backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

အသက်ရှူလမ်းကြောင်းက ဘယ်ကစ ဘယ်မှာဆုံး

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 21/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

အသက်ရှူလမ်းကြောင်းက ဘယ်ကစ ဘယ်မှာဆုံး

တစ်နေ့ တစ်နေ့ အသက်ရှင်ဖို့ အောက်ဆီဂျင်ကို ရှူသွင်းပြီး ကာဗွန်ဒိုင်အောက်ဆိုဒ်ကို ဖယ်ထုတ်ပေးနေတဲ့ အသက်ရှူလမ်းကြောင်း ဆိုတာ ဘယ်လိုများပါလိမ့်။ ရှူလိုက်တဲ့ လေတွေဟာ ဘယ်နေရာတွေကို ဖြတ်သွားပြီး ကိုယ်ထဲမှာ ဘာလုပ်ပစ်လိုက်လဲဆိုတာ မသိချင်ကြဘူးလား။ အသက်ရှူလမ်းကြောင်းရဲ့ အလုပ်လုပ်ပုံကိုတော့ နောက်ဆောင်းပါးမှာ ပြောပြပါ့မယ်။ ဒီ့မတိုင်ခင်မှာတော့ အသက်ရှူလမ်းကြောင်းမှာရှိတဲ့ အင်္ဂါရပ်တွေ အကြောင်းကို အရင်သိထားဖို့ လိုပါမယ်။

အသက်ရှူလမ်းကြောင်းကို အပေါ်ပိုင်းနဲ့ အောက်ပိုင်းရယ်ဆိုပြီး နှစ်ခုခွဲထားပါတယ်။

အသက်ရှူလမ်းကြောင်း အပေါ်ပိုင်း

အပေါ်ပိုင်းက နှာခေါင်းကနေ အသံအိုးအထိပါ။

နှာခေါင်းက အသက်ရှူလမ်းကြောင်းရဲ့ ဝင်ပေါက်ပါပဲ။ ဒီကနေ လေစဝင်မှာပါ။ နှာခေါင်းမှာ နှာခေါင်းမွေးတွေနဲ့ အချွဲတွေ ရှိပါတယ်။ ဒါတွေက ပြင်ပလာဝင်လာတဲ့ အမှုန်တွေ၊ ဖုန်တွေ၊ ဓာတ်မတည့်ဖြစ်စေနိုင်တဲ့ အရာတွေကို အဆုတ်ထဲ ရောက်မသွားအောင် စီးပြီး ဖယ်ရှားပစ်ပါတယ်။ ဒါ့ပြင် ရှူလိုက်တဲ့ လေကိုလည်း စိုထိုင်းစများပြီး ကိုယ်ခန္ဓာအပူချိန်နဲ့ ကိုက်ညီအောင် ထိန်းညှိပေးပါတယ်။

ပါးစပ်ကတော့ အသက်ရှူလမ်းကြောင်းမှာ မပါပေမယ့် နှာခေါင်းပိတ်တဲ့အခါ၊ မောပြီး အသက်ရှူမဝတဲ့အခါ ပါးစပ်နဲ့ အသက်ရှူလို့ရပါတယ်။ နှာခေါင်းလိုမျိုး အမှုန်တွေ ဖယ်ရှားပစ်တာ၊ လေကို စိုစွတ်စေတာမျိုးတော့ မလုပ်နိုင်ပါဘူး။

နှာခေါင်းက ရှူလိုက်တဲ့ လေတွေက လည်ချောင်းကို ဆက်ရောက်သွားမှာပါ။ စားလိုက်တဲ့ အစာတွေကလည်း လည်ချောင်းထဲကိုပဲ ရောက်ပါတယ်။ ဒါပေမယ့် လေက လေပြွန်ထဲပဲရောက်ပြီး အစာက အစာရေမျိုပြွန်ထဲပဲ ရောက်ပါတယ်။ ဘာကြောင့်လဲဆိုရင် အသံအိုးမှာရှိနေတဲ့ အသံအိုးအဖုံး (epiglottis)ကြောင့်ပါ။ အစာကို မျိုချလိုက်တဲ့အချိန်မှာ ဒီအဖုံးလေးက အလိုအလျောက်ပိတ်သွားတာကြောင့် အစာတွေ လေပြွန်ထဲ မရောက်တော့ပါဘူး။

လည်ချောင်းက လေတွေဟာ အသံအိုးဆီကို ဆက်ရောက်ပါတယ်။ အသံအိုးဆိုတာ အသက်ရှူလမ်းကြောင်း အပေါ်ပိုင်းရဲ့ နောက်ဆုံး နေရာပါ။ ပြီးရင် လေပြွန်တွေဆီရောက်ပါပြီ။ အသံအိုးမှာ အသံကြိုးတွေ ရှိပါတယ်။ ဝင်လာတဲ့ လေတွေကို အသုံးပြုပြီး အသံကြိုးကို လိုသလို တုန်ခါစေတဲ့အတွက် စကားပြောတာ၊ သီချင်းဆိုတာတွေ လုပ်လို့ရပါတယ်။

အသက်ရှူလမ်းကြောင်း အောက်ပိုင်း

လေပြွန်မကြီးကစလို့ လေအိတ်ငယ်လေးတွေမှာ ဆုံးပါတယ်။ လေအိတ်ငယ်လေးတွေဆီ လေရောက်မှ အသက်ရှူတဲ့လုပ်ငန်း အောင်မြင်တာပါ။

လေပြွန်မကြီးက ၅လက်မလောက်ရှည်ပြီး ကြွက်သားတွေ၊ အရိုးနုကွင်းတွေနဲ့ လုပ်ထားပါတယ်။ အရိုးနုကွင်းတွေက အနောက်ပွင့်တွေပါ။ အနောက်ပွင့်မှ သူနဲ့ ကပ်လျက် အစာရေမျိုပြွန်ထဲကို အစာတွေ ဝင်လာတဲ့အခါ နေရာရှိမှာ ဖြစ်ပါတယ်။

လေပြွန်မကြီးမှာ ရှိတဲ့ အချွဲတွေက နှာခေါင်းကို ဖြတ်ပြီး ပါလာတဲ့ အမှုန်အမွှားတွေကို လှမ်းဖမ်းထားပါတယ်။ သူ့ဆဲလ်မှာရှိတဲ့ မျက်လုံးနဲ့ မမြင်ရတဲ့ အမွေး ciliaတွေက ဒီအချွဲတွေကို အပေါ်ဘက် အသံအိုးရှိတဲ့ ဘက်ကို ပင့်တင်ပေးပါတယ်။ ဒါကြောင့် ချွဲဟပ်လို့ရတာပါ။

  • လေပြွန်ငယ်များ
  • လေပြွန်မကြီးကနေ ဘယ်နဲ့ ညာလေပြွန်တွေ ခွဲထွက်သွားပြီး အဆုတ်ထဲကို ဝင်သွားပါတယ်။ အဆုတ်ထဲမှာ လေပြွန်ငယ်တွေ သစ်ပင်အမြစ်လိုမျိုး ဆင့်ကာ ဆင့်ကာ ကွဲသွားပြီး လေအိတ်ငယ်လေးတွေဆီမှာ အဆုံးသတ်ပါတယ်။

    ဒီလေပြွန်ငယ်လေးတွေမှာ ကြွက်သားလေးတွေ ရှိပါတယ်။ ဒီကြွက်သားလေးတွေက လေဝင်နှုန်းကို ထိန်းညှိပေးပါတယ်။ လေ့ကျင့်ခန်းတွေ လုပ်ရလို့ လေတွေပိုလိုအပ်နေပြီဆိုရင် ကြွက်သားတွေကို ပြေလျော့ပေးတဲ့အတွက် လေပြွန်တွေ ကျယ်လာပြီး လေတွေပိုဝင်လာပါတယ်။ သာမန်အချိန်မှာတော့ မလိုအပ်ဘဲ လေတွေ အများကြီး ဝင်မလာအောင် ကြွက်သားတွေ ကျုံ့ပေးထားပါတယ်။

    လေပြွန်မကြီးကို ဖြတ်ပြီးလာတဲ့ လေထဲမှာ အဆုတ်ကို ထိခိုက်စေနိုင်တာတွေ ပါလာရင်လည်း အချွဲတွေနဲ့ ကပ်ပြီး ဖမ်းယူထားပါတယ်။

    အဆုတ်က ဖော့လိုမျိုး ခပ်ပွပွ အင်္ဂါရပ်ပါ။ ဘယ်၊ညာ နှစ်ခြမ်းရှိပြီး ဘယ်ဘက်မှာ ၂မြွာ၊ ညာဘက်မှာ ၃မြွာ ထပ်ခွဲထးပါတယ်။ အဆုတ်ထဲမှာ လေအိတ်ငယ်လေးတွေရှိပြီး သူတို့က လေအလဲအလှယ် (gas exchange)လုပ်ပါတယ်။

    အသက်ရှူလမ်းကြောင်းကတော့ ဒီအထိပါပဲ။ ဒါပေမယ့် သူတို့ချည်းပဲဆို အသက်ရှူဖို့ ခက်ခဲမှာပါ။ ဒါကြောင့် ကြွက်သားတွေရဲ့ အကူအညီကို ယူရပါတယ်။ ဘယ်ကြွက်သားတွေလဲဆိုတော့

    • ရင်ဝမ်းခြားကြွက်သား
    • နံရိုးကြားက ကြွက်သားတွေပါပဲ။

    ဒီကြွက်သားတွေကြောင့် သိပ်အားစိုက်ထုတ်စရာ မလိုဘဲ အလွယ်တကူ ရှူလို့ရတာပါ။ သိပ်မောလို့ ရှူရတာ အားမရဘူးဆိုရင်တော့ လည်ပင်းကကြွက်သားတွေ၊ ညှပ်ရိုးက ကြွက်သားတွေကိုပါ အသုံးပြုရပါတယ်။

    Takeaways

    အသက်ရှူလမ်းကြောင်းဆိုတာ ခန္ဓာကိုယ်ရဲ့ အရေးကြီးတဲ့ အင်္ဂါရပ်ပါ။ အသက်ရှူလမ်းကြောင်းမျာ ပါတဲ့ အစိတ်အပိုင်းတွေကို နားလည်ထားမယ်ဆိုရင် နေမကောင်းလို့ ဆရာဝန်က ရောဂါနဲ့ ပတ်သက်ပြီး ရှင်းပြတဲ့အခါ အလွယ်တကူ နားလည်နိုင်ပါလိမ့်မယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Aye Thi Mon


    Aye Thi Mon မှ ရေးသားသည်။ · 21/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement