backup og meta

ကာဗွန်မိုနောက်ဆိုက် အဆိပ်သင့်ခြင်းအန္တရာယ် အရေးပေါ်ဘယ်လိုကူညီနိုင်မလဲ


Yun Sandi Nan Mon မှ ရေးသားသည်။ · 20/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကာဗွန်မိုနောက်ဆိုက် အဆိပ်သင့်ခြင်းအန္တရာယ် အရေးပေါ်ဘယ်လိုကူညီနိုင်မလဲ

    ကာဗွန်မိုနောက်ဆိုက်ဆိုတာ အနံ့မရှိ၊ အရသာမရှိတဲ့ အဆိပ်ဓါတ်ငွေ့ဖြစ်ပါတယ်။ သူ့ကိုရှူရှိုက်မိရင် အဆိပ်သင့်စေနိုင်ပြီး ပမာဏနည်းရင်တော့သတိမထားမိဘဲ လူကဘာဖြစ်လို့ဖြစ်မှန်းမသိလိုက်တာ ရှိတတ်ပါတယ်။လေထုထဲမှာ ဒီဓါတ်ငွေ့များနေပြီဆိုရင်တော့သွေးနီဥဆဲလ်တွေထဲကအောက်ဆီဂျင်ေနရာမှာ ကာဗွန်မိုနောက်ဆိုက်တွေအစားထိုးဝင်ရောက်သွားနိုင်တာမို့ ခန္ဓါကိုယ်ထဲမှာ ဆိုးရွားတဲ့ထိခိုက်ပျက်စီးမှုတွေဖြစ်လာနိုင်တယ်၊ အသက်ဆုံးရှုံးရတဲ့အထိတောင်ဖြစ်နိုင်ပါတယ်။

    ဥပမာ အလုံပိတ်ကားပါကင်ထဲမှာ ကားစက်နှိုးလို့ အင်ဂျင်ကထွက်လာတဲ့ဓါတ်ငွေ့တွေ လွန်ကဲလာရင်လေထုညစ်ညမ်းပြီး အသက်ရှူကျပ်လာတာ၊ မီးခိုးမွှန်လို့ အသက်ရှူကျပ်လာတာ၊လေအေးပေးစက်ကြောင့် ဘာနံ့မှမရဘဲအသက်ရှူကျပ်လာတာ၊ စတာတွေကို အလုံပိတ်နေရာတစ်ခုခုအတွင်း ခံစားဖူးကြမှာပါ။ အခိုးအငွေ့မမြင်ရတဲ့ အသံတိတ်လူသတ်သမားပါပဲ။ ကာဗွန်မိုနောက်ဆိုက်အဆိပ်သင့်ခြင်းက ဓါတ်ငွေ့အနည်းအများနဲ့ ရှူရှိုက်မှုအတိုင်းအတာကိုမူတည်ပြီး ဦးနှောက်သေခြင်း၊ နှလုံးထိခိုက်ပျက်စီးခြင်း၊ ကိုယ်ဝန်ပျက်ကျခြင်း၊သေဆုံးခြင်းတို့အထိဖြစ်နိုင်လောက်အောင် အန္တရာယ်ကြီးပါတယ်။

    အဆိပ်သင့်မှုဖြစ်နိုင်ခြေအများဆုံး အရင်းအမြစ်တွေ

    ကာဗွန်မိုနောက်ဆိုက်ဓါတ်ငွေ့တွေ ထွက်ရှိမှုကို သတိထားသင့်တဲ့ အရင်းအမြစ်တွေကတော့ –

    • ကားအင်ဂျင် -ကားဂိုဒေါင်တွေ၊ကားဝပ်ရှော့တွေမှာ အင်ဂျင်ကနေထွက်တဲ့ မီးခိုးငွေ့တွေရှူရှိုက်မှုများတတ်ပါတယ်။ အလုံပိတ်ကားပါကင်မှာ ကားစက်နှိုးပြီးထားထားတာက ၁၀ မိနစ်အတွင်းမှာ လူကိုသေစေလောက်တဲ့ ကာဗွန်မိုနောက်ဆိုက်ပမာဏကို အင်ဂျင်ကနေထွက်စေနိုင်ပါတယ်။
    • ဂက်စ် မီးဖိုနဲ့ ထင်းမီးဖို
    • ဂက်စ် သို့မဟုတ် တခြားလောင်စာနဲ့လည်ပတ်တဲ့ ရေပူစက်
    • ဒီဇယ်ဂျင်နရေတာ
    • မီးစက်
    • လေအေးပေးစနစ် (အဲယားကွန်းတွေ)
    • မီးခိုးခေါင်းတိုင်( တစုံတခုကြောင့် ပိတ်ဆို့နေတဲ့အခါမျိုး)
    • မော်တော်ဘုတ် အိတ်ဇော
    • အကင်မီးဖိုတွေ (မီးသွေးဖြစ်ဖြစ်၊ ဂက်စ်ဖြစ်ဖြစ်)
    • မီးလောင်မှုက ထွက်လာတဲ့ မီးခိုး
    • လေလုံနေတဲ့နေရာတစ်ခုမှာ ဘာကိုပဲ မီးရှို့ရှို့ ကာဗွန်မိုနောက်ဆိုက် ထွက်လာနိုင်ပါတယ်။

    အဆိပ်သင့်ရင် ဘာလက္ခဏာတွေ ပြတတ်လဲ

    ကာဗွန်မိုနောက်ဆိုက်အဆိပ်သင့်နေတဲ့ လူတစ်ယောက်မှာ ဒီလက္ခဏာတွေ ဖြစ်တတ်ပါတယ် –

    • ခေါင်းကိုက်လာတယ်
    • မောဟိုက်ပြီး အားကုန်လာတယ်
    • ခေါင်းမူး၊ အာရုံဝေဝါးလာတယ်
    • မအီမသာဖြစ်၊ ပျို့အန်တယ်
    • အသက်ရှူကျပ်လာတယ်
    • အမြင်အာရုံ မှုန်ဝါးလာတယ်
    • အကြားအာရုံမကောင်းတော့ဘူး
    • သတိလစ်သွားနိုင်တယ်

    ဒါ့ကြောင့် ဒီဓါတ်ငွေ့အဆိပ်သင့်နေတယ်လို့ ယူဆရတဲ့လူတစ်ဦးတစ်ယောက်ကိုတွေ့ရင် ဆေးရုံဆေးခန်းမရောက်ခင် အရေးပေါ်ဘယ်လိုကူညီပေးနိုင်မလဲဆိုတာ သိထားရင် အခြေအနေမပြင်းထန်ခင်မှာ အသက်ကယ်နိုင်ပါလိမ့်မယ်။

    ဘယ်လိုကူညီပေးမလဲ

    ကာဗွန်မိုနောက်ဆိုက်အဆိပ်သင့်ခြင်းအတွက် အရေးပေါ်ကူညီကယ်ဆယ်ပေးနိုင်ဖို့အတွက် ဒီအချက်တွေကို သိထားသင့်ပါတယ်။

    • အဆိပ်သင့်လက္ခဏာဖြစ်နေသူကိုတွေ့ရင်ဆေးရုံအမြန်ဆုံးပို့ပေးပါ၊ဆေးရုံကားခေါ်ပေးပါ။
    • လေကောင်းလေသန့်ရနိုင်တဲ့နေရာကို အမြန်ဆုံးရွှေ့ပေးပါ။
    • ကာဗွန်မိုနောက်ဆိုက် ထွက်တဲ့နေရာကို ရှာဖွေအတည်ပြုပြီးရင် ကိုယ့်အတွက်ပါအန္တရာယ်အကင်းဆုံးနည်းနဲ့(mask တပ်ခြင်း စသည်) အမြန်ဆုံးပိတ်ပစ်ပါ။
    • အရေးပေါ်ကား မရောက်လာခင် လူနာကို သက်တောင့်သက်သာအနေအထားနဲ့နေနိုင်အောင် ကူညီပေးပါ။
    • သူ့ရဲ့ အသက်ရှူလမ်းကြောင်းမှာ ဓါတ်ငွေ့ထပ်မရှူရှိုက်မိတော့ဘဲ အသက်ရှူနိုင်၊သွေးခုန်နိုင်သေးလားစောင့်ကြည့်ပါ။
    • တကယ်လို့ လူနာက အသက်မရှူတော့တာ၊ လှုပ်ရှားမှုလက္ခဏာတစ်ခုမှမတွေ့ရရင် အရေးပေါ်အသက်ကယ်နည်း (CPR ) နဲ့ ကယ်တင်ရပါမယ်။
    • CPR နည်းအရရင်ညွန့်အလယ်မှာ လက်ဖနောင့်တစ်ဖက်ထားပြီးနောက်လက်တစ်ဖက်နဲ့အုပ်ကိုင်ပါ။ လက်ကိုဖြောင့်အောင်တန်းပြီး ရင်ဘတ်ကို၂လက်မခန့်ချိုင့်ဝင်အောင် အကြိမ်ရေများများဖိပေးပါ။ ဖိတဲ့အခါမှာ ခပ်မြန်မြန်လုပ်ရမယ်ဆိုပေမယ့်ရင်ဘတ်ြပန်ဖောင်းလာအောင်စောင့်ပြီးမှ နောက်တစ်ကြိမ်ဖိပါ။ တစ်မိနစ်ကို အနည်းဆုံးအကြိမ် ၁၀၀ လောက် CPR လုပ်ပေးလို့ရပါတယ်။ ဒါမှ အသက်ရှူမလာသေးရင်နှုတ်ခမ်းမှတဆင့်လေမှုတ်သွင်းပေးတဲ့နည်းကိုသုံးရပါမယ်။
    • လူနာကို ပါးစပ်ကနေ ဘာမှမတိုက်၊ မကျွေးပါနဲ့။
    • ဆရာဝန်ညွှန်ကြားချက်မဟုတ်ဘဲဆေးဝါးတစ်ခုမှ မတိုက်ကျွေးပါနဲ့။

    ကျန်တာကိုတော့ ဆရာဝန်နဲ့ဆေးပညာဝန်ထမ်းတွေ ကုသပေးမှာဖြစ်တဲ့အတွက်ဆေးရုံဆေးခန်းမပို့နိုင်သေးခင် ဒီအချက်တွေနဲ့ပဲ အရေးပေါ်ကယ်တင်နိုင်ပါတယ်။

    Hello Health Groupသည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများမပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Yun Sandi Nan Mon မှ ရေးသားသည်။ · 20/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement