backup og meta

Keloid အမာရွတ်ကို ဘယ်လိုဖယ်ရှားကြမလဲ။

ဒဏ်ရာတစ်ခုခုဖြစ်ပြီးတိုင်း ရုပ်ဆိုးဆိုး ဖောင်းကြွနေတဲ့ အမာရွတ်ကြီး ကျန်ခဲ့ဖူးပါသလား။ ဒါကို ကီးလွိုက် (Keloid scar) လို့ ခေါ်ပါတယ်။ ဖြစ်တဲ့ ဒဏ်ရာနဲ့မှ မလိုက် ဖောင်းကြွပြီး နီရဲနေတဲ့ အမာရွတ်ကြီးပေါ့။ ဒီရုပ်ဆိုးဆိုး အမာရွတ်ကြီးက ဘယ်က ဘယ်လို ဖြစ်လာရတာလဲ။ ပျောက်အောင်လုပ်လို့ မရဘူးလားလို့ သိချင်သူတွေအတွက် ဒီဆောင်းပါးလေးက အထောက်အကူ ဖြစ်မှာပါ။

Keloidဆိုတာ ဘာလဲ။

ခန္ဓာကိုယ်မှာ ထိခိုက်ဒဏ်ရာရလာရင် အနာကျက်ပြီး အမာရွတ်ဖြစ်တတ်တာ သဘာဝပါ။ တစ်ခါတစ်လေမှာတော့ အမာရွတ်တွေက အနာနဲ့ မလိုက်အောင် ဖောင်းကြွနေတဲ့ အမာရွတ်အကြီးကြီးတွေ ထွက်လာတာကို Keloidလို့ ခေါ်လိုက်တာပါ။ Keloidက တစ်ကိုယ်လုံးမှာ ဖြစ်နိုင်ပေမယ့်  ရင်ဘတ်၊ ပုခုံး၊ နားနဲ့ ပါးတွေမှာ ပိုတွေ့ရပါတယ်။ Keloidက အသက်အန္တရာယ်မရှိပေမယ့် ကြည့်ရဆိုးတာကြောင့် စိတ်အနှောင့်အယှက်ဖြစ်ရပါတယ်။

Keloid ရဲ့ လက္ခဏာတွေက ဘာတွေလဲ။

Keloid အမာရွတ်ဖြစ်ဖို့ ရက်သတ္တပတ်အနည်းငယ်ကနေ လအထိ ကြာတတ်ပါတယ်။ လက္ခဏာတွေကတော့

  • အမာရွတ်က နီရဲတာ ဒါမှမဟုတ် ပန်းရောင်ကြွတာ
  • ခပ်တင်းတင်း ဒါမှမဟုတ် ခပ်မာမာ အဖုဖြစ်တာ
  •  အနာထက် ပိုကြိးပြီး ဘေးကို ကားထွက်လာတာ
  • တစ်ခါတစ်လေ ယားတာ စတာတွေပဲ ဖြစ်ပါတယ်။

Keloidက ယားတတ်ပေမယ့် မစိုးရိမ်ရပါဘူး။ အဝတ်အစား ဒါမှမဟုတ် တစ်ခုခုနဲ့ ပွတ်မိလို့ တစ်ခါတစ်လေ နာတာတာ ဖြစ်တာမျိုး၊ စပ်ဖျဉ်းဖျဉ်းဖြစ်တာမျိုး ဖြစ်တတ်ပါတယ်။ ရှားရှားပါးပါး Keloidက အဆစ်နေရာမှာ ဖြစ်နေခဲ့ရင်  လှုပ်ရှားရခက်တာမျိုးလည်း ရှိနိုင်ပါတယ်။

ပြောခဲ့သလိုပဲ Keloidက ကျန်းမာရေးကိစ္စထက်စာရင် ရုပ်ဆိုးတာကြောင့် လူကို စိတ်အနှောင့်အယှက်ဖြစ်စေတာများပါတယ်။ အထူးသဖြင့် ထင်သာမြင်သာတဲ့ မျက်နှာတို့ နားတို့မှာ ဆိုရင်ပေါ့။

Keloid ဘာကြောင့် ဖြစ်တာလဲ။

ဘာကြောင့် ဖြစ်တာလဲ ဆိုတာ သေချာ မပြောနိုင်သေးပေမယ့် အနာကျက်ဖို့ လိုအပ်တဲ့ ကော်လာဂျင် ထွက်တာများတာကြောင့်လို့ ယူဆကြပါတယ်။ ထိခိုက်ဒဏ်ရာတော်တော်များများက Keloid အမာရွတ် ဖြစ်နိုင်ပါတယ်။ ဥပမာ ပြောရရင်

  • ဝက်ခြံ အမာရွတ်
  • မီးလောင်၊ အပူလောင် ဒဏ်ရာ
  • ရေကျောက် အမာရွတ်
  • နားဖောက်တာ
  • ကုတ်ဖဲ့တာ
  • ခွဲစိတ်ပြီး ကျန်ခဲ့တဲ့ အမာရွတ်
  • ကာကွယ်ဆေး ထိုးတဲ့ နေရာ စတာတွေပဲဖြစ်ပါတယ်။

ဘယ်သူတွေ ပိုဖြစ်နိုင်လဲ။

လူ၁၀၀မှာ ၁၀ယောက်လောက်က Keloidဖြစ်နိုင်ပါတယ်။ ယောက်ျား၊ မိန်းမ အတူတူပါပဲ။ အသားရောင် ရင့်တဲ့ သူတွေက ပိုဖြစ်နိုင်ပါတယ်တဲ့။ တခြားအချက်တွေကတော့

  • အာရှသားတွေ
  • ကိုယ်ဝန်ဆောင်တွေ
  • အသက် ၃၀အောက်တွေမှာ ပိုဖြစ်နိုင်ပါတယ်တဲ့။

နောက်တစ်ခုက Keloidက မျိုးရိုးလိုက်တတ်ပါတယ်။ မိဘမှာ Keloid ဖြစ်တတ်ရင် သားသမီးမှာလည်း ဖြစ်နိုင်ချေ ရှိပါတယ်။

Keloidကို ဘယ်လို ကုသလို့ရလဲ။

ကုသနည်းတွေ အများကြိးရှိပေမယ့် Keloidဆိုတာက ကုသရခက်ခဲပြီး ကုတိုင်းမှ ပျောက်ချင်မှ ပျောက်နိုင်တယ်ဆိုတာ သိထားရပါမယ်။

Keloidကို ပြားသွားစေနိုင်တဲ့ ကုသနည်းတွေကတော့

  • အမာရွတ်ထဲကို စတီးရွိုက်ထိုးတာ
  • တစ်နေ့ကို ၁၂နာရီလောက် စတီးရွိုက် တိပ်ကပ်တာ
  • silicone gelနဲ့ အုပ်တာတွေ လုပ်လို့ရပါတယ်။

တခြားနည်းတွေကတော့

  • Keloidအမာရွတ် နုစဉ်မှာ ဆက်မကြီးအောင် နိုက်ထရိုဂျင် အရည်ထိုးတာ
  • အနီသက်သာအောင် လေဆာပစ်တာ (အမာရွတ်တော့ သေးချင်မှ သေးမှာပါ။ )
  • အမာရွတ်ကို ခွဲထုတ်ပြီး ရောင်ခြည်ပြတာ (ခွဲထားတဲ့ အမာရွတ်ကနေ ပိုကြီးတဲ့ Keloidဖြစ်လာနိုင်တယ်ဆိုတာ သတိပြုပါ။ )

မဖြစ်အောင် ကာကွယ်လို့ ရလား။

Keloidဟာ ကုရခက်တဲ့အတွက် မဖြစ်အောင် ကာကွယ်တာ အကောင်းဆုံးပါပဲ။ ဒါကြောင့် တတ်နိုင်သမျှ ထိခိုက်ဒဏ်ရာမရအောင် နေပါ။ ထိခိုက်ဒဏ်ရာရပြီးရင်လည်း Keloid အမာရွတ်မဖြစ်အောင် silicone gelတွေ pressure padတွေ နဲ့ အုပ်ထားပါ။ Keloidအမာရွတ်က နေလောင်ရင် အရောင်ပိုရင့်လာပြီး အမာရွတ်ကို ပိုသိသာစေပါတယ်။ ဒါကြောင့် အမာရွတ်ကို နေရောင်မထိပါစေနဲ့။ နေလောင်ကာ ခရင်မ် လိမ်းပါ။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

https://www.healthline.com/health/keloids#prevention

https://www.nhs.uk/live-well/healthy-body/keloid-scars/

ယခုပုံစံ

07/07/2022

Aye Thi Mon မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

အပူလောင်နာ အမာရွတ်မကျန်စေဖို့

ဝက်ခြံအမာရွတ်နဲ့ ချိုင့်ခွက်တွေကို ဘယ်နည်းလမ်းတွေနဲ့ ကုသနိုင်မလဲ


Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Aye Thi Mon မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 07/07/2022 ဖြစ်ပါသည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။