နှစ်သစ်မှာ ယောဂ စကစားကြမယ့်သူတွေအတွက်

    နှစ်သစ်မှာ ယောဂ စကစားကြမယ့်သူတွေအတွက်

    နှစ်သစ်စချိန်မှာ ကျန်းမာရေးအတွက် အထောက်အကူ ရအောင်ဆိုပြီး အိမ်မှာနေရင်း ယောဂလေ့ကျင့်ခန်း လုပ်ချင်တယ်။ ဘယ်ကနေ ဘယ်လို စလုပ်ရမလဲ မသိဘူးဆိုတဲ့သူတွေ ရှိလား! ဒီတစ်ခေါက်တော့ နှစ်သစ်မှာ ယောဂ စကစားကြမယ့်သူတွေအတွက် လုပ်ဆောင်ရလွယ်ကူစေမယ့် ယောဂပို့စ်လေးတွေအကြောင်း ပြောပြပေးချင်ပါတယ်။

    ယောဂ လေ့ကျင့်ပေးတာ ကျန်းမာစေသလား!

    ယောဂက စိတ်ပိုင်းဆိုင်ရာ ကျန်းမာစေသလို စိတ်ခံစားမှုလည်း ကောင်းစေပါတယ်။ ရုပ်ပိုင်းဆိုင်ရာ ကျန်းမာစေဖို့လည်း ထောက်ကူပေးပါတယ်။ ယောဂ လေ့ကျင့်ပေးတာက အသားအရေကို ကြည်လင်စေသလို ကိုယ်တွင်းအင်္ဂါတွေကိုလည်း ကျန်းမာစေပါတယ်။ ကိုယ်နေဟန်ထား အချိုးကျစေပြီး စိတ်ဖိစီးတာ စိတ်ဓာတ်ကျတာတွေလည်း ကင်းဝေးစေမှာပါ။

    ယောဂက အရွယ်တိုင်း လေ့ကျင့်ပေးလို့ ရသလို ကျန်းမာစေဖို့ရော သန်စွမ်းကြံ့ခိုင်စေဖို့ပါ ထောက်ကူပေးပါတယ်။ စိတ်ပျော်ရွှင်စေပြီး ကိုယ်ခံအား ကောင်းစေဖို့ ထောက်ကူပေးပါတယ်။

    ဒီတော့ ဘာလုပ်မယ် စိတ်ကူးလဲ! ယောဂ ကစားမယ် စိတ်ကူးတယ်ဆိုရင်တော့ ယောဂကို စတင်လေ့ကျင့်မယ့်သူတွေအတွက် ထိရောက်လွယ်ကူမယ့် ပို့စ်လေးတွေကို ပြောပြပေးမှာမို့ အတူကြည့်လိုက်ရအောင်နော်။

    နှစ်သစ်မှာ ယောဂ စကစားကြမယ့်သူတွေအတွက်

    နှစ်သစ်မှာ ယောဂ စကစားကြမယ့်သူတွေအတွက် အသင့်တော်ဆုံး ပို့စ်တွေက

    • Sukhasana

    Sukhasana ပို့စ်ကို ဘယ်လို လုပ်ရမလဲဆိုတော့ အရင်ဆုံး မြေပြင်ညီမှာ တင်ပျဉ်ခွေထိုင်လိုက်ပါ။ ခါးကို မတ်မတ် ထားရပါမယ်။ လက်ဖဝါးနှစ်ဖက်ကို ပက်လက်အနေအထားနဲ့ ဒူးပေါ်တင်ထားပြီး လက်မနဲ့ လက်ညှိုးကို ထိထားပေးပါ။ မတ်မတ်လေး ထိုင်ရင်း မျက်လုံးကို အသာအယာ မှိတ်လို့ ဝင်လေ ထွက်လေလေး မှန်မှန် ရှူရှိုက်ပေးရုံပါ။ မနက်ခင်း နေရောင်ခြည် နွေးနွေးလေးအောက်မှာ လေနုအေးလေးတွေကို ရှူရှိုက်ရင်း လုပ်ဆောင်ပေးလို့ ရပါတယ်။

    • Padahastasana (Standing forward bend)

    Padahastasana ကို လုပ်ဖို့ဆိုရင် ခြေထောက်နှစ်ချောင်းကို စုံရပ်ပေးပါ။ မတ်မတ်လေး ရပ်ထားပြီး ခါးအထက်ပိုင်းကို အရှေ့ဘက်ကို ကိုင်းရင်း အောက်ဖက်ကို ကိုင်းချလို့ ရသမျှကိုင်းချပါ။ ဒီလို ကိုင်းချတာက နှာခေါင်းကို ဒူးခေါင်းနဲ့ ထိတဲ့အထိ ကိုင်းချပေးရမှာပါ။ လက်နှစ်ဖက်ကိုတော့ ဒူးအနောက်ဖက်ကို သိုင်းဖက်ထားပေးပါ။ စစချင်းမှာ အကြောတွေ တောင့်တင်းနေတာမျိုး ရှိနိုင်တာကြောင့် ရင်ဘတ်နဲ့ ပေါင်ကို ထိစေဖို့ ဒူးအနည်းငယ် ကွေးပေးလို့ ရပါတယ်။ နောက်ပိုင်းမှာတော့ ခြေထောက်တွေကို မတ်မတ်ထားဖို့ ဒူးဆန့်ထားဖို့ မမေ့ပါနဲ့။ ဒီပို့စ်လေးက အကြောတွေကို ပြေလျော့စေသလို ဝိတ်ကျစေဖို့လည်း ထောက်ကူပေးနိုင်ပါတယ်။

    • Vajrasana (Thunderbolt pose)

    Vajrasana (Thunderbolt pose) ကို စလုပ်တော့မယ်ဆိုရင် မြေပြင်ညီမှာ ယောဂဖျာလေး ခင်းပါ။ ပြီးရင် ခြေထောက်ကို ပုဆစ်တုပ် ထိုင်ပါ။ ခါးကို မတ်မတ် ထားရပါမယ်။ လက်ဖဝါးနှစ်ဖက်ကို ပက်လက်အနေအထားနဲ့ ဒူးပေါ်တင်ထားပြီး လက်မနဲ့လက်ညှိုးကို ထိထားပေးပါ။ မတ်မတ်လေး ထိုင်ရင်း မျက်လုံးကို အသာအယာ မှိတ်လို့ ဝင်လေ ထွက်လေလေး မှန်မှန် ရှူရှိုက်ပေးရုံပါ။ ကိုယ်တွင်းမှာ အောက်ဆီဂျင် လုံလောက်စွာ ရရှိစေနိုင်သလို စိတ်ဖိစီးမှု ကင်းစေပြီး စိတ်တည်ငြိမ်စေဖို့ ထောက်ကူပေးမှာပဲ ဖြစ်ပါတယ်။

    • Naukasana (Boat pose)

    Naukasana (Boat pose) လုပ်ဖို့ဆိုရင် ဟန်ချက်ညီဖို့ လိုပါမယ်။ အရင်ဆုံး ယောဂဖျာပေါ်မှာ သက်သောင့်သက်သာ လှဲလိုက်ပါ။ ပြီးရင် ခန္ဓာကိုယ် အပေါ်ပိုင်းကို ၄၅ ဒီဂရီအထိ မတ်ထားပေးပါ။ ခြေထောက်တွေကိုလည်း ဒူးဆန့်ရင် အပေါ်ကို မြှောက်နေအောင် ဆန့်တန်းထားပါ။ မျက်လုံးနဲ့ ခြေကို ရေပြင်ညီ ဖြစ်တဲ့အထိ ခန္ဓာကိုယ်ကို မတ်ထားပေးပါ။ ဒူး မကွေးမိအောင် သတိထားပါ။ ခြေထောက်တွေရဲ့ ဘေးတစ်ဖက်တစ်ချက်ဆီကနေ လက်တွေကိုလည်း ရေပြင်ညီအတိုင် ဆန့်ထုတ်ထားပေးပါ။ ဗိုက်ကြွက်သားတွေ တင်းလာတဲ့အထိ ခန္ဓာကိုယ်ကို ဟန်ချက်ထိန်းရင်း ဆန့်ထားပါ။ ခါးကိုလည်း မတ်ထားဖို့ မမေ့နဲ့နော်။

    ဒီပို့စ်က ဗိုက်အဆီကျ ချပ်ရပ်စေဖို့ ထောက်ကူပေးနိုင်မှာပါ။
    • Vrikshasana (Tree pose)

    Vrikshasana (Tree pose) လုပ်ဖို့ ခြေထောက်တွေကို ပခုံးအကွာအဝေးအတိုင်း ချဲရပ်ထားပါ။ ခန္ဓာကိုယ်ကို မတ်မတ်လေး ထားပါ။ လက်နှစ်ဖက်ကို အပေါ်ဖက်ကို ဆန့်ထုတ်လို့ လက်ဖဝါး နှစ်ဖက်ကို ကြာဖူးပုံ ထိကပ်ထားပါ။ ပြီးရင် ခြေထောက်တစ်ဖက်ကို မြှောက်လို့ နောက်တစ်ဖက်ရဲက ပေါင်ခြံကို ခြေဖဝါးနဲ့ ကပ်ထားပေးပါ။ ခန္ဓာကိုယ် တစ်ခုလုံးကို ခြေထောက်တစ်ဖက်ပေါ်မှာပဲ အားပြုပြီး ဟန်ချက်ညီအောင် ထိန်းထားပေးပါ။ အသက်ကို မှန်မှန်ရှူဖို့လည်း မမေ့ပါနဲ့။ တစ်ဖက်ပြီး တစ်ဖက် လုပ်ပေးပါ။

    လုပ်ပုံလုပ်နည်းတွေကို မျက်လုံးထဲ မမြင်ဘူးဆိုရင် youtubeမှာ ပို့စ်တစ်ခုချင်းစီကို ရှာကြည့်ပါ။ တချို့ပို့စ်တွေက စစချင်းဆို လုပ်ရတာခက်မှာပါ။ ဒါပေမယ့် စိတ်မပျက်ပါနဲ့။ စိတ်ရှည်ပါ။ မိမိနိုင်သလောက် လေ့ကျင့်ပါ။ ပုံမှန်လေ့ကျင့်ပေးရင် အကြောအခြင်တွေ ပြေလျော့ပြီး လိုချင်တဲ့ ပုံစံရလာပါလိမ့်မယ်။

    စကားလက်ဆောင်

    ယောဂကို ဘယ်အချိန်မှာ စပြီး လေ့ကျင့်လေ့ကျင့် နောက်ကျတယ်လို့ မရှိပါဘူး။ ယောဂလေ့ကျင့်တာက စိတ်ရောကိုယ်ပါ ကျန်းမာစေပြီး အကြောတွေကို ပြေလျော့စေသလို သွေးလည်ပတ်မှု ကောင်းစေဖို့လည်း ထောက်ကူပေးနိုင်မှာပါ။

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Hello Sayarwon Panel


    Aye Thi Mon မှ ရေးသားသည်။ · 4 ပတ် အကြာက တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement
    advertisement
    advertisement
    advertisement