backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်

လူနာများ၏ တာဝန်ဝတ္တရားများ


Dr. Thant Zin မှ ရေးသားသည်။ · 23/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

လူနာများ၏ တာဝန်ဝတ္တရားများ

လူအများ ခေတ်မီတိုးတက်လာခြင်း၊ အသိဉာဏ်ပညာ ဗဟုသုတတိုးပွားလာခြင်း၊ သတင်းအချက်အလက်များစီးဆင်းမှု မြန်ဆန်လာခြင်းနဲ့အတူ ကျန်းမာရေးစောင့်ရှောက်မှု နယ်ပယ်မှာလည်း အများကြီးပြောင်းလဲလာပါတယ်။ လူနာများဟာ ယခင်ကလို ဆရာဝန်ရဲ့ ကုသမှုတွေကို မျက်စိမှိတ်လက်ခံခြင်း မပြုတော့ဘဲ မကျေလည်တဲ့အချက်တွေရှိရင် အပြန်အလှန်ဆွေးနွေးခြင်း၊ လက်ခံခြင်း/ငြင်းပယ်ခြင်းတွေ ပြုလုပ်လာကြပါတယ်။ ဆရာဝန်များ၊ ဆေးရုံများရဲ့ ပေါ့ဆမှုအတွက် တရာစွဲဆိုမှုတွေလည်း နောက်ပိုင်းမှာ များပြားလာပါတယ်။

ကမ္ဘာ့ဆေးပညာအသင်းကြီးကနေ လူနာတွေရဲ့အခွင့်အရေးနဲ့ ရပိုင်ခွင့်ကိစ္စနဲ့ပတ်သက်ပြီး လစ္စဘွန်းကြေငြာစာတမ်းဆိုပြီး ထုတ်ပြန်ခဲ့ပါတယ်။ သတင်းအချက်အလက်ခေတ်မှာ လူနာများရဲ့ ရပိုင်ခွင့်နဲ့ပတ်သက်ပြီး အတော်လေး နိုးကြားလာပါတယ်။

ဒီနေရာမှာ သတိချပ်သင့်တာက အခွင့်အရေးနဲ့ရပိုင်ခွင့် (Right) ရဲ့တဖက်မှာ တာဝန်ယူခြင်း၊ တာဝန်ခံခြင်း (Responsibility) ဆိုတာ ရှိနေပါတယ်။ လူနာများဟာ ဆေးကုသမှုခံယူချိန်မှာ ဘယ်လိုအခွင့်အရေးတွေ ရသင့်သလဲဆိုတာ သိထားသင့်သလို တာဝန်ယူရတဲ့အပိုင်းတွေကိုလည်း နားလည်ထားဖို့လိုပါတယ်။

လူနာတစ်ဦးရဲ့ တာဝန်များနဲ့ ပတ်သက်ပြီး အမျိုးမျိုးသတ်မှတ်ထားကြတာရှိပေမယ့် အဓိကသဘောတရားတွေကတော့ အတူတူပဲဖြစ်ပါတယ်။

ဒီဆောင်းပါးမှာဖော်ပြလိုတဲ့ အကြောင်းအရာတွေကတော့ အမေရိကန်နိုင်ငံ ဂျွန်ဟော့ပ်ကင်း ဆေးတက္ကသိုလ်/ဆေးရုံမှာ သတ်မှတ်ထားတဲ့ လူနာများရဲ့ တာဝန်ဝတ္တရားအကြောင်းများပဲ ဖြစ်ပါတယ်။ ဘာကြောင့် ဂျွန်ဟော့ပ်ကင်းဆေးရုံကို ရွေးချယ်ဖော်ပြရသလဲဆိုရင် လောလောဆယ်မှာ ကမ္ဘာ့အကောင်းဆုံးဆေးရုံလို့ သတ်မှတ်ထားတဲ့အတွက်ကြောင့် ဖြစ်ပါတယ်။

လူနာများရဲ့ တာဝန်ဝတ္တရားနဲ့ပတ်သက်ပြီး ဖော်ပြထားတဲ့အနက်က အချက်အလက်အချို့ကို အောက်ပါအတိုင်း ရွေးချယ်ဖော်ပြလိုပါတယ်။

၁။ လူနာများသည် မိမိတို့၏ ကျန်းမာရေးအခြေအနေနှင့် ကိုယ်ရေးကိုယ်တာအချက်အလက်များကို တိကျစွာဖော်ပြရမည်

ဒီနေရာမှာ ကျန်းမာရေးအခြေအနေကို ပြည့်ပြည့်စုံစုံဖွင့်ပြောဖို့အပြင် နေရပ်လိပ်စာ၊ တယ်လီဖုန်း၊ မွေးသက္ကရာဇ်စတဲ့ အချက်အလက်တွေပါ မှန်ကန်တိကျစွာ အသိပေးထားဖို့ လိုပါတယ်။ (ဒီသတင်းအချက်အလက်တွေကိုလည်း တခြားမပေါက်ကြားဖို့ ဆေးရုံက တာဝန်ခံရပါတယ်။)

၂။ မိမိကို ကျန်းမာရေးစောင့်ရှောက်မှုပေးသူများအား လေးစားသမှုရှိရမည်

ဒီနေရာမှာ ဆရာဝန်၊ သူနာပြုတွေကစပြီး သန့်ရှင်းရေးဝန်ထမ်းတွေအထိ အကျုံးဝင်တယ်လို့ ဖော်ပြထားပါတယ်။ ညွှန်ကြားချက်တွေကို လိုက်နာဖို့ လိုပါတယ်။ လူနာမှာ ငြင်းပယ်ပိုင်ခွင့်၊ ရွေးချယ်ပိုင်ခွင့်ရှိပေမယ့် အဲဒီ ငြင်းပယ်ခြင်း/ရွေးချယ်ခြင်းရဲ့ အကျိုးဆက်ကတော့ လူနာမှာ တာဝန်ရှိပါတယ်။

၃။ နားမလည်မှုရှိလျှင် ပြန်လည်မေးမြန်းပါ

ကျန်းမာရေးအခြေအနေ၊ ဆေးဝါးများသုံးစွဲပုံနဲ့ ပတ်သက်ပြီး ဆရာဝန်၊ သူနာပြုများက ရှင်းလင်းညွှန်ပြဖို့ တာဝန်ရှိသလို ကျေကျေလည်လည်မရှိတဲ့အချက်တွေဆိုရင် သဘောပေါက်သည်အထိ မေးမြန်းဖို့ လူနာများဘက်ကလည်း အားစိုက်ထုတ်ရပါတယ်။

၄။ မိမိကျန်းမာရေးအခြေအနေ၏ ပြောင်းလဲမှုမှန်သမျှကို ဖွင့်ပြောရမည်

ကိစ္စတချို့ဟာ လူနာကိုယ်တိုင်ဖွင့်ပြောမှ ဆရာဝန်၊ သူနာပြုများ သိမြင်နိုင်မှာဖြစ်ပါတယ်။ ဥပမာ ဆီးအရောင်/ဝမ်းအရာင်ပြောင်းခြင်း၊ အမြင်အာရုံပြောင်းလဲခြင်း စတဲ့ကိစ္စမျိုးတွေ ဖြစ်ပါတယ်။

၅။ မိမိရဲ့ ကျန်းမာရေးစောင့်ရှောက်မှုအတွက်လည်း တာဝန်ယူပါ

ဒီအချက်ကို ရုတ်တရက်ကြည့်ရင် မျက်စိလည်နိုင်ပါတယ်။ တကယ်တော့ ဆရာဝန်၊ သူနာပြုများမှာ တာဝန်ယူရတဲ့အပိုင်းရှိသလို လူနာကိုယ်တိုင်တာဝန်ယူရတဲ့အပိုင်းလည်း ရှိပါတယ်။ ဥပမာ အစာအိမ်လူနာတစ်ယောက်ကို အပူအစပ်များရှောင်ဖို့ ဆရာဝန်က တိုက်တွန်းချိန်မှာ လူနာဟာ မတည့်တာတွေ ရှောင်ကြဉ်ဖို့ တာဝန်ရှိပါတယ်။ ချုပ်ထားတဲ့အနာကို ရေမစိုရလို့ မှာကြားရင် ရေမစိုအောင် ဂရုစိုက်ရပါတယ်။ ပေးထားတဲ့ဆေးကုန်အောင်သောက်ဖို့၊ ဆရာဝန်ညွှန်တဲ့ လေ့ကျင့်ခန်းတစ်ခုခု ပုံမှန်လုပ်ဖို့ စတာတွေလည်း ပါဝင်ပါတယ်။

၆။ ဆေးရုံဝန်ထမ်းများရဲ့ ခွင့်ပြုချက်မရှိဘဲ ဖုန်း (သို့) အခြားကိရိယာများဖြင့် ဓါတ်ပုံ၊ ဗီဒီယိုရိုက်ခြင်း၊ မှတ်တမ်းတင်ခြင်းမပြုရ

လူ့အခွင့်အရေးကို တန်ဖိုးအထားဆုံးလို့ သတ်မှတ်ထားတဲ့ အမေရိကရဲ့ အကောင်းဆုံးဆေးရုံကြီးမှာ ဒီလိုသတ်မှတ်ချက်ရှိပါတယ်။ တကယ်တော့ လူ့အခွင့်အရေးဆိုရာမှာ မိမိအခွင့်အရေးကို ကာကွယ်သလို သူတစ်ပါးရဲ့အခွင့်အရေးကို လေးစားတန်ဖိုးထားခြင်းလည်း ပါဝင်နေပါတယ်။ ဆေးရုံ/ဆေးခန်းတွေမှာ ဓါတ်ပုံ/ဗီဒီယိုတွေရိုက်ပြီး လူမှုကွန်ရက်ပေါ်တင်ပြီး ပြစ်တင်ဝေဖန်ခြင်းဟာ မှန်ကန်တဲ့ဖြေရှင်းမှု မဟုတ်ပါဘူး။

၇။ ကျန်းမာရေးဝန်ထမ်းများနှင့် အခြားလူနာများ၏ အတွင်းရေးများကို ထိန်းသိမ်းထားပါ။

ဆေးရုံဆေးခန်းများဟာ လူနာရဲ့အတွင်းရေးကို ထိန်းသိမ်းထားဖို့ တာဝန်ရှိသလို လူနာများဟာလည်း မိမိကိုပြုစုကုသနေသူများ၊ အခြားလူနာများရဲ့ အတွင်းရေးများကို ထိန်းသိမ်းပေးထားဖို့ တာဝန်ရှိနေပါတယ်။ (အတွင်းရေးကိစ္စတွေကို ဘယ်လိုအခြေအနေတွေမှာပဲ ဖွင့်ဟခွင့်ရှိသလဲဆိုတာ နောင်မှာ ဆက်လက်ဖော်ပြပေးသွားပါမယ်)

အထက်ပါအချက်အလက်များကတော့ ဂျွန်ဟော့ပ်ကင်းဆေးရုံက ယုံကြည်လက်ခံထားတဲ့ လူနာများရဲ့ တာဝန်ဝတ္တရားများအကြောင်းပဲ ဖြစ်ပါတယ်။ လူနာများအတွက် ထုတ်ပြန်တဲ့ တာဝန်ဝတ္တရားဆိုတာလည်း တကယ်တော့ လူနာတွေရဲ့ အကျိုးအတွက်လည်း ပါဝင်ပါတယ်။

ဘယ်နေရာမှာမဆို ရပိုင်ခွင့်တွေရှိနေသလို ပြန်လည်စောင့်ထိန်းရတဲ့ တာဝန်ဝတ္တရားတွေလည်း ရှိနေပါတယ်။ ဆေးရုံဆေးခန်း (သို့) ဆရာဝန်များနဲ့ လူနာများဟာ မိမိတို့ကိုယ်စီကိုယ်ငှ ရပိုင်ခွင့်နဲ့ တာဝန်ဝတ္တရားတွေကို သေချာသဘောပေါက်နားလည်ပြီး လုပ်ဆောင်သွားရင် ကုသမှုလုပ်ငန်းစဉ်မှာ ပိုမိုချောမွေ့နိုင်မှာ ဖြစ်ပါတယ်။

..

Dr. Thant

Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများမပြုလုပ်ပေး ပါ။

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


Dr. Thant Zin မှ ရေးသားသည်။ · 23/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement