backup og meta

Post-exposure prophylaxis သို့မဟုတ် PEP


Dr. Thiha Phyo Myint မှ ရေးသားသည်။ · 10/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    Post-exposure prophylaxis သို့မဟုတ် PEP

    Post-exposure prophylaxis သို့မဟုတ် PEP

    လွန်ခဲ့တဲ့ တပတ်လောက်က အလုပ်သင်ဆင်းနေတဲ့ တပည့်လေးတယောက် HIV positive လူနာကို ထိုးထားတဲ့ အပ်စူးမိလို့ ဆေးသောက်နေရတဲ့အကြောင်း ကျွန်တော့်ကို လှမ်းပြောပါတယ်။ သူသောက်နေရတဲ့ ဆေးကုထုံးကို Post-exposure prophylaxis သို့မဟုတ် PEP လို့ခေါ်ပါတယ်။Exposure ဆိုတဲ့အဓိပ္ပါယ်က တစုံတခု/တစုံတယောက်နဲ့ ထိတွေ့ခြင်းဖြစ်ပြီး ‘post’ ကတော့ ‘ပြီးနောက်’ လို့ အဓိပ္ပါယ်ရပါတယ်။’Prophylaxis’ ကတော့ ‘ကြိုတင်ကာကွယ်ခြင်း’လို့ အဓိပ္ပါယ်ထွက်တဲ့အတွက် အားလုံးကို ခြုံငုံပြီး ဘာသာပြန်လိုက်ရင် တစုံတခု/တစုံတယောက်နဲ့ ထိတွေ့အပြီး ရောဂါမကူးစက်အောင် ကြိုတင်ကာကွယ်ခြင်းလို့ ဆိုနိုင်ပါတယ်။ ဒီနေရာမှာတော့ HIV ပိုးမကူးအောင် ကြိုတင်ကာကွယ်တာပေါ့။

    ယေဘုယျအားဖြင့် ဒီကုထုံးမှာ ဆေးနှစ်မျိုး/သုံးမျိုးခန့် ပါဝင်တတ်ပြီး မှန်မှန်ကန်ကန် သောက်သုံးမယ်ဆိုရင် (အကယ်၍ မတော်တဆ ကူးခဲ့သည်ရှိသော်) ဗိုင်းရပ်စ်ပိုးကို ရပ်တန့်တားဆီးဖို့အခွင့်အလမ်း ရှစ်ဆယ်ရာခိုင်နှုန်းထိ ရှိနေပါတယ်။ ဒါပေမယ့် ညွှန်ကြားထားတဲ့အတိုင်း ဆေးပတ်လည်အောင် အပြီးထိ သောက်ဖို့တော့ လိုပါတယ်။ အချက်အလက်တွေအရ ဒီကုထုံးကိုသုံးစွဲတဲ့ လူတွေရဲ့ ထက်ဝက်လောက်ကပဲ ဆေးပတ်လည်တဲ့အထိ သောက်တယ်လို့ဆိုပါတယ်။PEP ကို သတ်မှတ်ထားတဲ့အတိုင်း အဆုံးထိသောက်မယ်ဆိုရင် ၂၈ရက်တိတိသောက်ရမှာဖြစ်ပြီး အချို့လူတွေက ဆေးရဲ့ ဘေးထွက်ဆိုးကျိုးတွေကို မခံနိုင်လို့ ဆက်မသောက်တော့တာဖြစ်နိုင်သလို ဆေးဖိုးမတတ်နိုင်တော့လို့ ဆက်မသောက်တာမျိုးလည်း ဖြစ်နိုင်ပါတယ်။(ဒီဆေးတွေက ဈေးကြီးသလို ဘေးထွက်ဆိုးကျိုးတွေလည်း များပါတယ်)။

    ဒီနေရာမှာ မေးဖို့ရှိလာတာက PEP ကို ဘယ်သူတွေသောက်ရမှာလဲဆိုတဲ့ အချက်ပါ။

    PEP ကို အောက်ဖော်ပြပါလူတွေ သောက်သင့်ပါတယ်။

  • လောလောလတ်လတ် လိင်ဆက်ဆံခြင်းကတဆင့် HIV ပိုးကူးစက်ခံရပြီလို့ မိမိကိုယ်ကို သင်္ကာမကင်းသူတွေ။
  • ဆေးထိုးအပ် ဒါမှမဟုတ် သွေး/ခန္ဓါကိုယ်မှ ထွက်တဲ့အရည်တမျိုးမျိုး ပေကျံနေတဲ့ ပစ္စည်းတခုခုကို လတ်တလော မျှဝေသုံးစွဲထားတဲ့ မူးယစ်ဆေးဝါးသုံးစွဲသူတွေ။
  • HIV ပိုးရှိတဲ့လူနာရဲ့ ခန္ဓါကိုယ်က ထွက်တဲ့ အရည်တမျိုးမျိုးနဲ့ မတော်တဆ ထိတွေ့လိုက်မိတဲ့ ကျန်းမာရေးဝန်ထမ်းတွေ (ဆောင်းပါးအစမှာ ကျွန်တော်ပြောခဲ့သလို လူနာကို ထိုးထားတဲ့ အပ်စူးမိတာ၊ခွဲစိတ်ရင်း HIV ပိုးရှိ လူနာရဲ့ သွေး/အရည်တမျိုးမျိုးစင်သွားတာ စသဖြင့်ပေါ့)။
  • HIV ပိုးရှိနေတဲ့ မိသားစုဝင်တဦးဦးကို ပြုစုရင်း သူ့ခန္ဓါကိုယ်က ထွက်တဲ့ အရည်တမျိုးမျိုးနဲ့ မတော်တဆ ထိတွေ့လိုက်မိသူတွေ။
  • PEP ကို ဘယ်အချိန်မှာ စသောက်ရမှာလဲ။

    သံသယဖြစ်ဖွယ် အပြုအမူကို ပြုလုပ်အပြီး ၇၂နာရီအတောအတွင်းမှာ PEP ကို စသောက်ရပါမယ်။၇၂နာရီကျော်သွားရင် အကျိုးမရှိတော့တဲ့အတွက် ဒီအချက်ဟာ အရေးကြီးပါတယ်။ ဒါကြောင့် သင့်အနေနဲ့ HIV ပိုးကူးစက်ခံရနိုင်တဲ့ အပြုအမူတခုခုကို ပြုလုပ်လိုက်မိတယ်/အဖြစ်အပျက်တခုခုနဲ့ ကြုံတွေ့လိုက်ရတယ်ဆိုရင် ဆရာဝန်နဲ့အမြန်ဆုံးပြသတိုင်ပင်ဖို့ လိုအပ်ပါတယ်။

    ဒီကုထုံးက ဘယ်လိုအလုပ်လုပ်သလဲ။ ဘာဆေးတွေ ပါသလဲ။

    ဗိုင်းရပ်စ်ပိုးဆန့်ကျင်ဆေးနှစ်မျိုး/သုံးမျိုးလောက်ကို ပေါင်းစပ်ပြီး PEP ကုထုံးအဖြစ် အသုံးပြုပါတယ်။ ဒီလို သောက်သုံးခြင်းအားဖြင့် HIV ဗိုင်းရပ်စ်ပိုးတွေ သင့်ခန္ဓါကိုယ်ထဲမှာ ပွားများခြင်းကို ကာကွယ်တားဆီးနိုင်မှာပါ။

    ဒီဆေးတွေကို တနေ့တကြိမ် ဒါမှမဟုတ် နှစ်ကြိမ်လောက် သောက်ရမှာဖြစ်ပြီး ၂၈ရက်တိတိ သောက်ရမှာဖြစ်ပါတယ်။

    ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း (WHO)က သတ်မှတ်ထားတဲ့ ရည်ညွှန်းချက်တွေအရ tenofovir အမည်ရ ဆေးကို lamivudine (3TC လို့လည်း ခေါ်ပါတယ်) ဒါမှမဟုတ် emtricitabine (FTC လို့လည်း ခေါ်ပါတယ်) ဆေးနဲ့ ပေါင်းစပ်သောက်သုံးရမှာပဲ ဖြစ်ပါတယ်။ ဒါ့အပြင် lopinavir လို့ခေါ်တဲ့ ဆေးတမျိုးကိုလည်း ထည့်သောက်ဖို့ လိုကောင်းလိုမှာပါ။

    အထက်မှာဖော်ပြခဲ့တဲ့ ဆေးတွေကတော့ အရွယ်ရောက်ပြီးသူတွေအတွက်ဖြစ်ပြီး အသက်ဆယ်နှစ်အောက်ကလေးတွေမှာ PEP တိုက်ဖို့ လိုအပ်လာပြီဆိုရင်တော့ AZT လို့ လူသိများတဲ့ zidovudine နဲ့ 3TC တို့ကို တွဲဖက်သုံးစွဲရမှာ ဖြစ်ပါတယ်။ လိုအပ်ရင် lopinavir ကိုလည်း ထည့်တိုက်ရပါမယ်။ ဒါကတော့ သင့်ဆရာဝန်ရဲ့ ဆုံးဖြတ်ချက်အပေါ်မှာ မူတည်နေပါတယ်။

    ဘေးထွက်ဆိုးကျိုးတွေက ဘာတွေလဲ။

    ကျွန်တော်အထက်မှာ ပြောခဲ့သလိုပါပဲ၊PEP ကုထုံးကို အပြီးထိ ဆက်မသောက်ကြရခြင်းရဲ့ အကြောင်းရင်းတခုက ဘေးထွက်ဆိုးကျိုးတွေ များပြားခြင်းပါ။ ဒီဆေးတွေဟာ ပျို့အန်မအီမသာဖြစ်ခြင်းကိုသာမက ဝမ်းလျှောခြင်း၊အလွန်အကျွံအန်ခြင်းတွေကိုလည်း ဖြစ်ပေါ်စေနိုင်ပါတယ်။ ပြင်းပြင်းထန်ထန်ကို ဖြစ်တတ်တာပါ။ ဒါ့အပြင် ရှားရှားပါးပါးဆိုသလို အသည်းပြဿနာတွေလည်း ပေါ်ပေါက်လာတတ်ပါသေးတယ်။ တကယ်လို့ ဒီကုထုံးနဲ့မတိုးဘူးဆိုရင် အခြားသော HIV ဆေးတွေနဲ့လည်း ကုမရဖြစ်တတ်ပါသေးတယ်။

    အချုပ်အားဖြင့် ပြောရရင်တော့ မမျှော်လင့်ဘဲ HIV ပိုးကူးစက်ခံရနိုင်တဲ့ အခြေအနေတွေကို PEP လို့ခေါ်တဲ့ ဆေးဝါးကုထုံးက အတိုင်းအတာတခုထိ ဖြေရှင်းပေးနိုင်ပါတယ်။ ဒါပေမယ့် ဒီဆေးတွေကို သံသယဖြစ်ဖွယ်အပြုအမူ ပြုလုပ်အပြီး ၇၂နာရီအတွင်း စသောက်ဖို့လိုသလို ပြင်းထန်တဲ့ ဘေးထွက်ဆိုးကျိုးတွေကိုလည်း မျှော်လင့်ထားဖို့ လိုအပ်ပါကြောင်း မျှဝေပေးလိုက်ရပါတယ်။

    Hello Health Groupသည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr. Thiha Phyo Myint မှ ရေးသားသည်။ · 10/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement