backup og meta

အမြင့်ကပြုတ်ကျတဲ့သူတစ်ယောက်အတွက် လုပ်ပေးသင့်တဲ့ အရေးပေါ်ရှေးဦးသူနာပြုစုနည်းများ။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Dr. Thin Yadanar @ Frances မှ ရေးသားသည်။ · 22/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အမြင့်ကပြုတ်ကျတဲ့သူတစ်ယောက်အတွက် လုပ်ပေးသင့်တဲ့ အရေးပေါ်ရှေးဦးသူနာပြုစုနည်းများ။

    အမြင့်တစ်နေရာရာက ပြုတ်ကျတယ်ဆိုတာ လူကြီး၊ လူငယ်မရွေးကို အခန့်မသင့်ရင် ဒုက္ခပေးနိုင်တာမျိုးပါ။ ကြောင်ကျကျတယ်ဆိုရင်တော့ တော်တာပေါ့။ အကျမတော်ရင်တော့ ခေါင်းကွဲ ဒူးပြဲ၊ အရိုးကျိုးနဲ့ ဒဏ်ရာဒဏ်ချက်တွေ တစ်ပြုံကြီး ရသွားနိုင်ပါတယ်။ ဘယ်သူမှတော့ ပြုတ်ကျချင်တဲ့သူ မရှိပါဘူး။ မတော်တဆဆိုပြီးတော့သာ အကုန်ဖြစ်ရတာပါ။ ဖြစ်ပြီးမှတော့လည်း ပိုဆိုးမသွားအောင် ဆက်ကာကွယ်ဖို့ပဲရှိတော့တာပေါ့။ ဒါကြောင့် မတော်တဆ အမြင့်ကကိုယ်ကျရင်ပဲဖြစ်ဖြစ်၊ လမ်းမှာပြုတ်ကျပြီး ဒဏ်ရာရတဲ့သူကို တွေ့ရင်ပဲဖြစ်ဖြစ် လုပ်သင့်တဲ့ ရှေးဦးသူနာပြုစုနည်းလေးတွေ အကြောင်း ပြောပြပေးချင်ပါတယ်။ နေရာတိုင်းအတွက် အသုံးဝင်နိုင်မယ့် နည်းလေးတွေပေါ့။ ။

    အမြင့်ကပြုတ်ကျတဲ့သူတစ်ယောက်ကိုတွေ့ရင် အရင်ဆုံး ဘယ်လို ကူညီပေးသင့်သလဲ။

    လမ်းသွားရင်းပဲဖြစ်ဖြစ်၊ လုပ်ငန်းခွင်ထဲမှာပဲဖြစ်ဖြစ် အိမ်မှာပဲဖြစ်ဖြစ် တစ်ယောက်ယောက် ဒဏ်ရာရနိုင်လောက်တဲ့ အမြင့်က ပြုတ်ကျလာလို့ရှိရင် ဒဏ်ရာ ပြင်းမပြင်း အရင်ကြည့်ပါ။ ဒဏ်ရာပြင်းတဲ့ သူဆိုရင်

    • လူနာတင်ယာဉ် အရင်ခေါ်ပါ။ လူနာတင်ကား လာနေချိန် သင့်အနေနဲ့ ဒါတွေ လုပ်ထားပေးလို့ရပါတယ်။ စိတ်အေးအေးထားပြီး ဒဏ်ရာရနေတဲ့သူနား ကပ်သွားပါ။ သတိရနေလား၊ သတိမေ့နေလား အဓိကထားကြည့်ပါ။သတိမေ့ေနရင်တော့ အသက်ရှူနေသေးလား၊ ပြုတ်ကျတဲ့ ပုံစံကအသက်ရှူလမ်းကြောင်း ပိတ်ဖို့ အလားအလာရှိနေလားဆိုတာ တစ်ချက်စစ်ကြည့်ပြီး အသက်ရှူနိုင်ဖို့ လုပ်ပေးပါ။ နှလုံးမခုန်တော့ဘူးဆိုရင်တော့ CPR အရေးပေါ် အသက်ကယ်နည်းနဲ့ ကယ်ပေးပါ။

    ဒဏ်ရာရတဲ့သူတွေ့တိုင်းလူနာတင်ယာဉ်ကား ခေါ်ဖို့လိုလား။ ။

    ဒဏ်ရာရနေတဲ့သူတွေ့တိုင်း လူနာတင်ကားခေါ်ဖို့မလိုပါဘူး။ လူနာတင်ကားတွေက ကိုယ်တွေထက်တောင် အလုပ်ရှုပ်လို့ တကယ်လိုအပ်မှပဲ ခေါ်သင့်ပါတယ်။ ဒါကြောင့် ဘယ်အခြေအနေမျိုးဆို လူနာတင်ကားခေါ်သင့်လဲဆိုတာ လူတိုင်းသိသင့်တယ်ထင်လို့ ဝေမျှပေးချင်ပါတယ်။

    • သွေးထွက်လွန်နေတဲ့သူတွေ ( အထူးသဖြင့် ဒဏ်ရာက သွေးတွေထွက်နေတာ၊ နှာခေါင်း၊ ပါးစပ် နဲ့ နားထဲကနေ သွေးထွက်နေတာ)
    • ခေါင်းကွဲ ၊ ဇက်ကျိုးပြီး တင်ပဆုံရိုးကျိုးသွားတယ်လို့ထင်ရတဲ့သူတွေ
    • အသက်ရှူရခက်နေတဲ့ သူတွေ
    • လှုပ်လို့မရတော့တဲ့သူတွေနဲ့ သတိလစ်နေတဲ့ သူမျိုးတွေတွေ့ ရင် အရေးပေါ် လူနာတင်ကားခေါ်သင့်ပါတယ်။ ဒါတွေက ပြင်းထန်တဲ့ ဒဏ်ရာရနေတဲ့သူတွေကို ကူညီပေးနိုင်တဲ့ နည်းလမ်းတွေပါ။

    ပြုတ်ကျလို့ ကြီးကြီးမားမားဒဏ်ရာ မရတဲ့ လူတွေ အတွက်ကတော့ လူနာတင်ကားခေါ်ဖို့ မလိုပါဘူး။

    • ပြုတ်ကျလို့ ရလာတဲ့ ဒဏ်ရာမှာပေနေတဲ့ ဖုန်တွေ၊ သဲတွေ အရင်သုတ်ပေးပါ။ သုံးရေအလွယ်တကူ မရရင် သောက်ရေသန့်ဘူးဝယ်ပြီး အနာကိုဆေးပါ။ သန့်စင်ပြီးသွားတဲ့ အနာကို ပိုးသတ်ဆေးရည်ထည့်ပြီး အနာကပ်ပလာစတာကပ်ထားပေးပါ။
    • ခြေခေါက်တာပဲဖြစ်ဖြစ်၊ အသားကျေသွားတာလို့ပဲဖြစ်ဖြစ် ရောင်သွားတဲ့ နေရာကို ရေခဲကပ်ပေးပါ။ ရေခဲတုံးကိုအသားနဲ့ တိုက်ရိုက်မထိဘဲ ပဝါ( ဒါမှမဟုတ်) အဝတ်စနဲ့ ပတ်ပြီးမှ ကပ်ပေးပါ။
    • ထိခိုက်မိသွားလို့ သွေးထွက်သွားတဲ့နေရာကို သွေးတိတ်သွားအောင် သန့်တဲ့ အဝတ်တစ်ခုခုနဲ့ စည်းထားတာမျိုး၊ ဖိထားတာမျိုးလုပ်ပေးပါ။

    ခုပြောခဲ့တာတွေကတော့ ရုပ်ပိုင်းဆိုင်ရာ ကုသမှုတွေပါ။ အမြင့်ကပြုတ်ကျလာတဲ့ သူတစ်ယောက်ရဲ့ စိတ်ကတော့ အဲဒီ အချိန်မှာ တည်ငြိမ်နေဖို့ဆိုတာ အတော်ခဲယဉ်းပါတယ်။ အနည်းဆုံးတော့ လန့် သွားနိုင်ပြီး အဆိုးဆုံးကတော့ ကယောက်ချောက်ချားဖြစ်သွားနိုင်ပါတယ်။ ဒါကြောင့်ထိခိုက်မိတဲ့ ဒဏ်ရာတွေကို ကုသပြုစုပေးတာနဲ့တင် မပြီးပါဘူး။ လန့်သွားတဲ့ စိတ်ကို ပြန်ပြီးတည်ငြိမ်အောင် အားပေးရပါမယ်။

    • ပြုတ်ကျလာတဲ့သူတွေကို သူတို့ဘာဒဏ်ရာကြီးကြီးမားမားမှ မရလိုက်ဘူး။ ကံကောင်းလိုက်တာဆိုပြီး အားပေးပါ။
    • စိတ်တည်ငြိမ်အောင်လို့ မျက်စိမှိတ်ပြီး ခဏအနားယူခိုင်းလိုက်ပါ။
    • ပြီးတာနဲ့ ဆေးခန်းသွားပြီး မေးခိုင်ကာကွယ်ဆေးထိုးပေးသင့်ပါတယ်။
    • ပြုတ်ကျတဲ့သူက အသက်ကြီးတဲ့ သူတွေသာဖြစ်ခဲ့မယ်ဆိုရင် နောက်နေ့ ၁ ရက်၂ ရက်လောက်အထိ ဘာမှမထိခိုက်မိဘူးဆိုတာသေချာအောင် စောင့်ကြည့်သင့်ပါတယ်။

    ဘယ်လိုလူတွေ ပိုသတိထားသင့်သလဲ။ ။

    • အမြင့်မှာ အလုပ်လုပ်နေရတဲ့သူတွေ ( လက်သမား၊ ဆေးသုတ်သမား၊ သန့်ရှင်းရေးသမား)
    • ဒေါက်ဖိနပ်အမြင့်ကြီးနဲ့ လမ်းလျှောက်ရတဲ့သူတွေ
    • လှေကားပေါ်ကချော်ကျနိုင်တဲ့ သက်ကြီးရွယ်အိုတွေနဲ့ ကလေးသူငယ်တွေ
    • ကိုယ်ဝန်ဆောင် မိခင်တွေ အနေနဲ့ ဘယ်ပဲသွားသွား ဘာပဲလုပ်လုပ် အမြဲ သတိထားသင့်ပါတယ်။

    ဒါတွေကတော့ အမြင့်က ပြုတ်ကျတဲ့ သူတစ်ယောက်ကို ရုပ်ပိုင်းဆိုင်ရာ အရရော၊ စိတ်ပိုင်းဆိုင်ရာ အရရော အားပေး ကူညီသင့်တဲ့ ရှေးဦးသူနာပြုစုနည်းတွေပဲဖြစ်ပါတယ်။ မတော်တဆ ဆိုတဲ့ ခေါင်းစဉ်အောက်မှာ ဘာမဆိုဖြစ်သွားနိုင်လို့ ဘာပဲလုပ်လုပ် သေချာသတိနဲ့ လုပ်သင့်ပါတယ်။ ကိုယ့်မျက်စိရှေ့မှာ မတော်တဆ တစ်ခုခုဖြစ်တာ တွေ့ခဲ့ရင်လည်း ကိုယ်နဲ့ မဆိုင်သလိုမနေလိုက်ဘဲ တတ်နိုင်သလောက်တော့ ကူညီပေးသင့်ပါတယ်။ အနည်းဆုံး အရေးပေါ်လူနာတင်ကားခေါ်ပေးတာမျိုးလောက်တော့ လုပ်ပေးသင့်ပါတယ်။ လူသားချင်းစာနာထောက်ထားမှုဆိုတာ လူ့ဘောင်အတွက်တော့ အလွန်အရေးကြီးတဲ့ အရာတစ်ခုမဟုတ်လား။ ။

    Hello Health Groupသည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Dr. Thin Yadanar @ Frances မှ ရေးသားသည်။ · 22/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement