမ်နေသလို ဦးနှောက်သွေးကြောပြတ်လောက်အောင် အေးခဲနေမှာ မဟုတ်လို့ စိတ်ပူစရာ မရှိပါဘူး။

    • ပန်ကာလေကို အေးအောင် လုပ်ပါ။

    ဒါက အဲကွန်း အစားထိုး နည်းလမ်းတစ်ခုပါ။ ရေခဲဇလုံ ဒါမှမဟုတ် ရေဇလုံ ဒါမှမဟုတ် ရေစိုထားတဲ့ အဝတ်ပါးပဲဖြစ်ဖြစ် ပန်ကာရှေ့မှာ ချထားပြီး လေမှုတ်ထားပါ။ ဒါဆို ပန်ကာက လာတဲ့လေက အနည်းနဲ့ အများတော့ အေးနေမှာပါ။ အဲကွန်းက ထွက်တဲ့ လေလောက် မအေးပေမယ့် သက်သောင့်သက်သာတော့ ဖြစ်မှာပါ။

    ဒါက ကိုယ်အိပ်မယ့် အိပ်ရာခင်း ဒါမှမဟုတ် စောင်ကို ရေစွတ်ပြီး အေးအောင် လုပ်တာပါ။ ဒီက လူတွေလည်း သိပ်ပူတဲ့ နွေညမျိုးဆို လုပ်တတ်ကြပါတယ်။ ဒါပေမယ့် ရေစိုအဝတ်နဲ့ အိပ်တာက မနက်ကျရင် ကိုယ်လက်ကိုက်ပြီး နေမကောင်းဖြစ်တယ်လို့ ပြောကြပါတယ်။ ဒီလိုမဖြစ်အောင် နည်းလမ်းအမှန်ကို ပြောပြပေးပါ့မယ်။

    ကိုယ်အိပ်မယ့် အိပ်ရာခင်း ဒါမှမဟုတ် စောင်အပါးကို ရေစိုရုံ ဖြန်းပြီး စိုထိုင်းထိုင်းဖြစ်သည်အထိ အခြောက်ခံပါ။ ဖျာဆိုရင်လည်း ရေဖြန်းပြီး ပြန်သုတ်ပါ။ သိပ်စိုလွန်း သိပ်ခြောက်လွန်း အစွန်းနှစ်ဖက်ကို ရှောင်ရပါမယ်။ ပြီးမှ ဒါကို ခင်းအိပ်တာ၊ ခြုံအိပ်တာ လုပ်ရပါမယ်။ ရေစွတ်ထားတဲ့ အိပ်ရာမှာ အိပ်မယ်ဆို ပန်ကာကို လျှော့ရပါမယ်။ ကိုယ်တွင်းအပူချိန်ကြောင့် မကြာခင်မှာ ခြောက်သွားမှာပါ။ ဒီမတိုင်ခင်တော့ အေးအေးလေး အိပ်ရတာပေါ့။

    ဒီလိုဆို အေးအေးလေး အိပ်ရပြီး မနက်ကျရင် နေမကောင်းဖြစ်မှာလည်း မဟုတ်တော့ပါဘူး။

    အဲကွန်းမရှိတဲ့ နွေရာသီ

    တစ်နေ့တခြား မြင့်တက်လာတဲ့ အပူချိန်ကြောင့် နွေရာသီမှာ နေရထိုင်ရခက်လာတာ အမှန်ပါ။ အဲကွန်း မရှိတဲ့ နွေညတွေက ခြောက်ခြားစရာ ဖြစ်လာပါပြီ။
    ဒီလိုမဖြစ်အောင် သဘာဝကျပြီး ကုန်ကျစရိတ်သက်သာတဲ့ နည်းလမ်းလေးတွေနဲ့ နွေရာသီကို အံတုလိုက်ပါ။

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Htet Htet Zaw Win


    Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 09/03/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement
    advertisement
    advertisement
    advertisement