အပြေးသမားများ ရှောင်ရှားသင့်သောမကောင်းသည့် အလေ့အထများ

    အပြေးသမားများ ရှောင်ရှားသင့်သောမကောင်းသည့် အလေ့အထများ

    သင်ပြေးချင်ပါသလား။ အောက်ဖော်ပြပါ အရာများသည် သင် မလုပ်သင့်သောအကြောင်းအရာများ ဖြစ်သည်။ Runer’s World မှ အထင်ကရပုဂ္ဂိုလ်တစ်ဦးဖြစ်သော Bart Yasso က ဒီလိုဆိုထားပါတယ်။ “တစ်ခါတစ်ရံတွင် တချို့လူတွေဟာကိုယ့်ကိုကိုယ် အပြေးသမားအစစ် မဟုတ်ဘူးလို့ ဆိုကြတယ်။ တကယ်တော့ကျွန်ုပ်တို့အားလုံးဟာအပြေးသမားပါပဲ။ တချို့ကတခြားလူတွေထက် ပိုပြေးနိုင်ရုံပါ။ ကျွန်ုပ် အပြေးသမားအတုနှင့် တခါမျှ မကြုံဖူးပါဘူး။”သင် သည် ပုံမှန်ပြေးနေသူတစ်ယောက်ဆိုလျှင် သင်သည် အပြေးသမားတစ်ယောက် ဖြစ်ပါသည်။ ထို့ကြောင့် ပြေးသည့်အခါတွင်ရှောင်ရှားသင့်သည့်အချက်များကိုသတိထားရန်လိုပါသည်။

    မသင့်လျော်သော ပြင်ဆင်မှု
    အပြေးသမားများသည် ပြေးခြင်းကို ကြိုက်နှစ်သက်ကြပါသည်။ ထိုအချက်ကသင့်ကိုသွေးပူလေ့ကျင့်ခန်း ပြုလုပ်လိုသောဆန္ဒကင်းမဲ့စေသည် ။ အချိန်မရှိခြင်း၊ အလျင်လိုနေခြင်း၊ ပြေးလိုစိတ်တစ်ခုသာရှိနေခြင်းကြောင့်လည်း သွေးပူလေ့ကျင့်ခန်း မလုပ်ခြင်းဖြစ်နိုင်ပါသည်။ သို့သော် ဤအချင်းအရာသည် ရေရှည်တွင် သင့်ကိုထိခိုက်စေပါသည်။ သင့်ကြွက်သားနှင့် သွေးလည်ပတ်မှုစနစ် ကောင်းမွန်စေဖို့ အတွက် သွေးပူလေ့ကျင့်ခန်းလုပ်ရန် လိုအပ်ပါသည်။ အထူးသဖြင့် သင်သည် တစ်နာရီထက်ကျော်လွန်၍ ပြေးမည်ဆိုလျှင်ပေါ့။

    အစတွင် အလွန်မြန်စွာပြေးခြင်း
    တချို့သည် နှေးစွာပြေး၍ တချို့သည် လေကဲ့သို့ လျှင်မြန်စွာပြေးသည်။ သင်၏ကြွက်သားများသည် ခြေလှမ်းများကိုထိန်းညှိနိုင်ရန်အတွက် သွေးပူဖို့အချိန်လိုအပ်ပါသည်။ ရုတ်တရက် အလွန်အကျွံပြေးလွှားခြင်းသည် အပျက်အစီးများကို ဖြစ်စေနိုင် ပါသည်။

    ရေဓါတ်ဆုံးရှုံးခြင်း
    ရေဓါတ်ဆုံးရှုံးခြင်းသည် အပြေးသမားများတွင် အဖြစ်များသော ပြဿနာတစ်ခု ဖြစ်ပါသည်။ အကယ်၍ သင်သည် မိနစ် (၃၀) ထက်ပို၍ ပြေးမည်ဆိုလျှင် ရေဓါတ်ဆုံးရှုံးခြင်းကိုကာကွယ်ရန် လိုအပ်ပါသည်။ တချို့လူတွေကရေသောက်ခြင်းသည် အပိုအချိန်ဖြုန်းနေသည်ဟုထင်ကြသည်။ သို့သော်လည်းရေဓါတ် ဆုံးရှုံးခြင်းက ကြီးမားသော ပြဿနာတစ်ခု ဖြစ်သည်။ ရေဓါတ်အလွန်အကျွံဆုံးရှုံးပါက မူးဝေခြင်း၊ မူးမေ့လဲခြင်းများ ဖြစ်နိုင်သည်။ အပြေးသမားများကြားထဲတွင် မူးမေ့လဲခြင်းက သင့်ကိုအကြည့်ရဆိုးစေသလို စိတ်ကသိကအောက်လည်း ဖြစ်စေနိုင်ပါသည်။

    ပုံစံမမှန်သောစားသောက်မှုပုံစံ
    အချိန်ကြာကြီးပြေးပြီးသောအခါ ဆာလောင်ခြင်းကို ခံစားရသည်မှာ ဓမ္မတာပင် ဖြစ်ပါသည်။ သို့သော်လည်း မိမိသည် အားကစားလုပ် ထားသည်ဆိုပြီး မိမိစားချင်သလိုစား၍ အဆင်မပြေပါဘူး။ ထိုသို့စားခြင်းသည် ခန္ဓါကိုယ်အတွက် ကောင်းမွန်အောင် သင်ပြုလုပ်နေသောအရာများကို ချေဖျက်လိုက်သလိုပင်ဖြစ်သည်။ ကယ်လိုရီ အလွန်အကျွံစားခြင်းသည် သင်အပြေးလေ့ကျင့်ဖို့ ပို၍ခက်ခဲစေနိုင်ပါသည်။

    အအိပ်ပျက်ခြင်း
    ယခုအခါ လူအများစုသည် လုံလောက်စွာ အိပ်စက်ချိန်မရှိကြသည်မှာ အမှန်ကိုဆိုးရွားလှပါသည်။ အပြေးသမားများအတွက် အိပ်စက်ခြင်းသည် ပို၍လိုအပ်ပါ သည်။ အပြေးသမားများသည် ပို၍ကျန်းမာသောကြောင့် အအိပ်ပျက်ခြင်းကို ပုံမှန်လူတွေထက်ပို၍ ခံနိုင်ရည်ရှိပါသည်။ သို့သော် အပြေးသမားတစ်ယောက်အနေနဲ့သူများထက်ပို၍ အိပ်စက်ချိန်လိုအပ်ပါသည် ။ လေ့ကျင့်ရေးများသည် သင့်ခန္ဓါကိုယ်ကိုကျိန်းသေပျက်စီးမှုများရှိစေပြီးထိုပျက်စီးမှုများကို ပြန်လည်ပြုပြင်ဖို့ လုံလောက်သောအိပ်စက်ချိန်လိုအပ်ပါသည်။ အိပ်စက်ချိန်တွင် ကြီးထွားစေသောဟော်မုန်းများထွက်သောကြောင့် ခန္ဓါကိုယ်ရှိ အပျက်အစီးများကို ပြန်လည်ပြုပြင်ပေးနိုင်ပါသည်။ ထို့ကြောင့် ပိုမိုကောင်းမွန်သော အပြေးသမားများဖြစ်နိုင်ရန် နေ့စဉ်လုံလောက်သောအိပ်ချိန်ကို သတ်မှတ်ထားသင့်ပါသည်။

    နာကျင်ခြင်းကိုလျစ်လျူရှုခြင်း
    အကယ်၍သင်သည် ဒဏ်ရာအသေးအဖွဲ့ကို ဂရုမစိုက်ဘဲရေခဲကပ်ခြင်း၊ အကိုက်အခဲပျောက်ဆေးသောက်ရုံနှင့် သက်သာမည်ဟု ယူဆကာ လျစ်လျူရှုထားပါက နောက်ဆက်တွဲဆိုးကျိုးများ ဖြစ်လာနိုင်ပါသည်။ နာကျင်ခြင်းသည် တစ်စုံတစ်ခုမှားယွင်းနေသည်ကို ပြသော သတိပေးချက် တစ်ခုဖြစ်ပြီး အချိန်တစ်ခုယူ၍ ဖြေရှင်းခြင်းက အသင့်တော်ဆုံးသော အဖြေဖြစ်ပါသည်။

    ပြေးခြင်းသည် လူသားများ၏ အခြေခံအကျဆုံးလှုပ်ရှားမှု ဖြစ် သည်။ မကောင်းသောအလေ့အထများကို သိရှိပြုပြင်ပြီးနောက် မှန်ကန်သောနည်းလမ်းဖြင့် ကောင်းမွန်စွာပြေးပါ။ ကျန်းမာခြင်းအကျိုးကိုခံစားပါ။

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    စာရေးသူ ဓာတ်ပုံ
    Dr. Sandar Lin မှ ရေးသားသည်။ 16/10/2020 တွင် ပြန်လည်ပြင်ဆင်ခဲ့သည်။
    Dr. K Zin Thwe မှ ကျွမ်းကျင်စွာ စစ်ဆေးထားပါသည်။