ခွေးရူးရောဂါ ဆိုတာ ဖြစ်သူ၁၀၀မှာ ၉၉ယောက်သေတဲ့အထိ ပြင်းထန်ပါတယ်။ ဒါပေမယ့် ကံကောင်းတာက သူက ကာကွယ်ဆေးရှိပါတယ်။ သူက ခွေးရူးရောဂါ ပိုး (rabies virus)ရှိတဲ့ တိရစ္ဆာန်ရဲ့ ကိုက်တာ၊ ကုတ်တာ ခံရရင်ကူးပါတယ်။ တောရိုင်းတိရစ္ဆာန်တွေထဲမှာဆိုရင် လင်းနို့၊ ရှဉ့်၊ မြေခွေးစတဲ့ အကောင်တွေက ခွေးရူးပိုးကို သယ်ဆောင်ထားကြတာပါ။ လူနဲ့အနေနီးတဲ့ တိရစ္ဆာန်တွေထဲမှာဆိုရင် ခွေး၊ကြောင်၊ နွား၊ ဆိတ်စတဲ့ အကောင်တွေပါ။ ဒီထဲမှာ ခွေးကတစ်ဆင့်ကူးတာအများဆုံးပါ။ ဒါကြောင့်လည်း ခွေးရူးရောဂါ လို့ခေါ်တာပါ။ သေနှုန်း၉၉ရာခိုင်နှုန်းရှိတဲ့ ဒီ ခွေးရူးရောဂါ က ဘယ်လောက်ဆိုးလဲဆိုတာ ဆက်ကြည့်ရအောင်။
ဘယ်လိုကူးတာလဲ။
ဒီမှာ ကူးနိုင်တဲ့နည်းလမ်း၊ ရှားရှားပါးပါးကူးနိုင်တဲ့နည်းလမ်း၊ မကူးနိုင်တဲ့နည်းလမ်းဆိုပြီးခွဲပြောသွားပါမယ်။
ကူးနိုင်တဲ့နည်းလမ်း
အဓိကကူးနိုင်တဲ့နည်းလမ်းကတော့ ကိုယ့်ရဲ့ ပေါက်ပြဲနေတဲ့အနာ ဒါမှမဟုတ် မျက်လုံး၊ နှာခေါင်း၊ ပါးစပ်နဲ့ ရောဂါပိုးပါတဲ့ တံတွေးတိုက်ရိုက်ထိမိရင် ကူးနိုင်ပါတယ်။ ဒါကြောင့် အလွယ်ပြောရင် ရောဂါပိုးရှိတဲ့ အကောင်က ကိုယ့်ကို ကိုက်တာ၊ ကုတ်တာလုပ်ရင် ကူးနိုင်ပါတယ်။ ခွေးရူးရောဂါရှိတဲ့ အကောင်က ကိုယ့်ရဲ့ အနာကိုလျှာနဲ့လျက်မိရင်လည်း ကူးနိုင်ပါတယ်။
ရှားရှားပါးပါးကူးနိုင်တဲ့နည်းလမ်း
ထူးထူးခြားခြား ခွေးရူးရောဂါပိုးကို ရှူမိရာကနေလည်းကူးနိုင်ပါတယ်။ ဒါကသာမန်လူတွေမှာ ဖြစ်ခဲပါတယ်။ အကြာကြီးထိတွေ့ရတဲ့ ဓာတ်ခွဲခန်းကသူတွေမှာ ပိုဖြစ်တတ်ပါတယ်။ နောက်ပြီး ရောဂါလက္ခဏာမပြခင် ရောဂါပျိုးချိန်မှာ မျက်ကြည်လွှာလှူတာ၊ ကိုယ်တွင်းအင်္ဂါလှူတာကလည်းကူးနိုင်တယ်ဆိုပေမယ့် တော်တော်ကို ရှားပါတယ်။
မကူးနိုင်တဲ့နည်းလမ်း
ခွေးရူးရောဂါရှိတဲ့ တိရစ္ဆာန်ကိုပွတ်သပ်တာ၊ သူ့ရဲ့ ဝမ်းတွေ၊ ဆီးတွေ၊ သွေးတွေကို ထိမိရာက မကူးနိုင်ပါဘူး။ ခွေးရူးရောဂါရှိတဲ့သူက သူများကို ကိုက်ရင် စာအရတော့ ကူးနိုင်တယ်ဆိုပေမယ့် လက်တွေ့မှာ ဒီနည်းနဲ့ကူးတဲ့သူ တစ်ယောက်မှ မရှိသေးပါဘူး။ နောက်ပြီး သူ့ရဲ့ ဝမ်း၊ဆီး၊ သွေးနဲ့ ထိမိရာကလည်း မကူးနိုင်ပါဘူး။ ခွေးရူးရောဂါပိုးက ပူပြင်းခြောက်သွေ့တဲ့ ဒဏ်ကို မခံနိုင်ပါဘူး။ နေရောင်နဲ့ တွေ့ရင်လည်း ပိုးသေပါတယ်။ ဒါကြောင့် ခွေးရူးရောဂါပိုးရှိတဲ့ ပစ္စည်းတစ်ခုခုခြောက်သွေ့သွားရင် ကူးနိုင်ချေမရှိဘူးလို့ ယူဆလို့ရပါတယ်။
ရောဂါလက္ခဏာများ
ရောဂါပိုးစဝင်ချိန်ကနေ ရောဂါလက္ခဏာပြတဲ့အထိ ကြားချိန်ကို ရောဂါပျိုးချိန် (incubation period)လို့ခေါ်ပါတယ်။ ဒါက အများစုမှာ ရက်သတ္တပတ်ကနေ လပိုင်းအထိကြာတတ်ပါတယ်။ တချို့တွေမှာကတော့ ရက်ပိုင်းကနေ နှစ်ချီပြီးကြာတတ်ပါတယ်။ ရောဂါပျိုးချိန်က ကိုက်တဲ့နေရာနဲ့ ဦးနှောက်ကြားအကွာအဝေး၊ ခွေးရူးပိုးအမျိုးအစားနဲ့ နဂိုခုခံအားပေါ်မူတည်ပါတယ်။ ခွေးရူးရောဂါပိုးက ဦးနှောက်ကိုကြိုက်ပါတယ်။ ဘယ်ကိုပဲ ကိုက်ကိုက် နောက်ဆုံး ဦးနှောက်ကိုပဲသွားမှာပါ။ ဒါကြောင့် ဦးနှောက်နဲ့ ဝေးလေ ရောဂါလက္ခဏာပြဖို့ ကြာလေပါပဲ။
ခွေးရူးရောဂါရဲ့ ပထမဆုံးလက္ခဏာက တုပ်ကွေးမိတာနဲ့ တူပါတယ်။ ဖျားတာ၊ ခေါင်းကိုက်တာ၊ ကိုယ်လက်မအီမသာဖြစ်တာ စသဖြင့် ရက်ပိုင်းလောက်ခံစားရပါတယ်။ ကိုက်တဲ့နေရာမှာ စပ်ဖျဉ်းဖျဉ်းဖြစ်သလို၊ အပ်နဲ့ထိုးသလို ခံစားရတတ်ပါတယ်။
ရက်ပိုင်းလောက်ထပ်ကြာရင် ဦးနှောက်ကိုပိုးရောက်ပြီး စိတ်တိုစိတ်ဆတ်တာ၊ ဂနာမငြိမ်တာဖြစ်တတ်ပါတယ်။ ဒီထက်ပိုဆိုးလာရင်တော့ ဂယောင်ဂတမ်းဖြစ်တာ၊ အိပ်မပျော်တာ၊ သားရည်တမြားမြားကျတာ၊ ရေမမျိုနိုင်တာ၊ ရေကြောက်တာ၊ လေအထိမခံနိုင်တာ၊ ထင်ယောင်ထင်မှားဖြစ်တာ၊ ထူးထူးဆန်းဆန်းအပြုအမူတွေလုပ်တာ၊ အကြောသေတာစတာတွေဖြစ်တတ်ပါတယ်။ ဒီအခြေအနေထိရောက်နေပြီဆိုရင်တော့ အသက်အန္တရာယ်နီးနေပါပြီ။ ထိရောက်တဲ့ကုသမှုပေးဖို့မမီတော့ပါဘူး။ လက္ခဏာသက်သာအောင်ပဲ လုပ်ပေးနိုင်တော့တာပါ။
ကုသနည်းများ
ခွေးရူးရောဂါကို ကုသဖို့အတွက် တိကျတဲ့ နည်းလမ်းမရှိသေးပါဘူး။ ကိုက်ခံရပြီဆိုတာနဲ့ ခွေးရူးရောဂါပိုးမဝင်အောင် နည်းမျိုးစုံနဲ့ကာကွယ်ရမှာပါ။ ခွေးကိုက်ခံပြီးတာနဲ့ ခွေးရူးမရူးမသေချာရင် ရူးတယ်လို့ပဲယူဆပြီး post exposure prophylaxis အနေနဲ့ ကာကွယ်ဆေး rabies immunoglobulin ထိုးရပါတယ်။ ဒါ့ပြင် ခွေးရူးကာကွယ်ဆေးလည်း ၄လုံးထပ်ထိုးရပါတယ်။ ဒါမှ ကာကွယ်နိုင်မှာပါ။
ကာကွယ်နည်းများ
- အိမ်မွေးခွေးတွေ ကြောင်တွေကို ကာကွယ်ဆေးထိုးပါ။
- ကိုယ့်အိမ်မွေးတိရစ္ဆာန်တွေကို တခြားအပြင်က ခွေး၊ကြောင်တွေ၊ တောရိုင်းတိရစ္ဆာန်တွေနဲ့ မထိတွေ့ပါစေနဲ့။
- ကိုယ်ကိုယ်တိုင်လည်း အပြင်က ခွေးတွေ၊ ကြောင်တွေကို လက်လွတ်စပယ်မကိုင်ပါနဲ့။
- ကိုယ့်ပတ်ဝန်းကျင်မှာ ခွေးရူးရှိနေရင် သက်ဆိုင်ရာကိုအကြောင်းကြားပါ။
- အိမ်မှာ လင်းနို့မတွယ်ပါစေနဲ့။
- ကိုယ်ကိုယ်တိုင်က ခွေး၊ကြောင်စတဲ့ အိမ်မွေးတိရိစ္ဆန်တွေနဲ့ အထိအတွေ့များရင် ကိုယ့်ကိုယ်ကို ကာကွယ်ဆေးထိုးထားပါ။
[embed-health-tool-bmi]