backup og meta

အားကစားလုပ်လို့ဖြစ်တဲ့ ဒဏ်ရာနဲ့ နာကျင်ကိုက်ခဲမှုတွေ အမြန်သက်သာစေမယ့် အကြံပေးချက် (၁၀) ခု


Ye Zon Aung မှ ရေးသားသည်။ · 26/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အားကစားလုပ်လို့ဖြစ်တဲ့ ဒဏ်ရာနဲ့ နာကျင်ကိုက်ခဲမှုတွေ အမြန်သက်သာစေမယ့် အကြံပေးချက် (၁၀) ခု

    အားကစား လုပ်ကြတယ်ဆိုတာက ကိုယ်လက်ကျန်းမာရေးကို အထောက်အကူပြုတဲ့ ကိစ္စတစ်ခုဖြစ်ပါတယ်။ ဒါပေမယ့် ဒီအလုပ်ဟာ လွယ်ကူလှတဲ့ အလုပ်တစ်ခုတော့ မဟုတ်ပါဘူး။ ပြိုင်ပွဲဝင် အားကစားတွေ ကနေစလို့ ပုံမှန်ပြုလုပ်တဲ့ ကိုယ်လက်လေ့ကျင့်ခန်းတွေအထိ ထိခိုက်ဒဏ်ရာ ရနိုင်တဲ့ ပြဿနာတွေ၊ အန္တရာယ်တွေ ရှိနေပြီး အနည်းဆုံးတော့ ကိုယ်လက်တွေ နာကျင်ကိုက်ခဲနေတာမျိုး ဖြစ်တတ်ပါတယ်။

    များသောအားဖြင့်တော့ ခြေကျင်းဝတ်၊ ပေါင်ခြံ၊ တံခေါက်ကြော၊ ညို့သကျည်း၊ ဒူး၊ ဒူးထိပ်ပိုင်းအရွတ်နဲ့ တံတောင်ဆစ်တွေမှာ အများဆုံး ထိခိုက်မိတတ်ကြပါတယ်။ ဒါ့အပြင် အရေပြားယားယံတာနဲ့ ထိခိုက်ရှနာ ဝေဒနာတွေလည်း ဖြစ်နိုင်ပါသေးတယ်။

    အားကစားသမားတစ်ယောက် ဒဏ်ရာ ရသွားရင် ဘယ်လောက်အချိန်ယူပြီး ကုစားရမလဲ။ ဘယ်လောက်ကြာရင် သက်သာမလဲလို့ အရင်ဆုံးမေးတတ်ကြတယ်။ ရရှိထားတဲ့ ဒဏ်ရာ၊ ခွဲစိတ်ဖို့ လိုအပ်ရင်လည်း Surgical Procedures နဲ့ လူနာကို ပြုစုကုသမှုအခြေအနေတွေအပေါ်မူတည်ပြီး ကြာချိန် အမျိုးမျိုး ဖြစ်နိုင်ပါတယ်။

    ပြီးရင် ပြန်လည်ထူထောင်ရေးအတွက်လည်း အချိန်ပေးရဦးမှာပါ။ ဒါကြောင့် ထိခိုက်ဒဏ်ရာ ရရှိခဲ့ရင် အားကစားသမားတွေက စိတ်ညစ်တတ်၊ စိတ်ဓာတ်ကျတတ်ကြတာပါ။ တကယ်တမ်းမှာတော့ ထိခိုက်ဒဏ်ရာတွေရရှိလာရင် အလျင်အမြန်သက်သာလာအောင် ကိုယ့်ကိုယ်ကိုယ် ပြုစုဖေးမနိုင်ပါတယ်။ နည်းလမ်းတွေတော့ လိုတာပေါ့။

    ဘယ်လိုနည်းလမ်းတွေက အားကစားကြောင့်ဖြစ်တဲ့ ထိခိုက်ဒဏ်ရာတွေကို ပိုမိုလျင်မြန်စွာ သက်သာစေဖို့ ကူညီနိုင်လဲဆိုတာကို ပြောပြပေးချင်ပါတယ်။

    ၁။ ပရိုတင်း များများစားပါ

    အားကစားကြောင့် ထိခိုက်ဒဏ်ရာရရှိထားပြီးပြီဆိုရင် အရေးအကြီးဆုံးကနေ စလုပ်ဖို့ လိုအပ်ပါတယ်။ ဒါကတော့ လိုအပ်တဲ့ အာဟာရဓာတ်တွေ ဖြည့်ဆည်းဖို့ပါ။ အားကစားလေ့ကျင့်ခန်းလုပ်ရင်း ထိခိုက်မိတဲ့ ဒဏ်ရာတွေက ကြွက်သားနဲ့ တစ်ရှူးတွေမှာ ထိခိုက်မိတာများပါတယ်။

    ဒါကြောင့် တစ်ရှူးတွေ ပိုမိုသန်မာလာဖို့၊ အလျင်အမြန်ဖွံ့ဖြိုးလာဖို့ ပရိုတင်းဓာတ်ကြွယ်ဝတဲ့ အစားအစာတွေ များများ စားသောက်ပေးဖို့ လိုအပ်ပါတယ်။

    ၂။ ဆေးပလာစတာ ကပ်ပေးပါ၊ လိမ်းဆေးတွေ သုံးပါ

    တကယ်လို့ ဒဏ်ရာက ကိုက်ခဲတဲ့ ဝေဒနာမျိုးဆိုရင် အလျင်အမြန် သက်သာဖို့ လိုအပ်တယ် မဟုတ်လား။ ဒါမျိုးဆိုရင် အများဆုံး လုပ်မိမှာက ဆေးပူလိမ်းတာမျိုးပါ။ ကိုက်ခဲတာက ဆေးပူလိမ်းတိုင်း သက်သာတာတော့ မဟုတ်ပါဘူး။ ကိုက်ခဲဒဏ်ရာကို အမြန်ဆုံး သက်သာစေဖို့ဆိုရင် ပရုပ်အေးပါတဲ့ လိမ်းဆေးကို ရွေးချယ်မိဖို့ လိုပါမယ်။ အကြောင်းကတော့ ပရုပ်အေးဟာ နာကျင်မှုကို လျှော့ချပေးနိုင်တာကြောင့်ပါ။

    တကယ်လို့ လိမ်းဆေးလိမ်းရတာ သဘောမကျဘူးဆိုရင်တော့ လုပ်လို့ရတဲ့ နောက်တစ်နည်းက ဆေးပလာစတာ အသုံးပြုတာပါ။ ပရုပ်အေးနဲ့ လုပ်ထားတဲ့ ဆေးပလာစတာက အားကစားကြောင့် ဖြစ်တဲ့ နာကျင်ကိုက်ခဲမှုတွေကို သက်သာစေနိုင်ပါတယ်။ လေဝင်လေထွက်ကောင်းပြီး အေးမြမှုကိုပေးတဲ့ ဆေးပလာစတာတွေက ခန္ဓာကိုယ်ကို ဘေးဥပဒ်မဖြစ်စေဘဲ ကိုက်ခဲမှု သက်သာစေခြင်း၊ သွေးကြောတွေ နဲ့ ကြွက်သားတွေကို ပြေလျော့စေနိုင်ခြင်းက အားကစားလုပ်ရင်းရတဲ့ နာကျင်ကိုက်ခဲမှုနဲ့ ဒဏ်ရာတွေကို အမြန်ဆုံး သက်သာပျောက်ကင်းစေဖို့ အားကိုးသင့်တဲ့ အချက်ပါ။ အရေပြားမှာ မြဲမြဲမြံမြံ ကပ်နေနိုင်တဲ့ ဆေးပလာစတာက လိမ်းဆေးလို ခဏခဏလိမ်းပေးနေစရာ မလိုတာကလည်း သူ့ရဲ့ အားသာချက်လို့ပဲ ဆိုရပါမယ်။

    ၃။ အပူအအေးကို လိုအပ်သလို အသုံးပြုပါ

    အပူအအေးကလည်း ဒဏ်ရာသက်သာစေဖို့ အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်ပတ်သက်နေတတ်ပါတယ်။ အဆစ်လွဲတာ၊ အကြောတင်တာနဲ့ စုတ်ပြဲတာလိုမျိုး ဒဏ်ရာတွေအတွက် သင့်တော်တဲ့ အပူအအေး ကပ်ပေးဖို့ လိုပါတယ်။ ဒဏ်ရာ အသစ်ဆို အေးတာကပ်ပြီး ဒဏ်ရာဟောင်းဆို အနွေးကပ်ပေးတာက နည်းလမ်းကောင်းဖြစ်ပါတယ်။

    ဖြစ်ဖြစ်ချင်းဆို အအေးဓာတ်က အကောင်းဆုံး ကုစားနိုင်မှာပါ။ ဥပမာ ရေခဲဝတ်ကပ်ပေးတာ၊ ပရုပ်အေးပါတဲ့ ဆေးပလာစတာ ကပ်ပေးတာမျိုးပါ။ ဒီလို ကပ်လိုက်တာက နောက်ပိုင်းမှာ ဒဏ်ဖြစ်နိုင်ခြေ နည်းသွားစေပါတယ်။ ပလာစတာ ရွေးချယ်တဲ့အခါ အသားအရေ ထိခိုက်မှု ကင်းစေဖို့အတွက် ကြာကြာခံပြီး လေဝင်လေထွက်ကောင်းတာမျိုး ဖြစ်ဖို့ သတိချပ်စေချင်ပါတယ်။

    ၄။ ရေဓာတ် မပြတ် ဖြည့်ဆည်းပေးပါ

    ရေဓာတ်က ခန္ဓာကိုယ်အတွက် အရေးကြီးတဲ့ လိုအပ်ချက်တစ်ခုပါ။ မဖြစ်မနေ ဖြည့်တင်းပေးဖို့ လိုအပ်တဲ့အရာပါ။ လေ့ကျင့်ခန်း လုပ်ဖို့ကနေ အဖျားဝေဒနာသက်သာဖို့အထိ ရေဓာတ်လိုအပ်ပါတယ်။ ထိခိုက်ဒဏ်ရာ ရနေပြီဆိုရင် ရေဓာတ်မပြတ် ဖြည့်ဆည်းပေးနေတာက တစ်ရှူးသစ်တွေ ဖွဲ့စည်းနိုင်ဖို့ အထောက်အကူပြုပါတယ်။

    ၅။ ဒဏ်ရာကို အကာအကွယ်၊ အထိန်းအကွပ်တွေ ဝတ်ဆင်ပါ

    ထိခိုက်ဒဏ်ရာ ရရှိထားချိန်မှာ သင့်ကို ဒုက္ခအပေးနိုင်ဆုံး ကိစ္စတစ်ရပ်က အထပ်ထပ် ဒဏ်ရာ ပြန်ရတဲ့ ပြဿနာဖြစ်ပါတယ်။ ဒီလိုဖြစ်စေတဲ့ အမှားအယွင်းကိုတော့ ကိုယ်တိုင် ကျူးလွန်မိတတ်ကြပါတယ်။ ဒါကတော့ ထိခိုက်ဒဏ်ရာကို သေချာမကာကွယ်ထားမိတာ၊ ဂရုမစိုက်မိတာကြောင့်ပါပဲ။ ဒါကြောင့် ထိခိုက်ဒဏ်ရာ ရရှိထားရင် အကာအကွယ်တွေ၊ အထိန်းအကွပ်တွေ တပ်ဆင်ပြီး လှုပ်ရှားနေထိုင်ဖို့ လိုအပ်ပါတယ်။

    ၆။ အပေါ့စား လေ့ကျင့်ခန်းတွေလုပ်ပါ

    ဘာမှမလုပ်ပဲ ဒီအတိုင်းထိုင်နေမယ်ဆိုရင် သင်စိတ်ဓာတ် ကျလာနိုင်ပါတယ်။ တကယ်လို့ ကိုယ့်ဒဏ်ရာ အခြေအနေကို ဆရာဝန်နဲ့ တိုင်ပင်ပြီး လေ့ကျင့်ခန်း ပေါ့ပေါ့ပါးပါးလေးတွေ စလုပ်ဖို့ လမ်းညွှန်လာပြီဆိုရင် စလုပ်ပါ။ ပြင်းထန်တဲ့ လေ့ကျင့်ခန်းတွေကိုတော့ ရှောင်ပါ။

    အပေါ့စားလေ့ကျင့်ခန်းလေးတွေက သင့်ကို ကိုယ်ခံအား တိုးတက်စေမှာဖြစ်သလို သွေးလည်ပတ်မှုအားကောင်းစေပြီး ထိခိုက်ဒဏ်ရာကို မြန်မြန်သက်သာစေပါတယ်။ တစ်နေ့ကို ၄၅ မိနစ်လောက်နဲ့ တစ်ပတ်မှာ ၃ ရက်လောက် လုပ်ပေးသင့်ပါတယ်။ ရေကူးခြင်းဟာ ဒဏ်ရာအများစုအတွက် အသင့်တော်ဆုံး လေ့ကျင့်ခန်းပါ။

    ၇။ နှစ်နှစ်ခြိုက်ခြိုက် အိပ်စက်ပါ

    အိပ်စက်ခြင်းဟာ ဒဏ်ရာအနာတရတွေကို သက်သာစေနိုင်တဲ့ နည်းလမ်းကောင်း တစ်ခုပါ။ နှစ်နှစ်ခြိုက်ခြိုက် ပုံမှန်အိပ်စက်မယ်ဆိုရင် ကိုယ်ခံအား မြင့်တက်လာမှာဖြစ်သလို ဒဏ်ရာတွေကိုလည်း အလျင်အမြန် သက်သာစေနိုင်ပါတယ်။

    အိပ်စက်နေချိန်မှာ လူတစ်ယောက်ရဲ့ ခန္ဓာကိုယ်က တစ်ရှူးသစ်တွေ ဖွဲ့စည်းတာ၊ ခန္ဓာကိုယ်က ထိခိုက်မှုတွေကို သက်သာစေတာ၊ ကြွက်သားထဲက Lactic Acid တွေကို လျှော့ချပေးတာမျိုးတွေ လုပ်ဆောင်ပေးနိုင်ပါတယ်။

    ၈။ အသားအရေ စိုပြေအောင်လည်း ထိန်းသိမ်းပါ

    အရေပြား ကျန်းမာရေးကလည်း ထိခိုက်ဒဏ်ရာတွေ အလျင်အမြန်သက်သာစေဖို့ အရေးကြီးပါတယ်။ တကယ်လို့ ကိုယ့်ဒဏ်ရာက ထိခိုက်ရှနာဆိုရင် အရေပြားခြောက်နေတာ၊ မသန့်ရှင်းတာတွေက ဒဏ်ရာကို ပိုဆိုးစေနိုင်တယ်မဟုတ်လား။ အသားအရေ စိုပြေနေစေဖို့ သတိထားရပါမယ်။

    ၉။ သက်တောင့်သက်သာ နေပါ

    ကြွက်သားတွေ သက်တောင့်သက်သာရှိနေရင် ဝေဒနာတွေ စောစောသက်သာပျောက်ကင်းနိုင်တာကို နားလည်ထားဖို့ လိုအပ်ပါတယ်။ ဒီအချက်က ကြွက်သားတစ်ရှူးတွေ လျင်လျင်မြန်မြန် ဖွံ့ဖြိုးစေဖို့ ကူညီနိုင်ပါတယ်။

    ၁၀။ ဒဏ်ရာကို ခဏခဏ မထိကိုင်ပါနဲ့

    ဒဏ်ရာကို မကြာခဏ ထိနေကိုင်နေတာက ဘယ်လို ဒဏ်ရာအမျိုးအစား အတွက်မဆို အထောက်အကူ မဖြစ်စေပါဘူး။ ခဏခဏထိနေ ကိုင်တွယ်နေတာဟာ ဒဏ်ရာပြန်သက်သာဖို့ ခန္ဓာကိုယ်က လုပ်ဆောင်နေတဲ့ အရေးကြီးတဲ့ လုပ်ငန်းစဉ်တွေကို အနှောင့်အယှက်ဖြစ်စေနိုင်ပါတယ်။

    အထက်မှာဖော်ပြခဲ့တဲ့အချက်တွေဟာ ဒဏ်ရာ အလျင်အမြန်သက်သာလာစေဖို့ အထောက်အကူဖြစ်စေမှာဖြစ်ပြီးတော့ ကိုယ်မြတ်နိုးတဲ့ အားကစားအလုပ်တွေကို ပြန်လုပ်နိုင်စေဖို့ ကူညီပေးနိုင်မယ့် နည်းတွေပဲဖြစ်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Ye Zon Aung မှ ရေးသားသည်။ · 26/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement