backup og meta

လေ့ကျင့်ခန်း လုပ်ခြင်း နှင့် စိတ်ခံစားမှုအခြေအနေ


Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 04/10/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    လေ့ကျင့်ခန်း လုပ်ခြင်း နှင့် စိတ်ခံစားမှုအခြေအနေ

    ကိုယ်လက် လေ့ကျင့်ခန်း တွေ လုပ်ခြင်းဟာ ကိုယ်ခန္ဓာကျန်းမာကြံ့ခိုင် စေနိင်ရုံတင်မကပဲ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးကိုပါ တိုးတက်ကောင်းမွန်စေနိုင်ပါတယ်။ ပုံမှန်လေ့ကျင့်ခန်းလုပ်ပေးမယ်ဆိုရင် ခန္ဓာကိုယ်အတွက် ကြွက်သားတွေကို တောင့်တင်းစေခြင်း၊ အဆီကျစေနိုင်ခြင်း ၊ နှလုံးအားကောင်းစေနိုင်ခြင်း၊ သွေးပေါင်ထိန်းပေးနိုင်ခြင်း စတဲ့ ကောင်းကျိုးတွေ အများရှိပါတယ်။ ဒီနေ့ ဒီဆောင်းပါးလေးမှာကတော့ ကိုယ်လက်လေ့ကျင့်ခန်းဟာ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးကို ဘယ်လို အထောက်အကူပြုနိုင်တယ် ဆိုတာလေးကို မျှဝေပေးချင်ပါတယ်။

    လေ့ကျင့်ခန်း လုပ်ခြင်းနှင့် စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးတိုးတက်မှုများ

    (၁) လေ့ကျင့်ခန်းလုပ်တဲ့ အချိန်မှာ endorphin လို့ခေါ်တဲ့ စိတ်ခံစားမှုတွေကို ကောင်းမွန်စေနိုင်တဲ့ ဓာတုပစ္စည်း နဲ့ အခြား သဘာဝပစ္စည်းလေးတွေကို အများကြီးထုတ်ပေးပါတယ်။ ဒါ့ကြောင့် လေ့ကျင့်ခန်းလုပ်တဲ့ အခါမှာ သင့်အတွက် လန်းဆန်းတက်ကြွပြီး ပျော်ရွှင်တဲ့ ခံစားမှုမျိုးရစေနိုင်ပါတယ်။  အဲဒီ endorphin လို့ခေါ်တဲ့ ဓာတုပစ္စည်းလေးတွေက နာကျင်မှုကို ဖြစ်စေနိုင်တဲ့ ခံစားချက်ကိုလည်း သက်သာစေနိုင်ပါတယ်။

    (၂)ပုံမှန်လေးလုပ်ပေးမယ်ဆိုရင် နေ့စဉ်ကြုံတွေ့နေကြရတဲ့ စိတ်ဖိစီးမှု တွေကိုလည်း သိသိသာသာ လျှော့ချပေးနိုင်ပါတယ်။

    (၃)ဒါ့အပြင် ကိုယ်လက်လေ့ကျင်ခန်း ပုံမှန်လုပ်ခြင်းဟာ စိတ်ဓာတ်ကျခြင်း၊ စိုးရိမ်ပူပန်ခြင်း စတဲ့ စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေ၊ ရောဂါတွေကိုလည်း သက်သာစေတဲ့ အစွမ်းသတ္တိရှိပါတယ်။ ဒါ့ကြောင့်လည်း စိတ်ဓါတ်ကျတဲ့သူတွေအတွက် လေ့ကျင့်ခန်းလုပ်ခြင်းကို ကုသနည်းတစ်ခု အနေနဲ့ အသုံးပြုကြပါတယ်။

    (၄) ပုံမှန်လေး exercise လုပ်တဲ့အခါမှာ စိန်ခေါ်မှုတွေနဲ့ ကြုံတွေ့ရပြီး ဘယ်လောက်ပဲသေးငယ်တဲ့ အောင်မြင်မှု ဖြစ်ပါစေ တဖြည်းဖြည်း မိမိကိုယ်ကို ယုံကြည်မှုရလာနိုင်ပါတယ်။ “ငါလုပ်နိုင်တယ်” ဆိုတဲ့ ယုံကြည်ချက်အပြင် ခန္ဓာကိုယ်လည်း သွယ်လျကျစ်လစ်လာတဲ့ အတွက် မိမိကိုယ်ကို ပိုပြီးယုံကြည်ချက်ရှိလာတဲ့ အတွက် လူမှုဆက်ဆံရေး၊ ပေါင်းသင်းဆက်ဆံရေးတွေမှာ ပိုပြီး အဆင်ပြေ ချောမွေ့လာမှာပါ။

    (၅)လေ့ကျင့်ခန်းလုပ်ခြင်းဟာ စိတ်ခံစားချက်ပိုင်းဆိုင်ရာ ပြသနာတွေကို ကုသပေးနိုင်ရုံတင်မကပဲ ကောင်းကောင်းမွန်မွန် အိပ်စက်နိုင်အောင်လည်း ကူညီပေးနိုင်တဲ့ အတွက် သင့်ရဲ့ နေ့ရက်တိုင်းဟာ အိပ်ရေးဝပြီး လန်းဆန်းတက်ကြွနေနိုင်မှာပါ။

    ဒါဆို လေ့ကျင့်ခန်း ကို ဘယ်လောက်ကြာကြာ လုပ်သင့်သလဲ။

    တစ်ကြိမ်ကို မိနစ် ၃၀ (သို့) ၄၅မိနစ်လောက် တစ်ပတ်ကို ၃ ရက်မှ ၅ရက် အထိ လုပ်ပေးသင့်ပါတယ်။ ပုံမှန်လေး ဂရုစိုက်ပြီး လေ့ကျင့်ခန်းတွေ လုပ်ပေးမယ်ဆိုရင်တော့ ပိုပြီးထိရောက်တဲ့ အကျိုးကျေးဇူးတွေ ရနိုင်မှာပါ။

    ဘယ်လို လေ့ကျင့်ခန်း တွေ လုပ်ကြမလဲ။

    ကျန်းမာရေးအတွက် အထောက်အကူပေးနိုင်မယ့် လေ့ကျင့်ခန်း အမျိုးအစားတွေ အများကြီး ရှိပါတယ်။ ဒါ့ကြောင့် စစချင်းလုပ်တော့မယ်ဆိုရင်တော့ ဘယ်လိုမျိုး ကိုယ်လက်လေ့ကျင့်ခန်းမျိုးကို စိတ်ပါဝင်စားလဲ ဆိုပြီး အရင်ဆုံး စဉ်းစားသင့်ပါတယ်။ ဥပမာ – စက်ဘီးစီးခြင်း၊ ကခြင်း၊ အိမ်မှုကိစ္စများလုပ်ခြင်း ( တံမြက်စည်းလှဲ၊ ကြမ်းတိုက်၊ စသည်) ၊ ရေကူးခြင်း၊ တင်းနစ်ကစားခြင်း၊ ကြက်တောင်ရိုက်ခြင်း ၊ လမ်းလျှောက်ခြင်း၊ Yoga ဆော့ခြင်း နဲ့ အခြား လေ့ကျင့်ခန်းတွေ အများကြီး ရှိတဲ့ အတွက် ကိုယ်တိုင်ရွေးချယ် လုပ်ဆောင်နိုင်ပါတယ်။

    ကျန်းမာကြံ့ခိုင်ပြီး တက်ကြွလန်းဆန်းနေဖို့ ကိုယ်လက်လေ့ကျင့်ခန်းတွေ လုပ်ရင်း မိမိအတွက် အကျိုးရှိတဲ့ ဝါသနာလေးတွေကိုလည်း ရှာဖွေ တွေ့ရှိနိုင်ကြပါစေ။

    Hello Health Group သည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    ရေးသားသူ- Phoo Ngon

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 04/10/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement