သင့်မှာ ဆီးချို ရှိနေပြီလား။

ရေးသားသူ ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win

အသံကြားတာနဲ့တင် လူတွေ ကြောက်တဲ့ ရောဂါထဲမှာ ဆီးချို လည်း ပါပါတယ်။ လူတွေ သိကြတာက ဆီးချိုဖြစ်ရင် ထမင်းတွေ မစားရတော့ဘူး။ အချိုတွေ ရှောင်ရတော့မယ်။ အခန့်မသင့်ရင် အနာတွေဖြစ်ပြီး ခြေတွေ လက်တွေ ပုပ်လို့ ဖြတ်ရတော့မယ် စသဖြင့် ခေါင်းထဲကို ဝင်လာပါတယ်။

ဒါကြောင့်လည်း အမျိုးထဲက ဒါမှမဟုတ် အသိထဲက တစ်ယောက်ယောက် ဆီးချိုရှိနေပြီလားဆိုရင် ကြောက်တတ်ကြပါတယ်။ အဲ့တော့မှ ကောက်ခါ ငင်ခါ ဆီးချို သွားဖောက်တတ်ကြပါတယ်။ အဲ့ဒီမှာ ဘယ်နှခါ ဖောက်မှာလဲ၊ ဘယ်အချိန်ဖောက်မှာလဲ၊ ဘာအဖြေရရင် ဘာဖြစ်နေတာလဲ ဆိုပြီး ရှိပါတယ်။ ဆက်ကြည့်ရအောင်။

ဆီးချို ရှိမှန်း ဘယ်လို သိမလဲ။

ဆီးချို ရှိမရှိကို ဘယ်လို သိမလဲဆိုရင် သွေးဖောက်စစ်မှပဲ သိနိုင်ပါတယ်။ လက်ထိပ်ဖောက်တာ ဖြစ်ချင် ဖြစ်မယ်။ လက်မောင်းက သွေးဖောက်တာ ဖြစ်ချင် ဖြစ်မယ်။ သေချာတာက သွေးစစ်မှပဲ သိနိုင်တာပါ။ အရပ်ထဲမှာ ပြောနေသလိုမျိုး ‘ဆီးပေါက်ပြီး ထားထားလိုက်၊ ပုရွတ်ဆိပ်တက်နေရင် ဆီးချိုရှိတယ်’ ၊ ‘ခြေထောက် အနာမကျက်ဘူးလား၊ ဒါ ဆီးချိုရှိနေလို့’ ဆိုတာ မဟုတ်ပါဘူး။ ဒါမတိကျပါဘူး။ ဟုတ်ချင်လည်း ဟုတ်မယ်။ ဟုတ်ချင်မှလည်း ဟုတ်မယ်။ ဆီးချို ရှိမရှိ အပြင်ကကြည့်ရုံနဲ့ မသိပါဘူး။ အကောင်းဆုံးနည်းက သွေးစစ်ကြည့်တာပါပဲ။

ဆီးချိုနဲ့ သူ၏ ကိန်းဂဏန်းများ

ADA လို့ ခေါ်တဲ့ American Diabetic Association အမေရိကန် ဆီးချိုအဖွဲ့ကြီးကတော့ ဒီလို ပြောပါတယ်။

ပုံမှန်လူ

၁။ အစာ မရှိချိန် သွေးတွင်းသကြားဓာတ် < 100 mg/dL

သို့မဟုတ်

၂။ သကြားရည်သောက်ပြီး ၂နာရီအကြာ သွေးတွင်းသကြားဓာတ်  < 140 mg/dL

ဆီးချို အကြိုအဆင့်

၁။ A1C  5.7- 6.4%

သို့မဟုတ်

၂။ အစာ မရှိချိန် သွေးတွင်းသကြားဓာတ် 100 – 125 mg/dL

               သို့မဟုတ်

၃။ သကြားရည်သောက်ပြီး ၂နာရီအကြာ သွေးတွင်းသကြားဓာတ်  140 – 199 mg/dL

ဆီးချိုရောဂါရှိသူ

၁။ A1C > 6.5%

           သို့မဟုတ်

၂။ အစာ မရှိချိန် သွေးတွင်းသကြားဓာတ် >126 mg/dL

သို့မဟုတ်

၃။ သကြားရည်သောက်ပြီး ၂နာရီအကြာ သွေးတွင်းသကြားဓာတ် >200 mg/dL

         သို့မဟုတ်

၄။ ဆီးချို လက္ခဏာတွေလည်း ရှိတယ်။ ဒီတိုင်း သွေးတွင်းသကြားဓာတ်ကို စစ်ကြည့်လိုက်တော့လည်း  >200 mg/dL ရှိနေတယ်။

ဒီနေရာမှာ တချို့ စကားတွေကို နည်းနည်း ပြန်ရှင်းပြ ပေးပါ့မယ်။

  • အစာမရှိချိန် ဆိုတာ အစာနဲ့ အနည်းဆုံး ၈နာရီ ခြားပြီး စစ်တာပါ။ ဘာမှမစားရပါဘူး။ ရေတော့ သောက်လို့ ရပါတယ်။ ဥပမာ ပြောရရင် ည ၁၀နာရီ နောက်ဆုံးစားထားတယ်။ မနက်၆နာရီကျတော့ ဖောက်လိုက်တယ်။ ဒါမျိုးကို ပြောတာပါ။
  • သကြားရည် သောက်ပြီး ဆိုတာက အိမ်မှာရှိတဲ့ သကြားကို အဆင်ပြေသလို ဖျော်သောက်ပြီး စစ်တာ မဟုတ်ပါဘူး။ သကြား ၇၅ဂရမ်ကို ဖျော်သောက်ပြီး ၂နာရီကြာရင် သွေးဖောက် စစ်တာကို ပြောတာပါ။
  •  A1C ဆိုတာ HbA1C ကို ပြောတာပါ။ ဆီးချိုသက်ရင့်တဲ့သူဆို သိပါတယ်။ သူက ခုချက်ချင်းစားတဲ့ သွေးတွင်း သကြားဓာတ်ကို ပြောတာမဟုတ်ပါဘူး။ လွန်ခဲ့တဲ့ ၃လ လောက်က ရှိတဲ့ ကိုယ့်ရဲ့ သကြားဓာတ်ကို စစ်ဆေးတာပါ။ ဆီးချို ထိန်းနိုင် မထိန်းနိုင်ကို ဒီဂဏန်းနဲ့ပဲ ကြည့်တာပါ။
  • ဆီးချို လက္ခဏာရှိတယ် ဆိုတာ အားလုံးသိပါတယ်။ ရေခဏခဏ ဆာတာ၊ ဆီးခဏခဏ သွားချင်တာ၊ ပိန်သွားတာ၊ အစားတွေ အရမ်းစားချင်တာ၊ မျက်လုံးတွေ ဝါးလာတာ စတာတွေပဲ ဖြစ်ပါတယ်။
  • ဒီတိုင်းစစ်တဲ့ သကြားဓာတ်ဆိုတာက ဘယ်အချိန်စစ်စစ် စစ်လို့ရတယ်လို့ ပြောချင်တာပါ။ အစားမစားဘဲ နေစရာ မလိုသလို၊ စားပြီး ၂နာရီခြားစရာလည်း မလိုပါဘူး။
  • ဆီးချိုရောဂါ အကြိုအဆင့်ဆိုတာ ဆီးချိုဖြစ်တော့မယ်လို့ပြောချင်တာပါ။ ဒီအခြေအနေမှာ ကိုယ့်ဟာကိုယ် အစားအသောက်ထိန်းစား၊ လေ့ကျင့်ခန်းလုပ်၊  ဝိတ်လျှော့မယ်ဆိုရင် ပုံမှန်ပြန်ဖြစ်နိုင်ပါသေးတယ်။ မဟုတ်ရင်တော့ ဆီးချိုဖြစ်သွားမယ်လို့ ပြောချင်တာပါ။
  • သို့မဟုတ်လို့ ပြောထားတဲ့ အတွက် ကြိုက်တာတစ်မျိုး စစ်ရင် ရပါပြီ။

ဘယ်သူတွေ ဆီးချို စစ်သင့်သလဲ။

အသက်၄၅နှစ် ကျော်တဲ့သူတိုင်း စစ်သင့်တယ်လို့ အကြံပြုထားပါတယ်။ အနည်းဆုံး တစ်နှစ်တစ်ခါတော့ စစ်သင့်ပါတယ်။

  • သတိထားပြီး စစ်သင့်တဲ့သူတွေကတော့

အဝလွန်တဲ့သူတွေ (BMI 25ကျော်တဲ့သူတွေ)

( BMI ကို ဤနေရာတွင် တွက်ချက်နိုင်ပါသည်။)

-လှုပ်ရှားမှုမရှိ အထိုင်များတဲ့ သူတွေ

-အမျိုးထဲမှာ ဆီးချိုရှိတဲ့သူတွေ

​-ကိုယ်ဝန်ဆောင်တုန်းက ဆီးချိုရှိတဲ့သူတွေ

သွေးတိုး ရှိတဲ့သူတွေ

-သွေးတွင်း အဆီဓာတ် များတဲ့သူတွေ

-သားဥအိမ်မှာ အရည်အိတ် အများကြီးတည်တဲ့ ရောဂါရှိသူ (polycystic ovarian syndrome)

လေဖြတ်ဖူးတဲ့ သူတွေကတော့ စစ်ထားတာ ကောင်းပါတယ်။

  • နောက်ပြီး ခုနက သွေးစစ်လိုက်တော့ ဆီးချိုရောဂါ အကြိုအဆင့်ရှိတဲ့သူတွေပါ။ သူတို့တွေလည်း နှစ်တိုင်းစစ်သင့်ပါတယ်။ သူတို့တွေရဲ့ ၃ပုံ ၁ပုံလောက်က နောက်၅နှစ်အတွင်းမှာ ဆီးချို ရောဂါဖြစ်သွားကြပါတယ်။
  • နောက်ဆုံးကတော့ ကိုယ်ဝန်ဆောင်တွေပါ။ ဖြစ်နိုင်ချေပေါ်မူတည်ပြီး လိုအပ်ရင် စစ်ဆေးရပါမယ်။

ပုံမှန် ဘယ်လို စစ်ဆေးကြမလဲ။

ဆီးချိုက တစ်ခါစစ်ပြီး ပြီးသွားတာ မဟုတ်ပါဘူး။ ဆီးချိုရှိပြီ ဆိုတာ သိတာနဲ့ တစ်သက်လုံးကုရတော့မှာပါ။ ပျောက်တာလဲ မဟုတ်ဘဲနဲ့ ဘာလို့ ကုနေတာလဲလို့ မေးရင် နောက်ဆက်တွဲတွေ ဖြစ်မှာစိုးလို့ပါ။ နောက်ဆက်တွဲတွေက သိတဲ့အတိုင်း မျက်စိကွယ်တာ၊ လေဖြတ်တာ၊ အနာမကျက်တာ၊ ပိုးဝင်ပြီး ခြေထောက်ဖြတ်ရတာ၊ ကျောက်ကပ်ထိတာ စတာတွေ ဖြစ်ပြီး အသက်အန္တရာယ်ထိမှာစိုးလို့ ကုရတာပါ။

ကုလည်း ကုရသလို တစ်ဖက်ကလည်း ဆီးချိုကောင်းကောင်းထိန်းနိုင်လားဆိုပြီး စစ်ရပါတယ်။ စစ်တာတွေကတော့ အများကြီးပေါ့။ အဓိက စစ်ရမယ့် A1Cနဲ့ လက်ထိပ်ဖောက်ပြီး စစ်တာကို ပြောပြပေးပါ့မယ်။

A1C

  • ဆေးပြောင်းထားတယ်၊ ဆေးအတိုးအလျော့ လုပ်ထားတယ်။ အရင်က စစ်တာ အဖြေမကောင်းဘူးဆိုတဲ့ သူတွေကတော့ ၃လ တစ်ခါ စစ်ရမှာပါ။
  • အဖြေကောင်းတယ်။ ဆီးချိုလည်း ထိန်းထားနိုင်တယ် ဆိုရင်တော့ ၆လ တစ်ခါပဲ စစ်ရပါမယ်။

အဖြေကောင်းတယ်ဆိုတာ ၇အောက် ရောက်တာကို ပြောတာပါ။ တော်တော်များများ လူနာတွေ အတွက် A1C ၇အောက်က ကောင်းတယ်လို့ ပြောလို့ရပါတယ်။ ဖြစ်တာလည်း မကြာသေးဘူး၊ တခြားရောဂါတွေလည်း ရှိမနေဘူးဆိုရင် ၆.၅အောက်ထိ ချထားနိုင်တာ ပိုကောင်းပါတယ်။

လက်ထိပ်ဖောက် စစ်ဆေးခြင်း

လက်ထိပ်ဖောက် စစ်ဆေးတာမှာ အသုံးများတာကတော့ ဘာမှ မစားခင် စစ်တာနဲ့ စားပြီး ၂နာရီခြား စစ်တာပါ။

  • ဘာမှမစားခင် စစ်လိုက်ရင် 70-130 mg/dL (3.9-7.2 mmol / L) ရှိရပါမယ်။

(ဘာမှမစားခင်ဆိုတာ အစာနဲ့ ၈နာရီခြားထားတာကို ပြောတာပါ။ မနက်ဘာမှမစားခင် ဖောက်ကြတာ များပါတယ်။)

  • စားပြီး ၂နာရီ စစ်လိုက်ရင်တော့ <180mg/dL (<10 mmol /L) ရှိရမှာပါ။  အစာစားပြီး ၂နာရီခြားနေရင် စစ်ရမှာပါ။ ၂နာရီကျော်သွားလို့ ရတဲ့ အဖြေကို သုံးလို့ မရပါဘူး။

လက်ထိပ်ဖောက်စစ်တာက ဘယ်သူစစ်ခိုင်းခိုင်း မခိုင်းခိုင်း ကိုယ့် အသိစိတ်ဓာတ်ကို စစ်ရမှာပါ။ ဖောက်စစ်ပြီး စာအုပ်ထဲမှာ သေချာမှတ်ထားရမှာပါ။

A1Cက လွန်ခဲ့တဲ့ ၃လဟာကို စစ်တယ်ဆိုပေမယ့် လက်ထိပ်ဖောက်တာကတော့ တစ်နေ့စာကို စစ်တာပါ။ ခုဆိုရင် မစားခင် ဘယ်လောက်ရှိရမယ်၊ စားပြီး ဘယ်လောက်ရှိမလဲ ဆိုတာ သိနေပြီပဲ။ ကိုယ့်အဖြေပေါ်မူတည်ပြီး များရင်များသလို အစားအသောက် ဆင်ခြင်ရမှာပါ။ ဒါကြောင့် ဖောက်ဖြစ်အောင် ဖောက်ပါ။

ဒီလောက်ဆိုရင် ဆီးချိုစစ်ရင် ဘာကို စစ်ရမှာလဲ။ ဘယ်သူတွေ စစ်သင့်လဲ။ ဘယ်လောက်ရရင် ကောင်းလဲဆိုတာ သိလောက်ပါပြီ။ ဆီးချိုထိန်းတဲ့ နေရာမှာ လူနာရဲ့ ပါဝင်မှုက အရေးကြီးပါတယ်။ ဆရာဝန်က အကြံပဲ ပေးနိုင်တာပါ။ လူနာက တကယ်လိုက်လုပ်မှပဲ ဆီးချိုကို ကောင်းကောင်းထိန်းနိုင်တာပါ။

(အထက်ပါ ကိနိးဂဏန်းများသည် ADAမှ စံသတ်မှတ်ချက်များ ဖြစ်သည်။ တစ်နိုင်ငံနှင့် တစ်နိုင်ငံ စံသတ်မှတ် ပေါ်မူတည်၍ ကိန်းဂဏန်းများ အပြောင်းအလဲ ရှိနိုင်သည်။)

Hello Health Group သည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Read also:

Share now :

တည်းဖြတ်သည့်နေ့ မတ် 7, 2020 | နောက်ဆုံးတည်းဖြတ်ခြင်း မတ် 11, 2020

ရင်းမြစ်များ
သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။