ချိတ်ဆက် လှုပ်ရှားမှု kinetic chain အကြောင်းသိကောင်းစရာ

    ချိတ်ဆက် လှုပ်ရှားမှု kinetic chain အကြောင်းသိကောင်းစရာ

    Kinetic chain ရဲ့ အယူအဆကို ၁၈၇၅ မှာ စတင် အစပြုခဲ့ပြီးတော့ Franz Reuleaux လို့ခေါ်တဲ့ စက်မှုအင်ဂျင်နီယာ က တကယ်လို့ ထပ်နေတဲ့ အစိတ်အပိုင်းတွေဟာ ချိတ်ဆက်အဆစ် (pin joint) တွေနဲ့သာ ဆက်သွယ်နေခဲ့မယ်ဆိုရင် မပြုတ်ထွက်အောင်ဆက်ထားပြီးသား အဆစ်တွေဟာ တစ်ခုလှုပ်လိုက်ရင် နောက်တစ်ခုကပါ လိုက်လှုပ်တဲ့ စနစ်တစ်ခုကို ဖန်တီးနိုင်လိမ့်မယ်လို့ ပြောကြားခဲ့ပါတယ်။

    Dr. Arthur Steindler ဟာ ဒီသီအိုရီကို ၁၉၅၅ မှာ သဘောတူ လက်ခံခဲ့ပြီးတော့ လူတွေရဲ့ လှုပ်ရှားမှုတွေ ပါဝင်တဲ့ ခွဲခြမ်း စိတ်ဖြာမှုတစ်ခုကို ပြုလုပ်ခဲ့ပါတယ်။ Steindler ဟာ လက်ဖျားခြေဖျားတွေကို တောင့်တင်းပြီး ထပ်နေတဲ့ အစိတ်အပိုင်းတွေအဖြစ် မြင်ကြည့်ပြီး Kinetic chain ကို များစွာသော အဆစ်များ အစီအစဉ်တကျ ပေါင်းစပ်ဖွဲ့ စည်းထားသော ရှုပ်ထွေးသော စက်ပစ္စည်းတစ်ခုလိုမျိုး လို့ အဓိပ္ပါယ် ဖွင့်ဆိုခဲ့ပါတယ်။ ဒီအစိတ်အပိုင်းတွေ ကြားထဲမှာ ဖြစ်ပေါ်တဲ့ လှုပ်ရှားမှုကို ပုံစံနှစ်မျိုး ခွဲခြားနိုင်ပါတယ် (ဖွင့်၊ ပိတ်)။

    Open-chain Movement (လွတ်လပ်စွာ လှုပ်ရှားနိုင်ခြင်း)

    Steindler ဟာ open kinetic chain ဆိုတာကို အဆုံးမှာ ရှိတဲ့ အစိတ်အပိုင်းက လွတ်လပ်စွာ လှုပ်ရှားနိုင်တဲ့ အဆစ်တွေ ဆက်တိုက် အစီအစဉ်တကျ ပေါင်းစပ်ခြင်းလို့ အဓိပ္ပါယ် ဖွင့်ဆိုပါတယ်။ open kinetic chain မှာ ကိုယ်ခန္ဓါရဲ့ အဆုံးပိုင်းဟာ လွတ်လပ်စွာ လှုပ်ရှားနိုင်ပြီး ဘာနဲ့မှ ထိန်းထားခြင်းမရှိပါဘူး။

    အောက်ဖေါ်ပြပါတွေကတော့ လွတ်လပ်စွာ လှုပ်ရှားနိုင်သော လေ့ကျင့်ခန်း တွေရဲ့ ဥပမာ အချို့ပဲ ဖြစ်ပါတယ်။

    • Seated leg extension (ထိုင်ရက် ခြေထောက်ကို ဆန့်ထုတ်ခြင်း)
    • Leg curl (မှောက်ရက် ဒူးကွေးခြင်း)
    • Bench press (လှဲအိပ်ပြီး လက်နှစ်ဖက်နဲ့ အလေးမခြင်း)
    • Dumbbell biceps curl (မတ်တပ်ရပ်ပြီး လက်တစ်ဖက်ကို အလေးတစ်ခုစီ ကိုင်ထားပြီး အလေးမခြင်း)
    • Lat pull-down (စက်သီးနဲ့ချိတ်ဆက်ထားသော အလေးလက်ကိုင်ကို လှမ်းဆွဲယူရသော လေ့ကျင့်ခန်း)

    Closed-chain movement

    Steindler က Closed-chain လေ့ကျင့်ခန်းတွေကို အဆုံးအကျဆုံး အစိတ်အပိုင်းက ပြင်းထန်တဲ့ အပြင်က ခုခံအား (သို့) လှုပ်ရှားမှုတွေကို ကန့်သတ်မှု တွေ ရှိတဲ့ ပတ်ဝန်းကျင် အခြေအနေတစ်ခုလို့ အဓိပ္ပါယ် သတ်မှတ်ပါတယ်။

    Closed-chain movementမှာ အဆုံးအကျဆုံး အပိုင်းက အသေဖြစ်ပြီး အဆစ်ရဲ့ ဖိအားကို အလေးပေးကာ အဆစ်တွေကို ထိန်းညှိပေးပါတယ်။ Closed-chain exercise တွေဟာ open-chain exercise တွေထက်ပိုပြီး အသုံးကျကာ အောက်ဖေါ်ပြပါတွေကတော့ Closed-chain exercise တွေရဲ့ ဥပမာအချို့ဖြစ်ပါတယ်။

    · Squat (ထိုင်ထ)

    · Wall slides (နံရံကို နောက်ကျောနဲ့ကပ်နေအောင်မှီထားပြီးလက်နှစ်ဖက်ကို နံရံကိုပွတ်ဆွဲပြီး မြှောက်ခြင်း၊ ချခြင်း ပြုလုပ်သော လေ့ကျင့်ခန်း)

    · Lunges (ဒူးတစ်ဖက်ကို ကြမ်းပြင်မှ ၉၀ ဒီဂရီထောင်ထားပြီး ကျန်ဒူးတစ်ဖက်ကို နောက်ဖက်၌ကွေးထားသော လေ့ကျင့်ခန်း )

    · Elliptical training (စက်ဘီးစီးသကဲ့သို့လေ့ကျင့်ရန် ပြုလုပ်ထားသော စက်နဲ့လေ့ကျင့်ခြင်း)

    · Stair stepper(လှေကားတက်သကဲ့သို့ လေ့ကျင့်ရန်ပြုလုပ်ထားသော စက်နဲ့လေ့ကျင့်ခြင်း)

    · Versa Climber(တောင်တက်သကဲ့သို့လေ့ကျင့်ရန် ပြုလုပ်ထားသော စက်နဲ့လေ့ကျင့်ခြင်း)

    · Push-ups (ဒိုက်ထိုးခြင်း)

    ကိုယ်ခန္ဓါနဲ့ သူ့ရဲ့အစိတ်အပိုင်းတွေအကုန်လုံးဘယ်လို အတူတကွ အလုပ်လုပ်ဆောင်ကြလဲဆိုတာ သိနားလည်ခြင်းဟာ အကျိုးရှိတဲ့ လေ့ကျင့်ခန်း တွေကို ဖြစ်ပေါ်စေဖို့အတွက် အရေးကြီးပါတယ်။

    ဒါ့ပြင် Open-chain နဲ့ closed-chain exerciseတွေရဲ့ ကွဲပြားခြားနားမှုကို သိနားလည်ခြင်းဟာ လူတစ်ယောက်ချင်းစီရဲ့ လိုအပ်ချက်ပေါ်မူတည်ပြီး ဘယ်လိုသင့်တော်တဲ့ လေ့ကျင့်ခန်းတွေကို ရွေးချယ်ရမယ်ဆိုတာကို အကူအညီပေးနိုင်ပါတယ်။

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    ရင်းမြစ်များ
    0
    စာရေးသူ ဓာတ်ပုံbadge
    Dr . Phyu Mon Latt မှ ရေးသားသည်။ 12/05/2020 တွင် ပြန်လည်ပြင်ဆင်ခဲ့သည်။
    Dr. Thurein Hlaing Win မှ အချက်အလက် စစ်ဆေးထားပါသည်။