backup og meta

အူမကြီးကင်ဆာသိကောင်းစရာ အချက်အလက်များ

အူမကြီးကင်ဆာသိကောင်းစရာ အချက်အလက်များ

အူမကြီးဆဲလ်တွေမှာ စတင်ဖြစ်ပေါ်တဲ့ ကင်ဆာကို အူမကြီးကင်ဆာလို့ ခေါ်ပါတယ်။ တကယ်တော့ အူမကြီးကို colon နဲ့ rectum (အစာဟောင်းအိမ်) ဆိုပြီး နှစ်ပိုင်းခွဲခြားနိုင်ပါတယ်။ တင်ပါးဆုံပိုင်းမှာရှိတဲ့ အူမကြီးရဲ့နှောင်းပိုင်း ၁၅စင်တီမီတာကို အစာဟောင်းအိမ်လို့ ခေါ်တာဖြစ်ပါတယ်။ ဒီနေရာဟာ အလွန်ကျဉ်းမြောင်းတဲ့အပြင် ကင်ဆာဖြစ်နေတဲ့ အစိတ်အပိုင်းနဲ့ အခြားပုံမှန်အစိတ်အပိုင်းအတွေ နီးနီးကပ်ကပ် တည်ရှိနေတာ ဖြစ်တဲ့အတွက် အနီးအနားက အင်္ဂါအစိတ်အပိုင်းတွေဆီ ကင်ဆာပျံ့နှံ့ဖို့ အလားအလာ အတော်များပါတယ်။

တင်ပါးဆုံအထက်ပိုင်းမှာရှိတဲ့ အူမကြီးအစိတ်အပိုင်းကိုတော့ colon လို့ခေါ်ပါတယ်။ ၎င်းကို omentum ခေါ် အဆီတစ်ရှူအလွှာနဲ့ ဝန်းရံထားပြီး အဆီတစ်ရှူးတွေ ပိုမိုထူထဲစွာပါဝင်တဲ့ mesentery ခေါ် အူအမြေးက ဝမ်းခေါင်းနံရံဆီ တွယ်ဆက်ထားပေးတာ ဖြစ်ပါတယ်။ အူအမြေးထဲမှာ ပြန်ရည်ကျိတ်တွေလည်း ပါဝင်ပါတယ်။

အူမကြီးရဲ့ အနားသတ်ဆဲလ်တွေကနေ ကင်ဆာစတင်ဖြစ်ပွားနိုင်ပြီး အူလမ်းကြောင်းပိတ်ခြင်း၊ ဝမ်းထဲသွေးပါခြင်း စတဲ့လက္ခဏာတွေ ဖြစ်ပေါ်စေနိုင်ပါတယ်။

အူမကြီးကင်ဆာက ဘယ်လောက်အဖြစ်များသလဲ

ယခုအခါမှာ အူမကြီးကင်ဆာဟာ စင်ကာပူနိုင်ငံမှာ အဖြစ်အများဆုံး ကင်ဆာရောဂါတစ်ခုအဖြစ် ရပ်တည်နေပြီး ကျား၊မ မရွေး ဖြစ်ပွားနိုင်ပါတယ်။ ၂၀၁၀ ခုနှစ်မှ ၂၀၁၄ခုနှစ် ကာလအတွင်း အူမကြီးကင်ဆာရှိသူပေါင်း ၉၃၂၄ဦး စမ်းသပ်စစ်ဆေး တွေ့ရှိခဲ့ပါတယ်။

ရောဂါစဖြစ်သည့် အသက်အရွယ်

အူမကြီးကင်ဆာကို အသက် ၄၅နှစ်အထက်တွေမှာ အများဆုံး တွေ့ရလေ့ရှိပြီး အသက် ၂၀အောက် လူငယ်တွေမှာ ဖြစ်လာခဲ့ရင်တော့ ဒါဟာ familial adenomatous polyposis ကဲ့သို့ မျိုးရိုးလိုက်တတ်တဲ့ အူမကြီးကင်ဆာအမျိုးအစား ဖြစ်ဖို့များပါတယ်။

ရောဂါဖြစ်စေသည့် အကြောင်းရင်းများ

အူမကြီးကင်ဆာ ဖြစ်နိုင်ချေများသူတွေကတော့-

ယခင်က အူမကြီးတွင် အလုံးအကျိတ် ဖြစ်ဖူးသူများ၊ အူမကြီးကင်ဆာ ဖြစ်ဖူးသူများ

အူမကြီးအနာဖြစ်ပြီး ရောင်ရမ်းခြင်းကဲ့သို့ အူရောင်ရောဂါရှိသူများ

မိသားစုမျိုးရိုးထဲတွင် အူမကြီးကင်ဆာ ဖြစ်ဖူးသူများ/ မျိုးရိုးလိုက်ပြီး အလုံးအကျိတ် အများအပြားထွက်သည့် အူမကြီးကင်ဆာ (familial adenomatous polyposis) သို့မဟုတ် မျိုးရိုးလိုက်ပြီး အလုံးအကျိတ်မထွက်သည့် အူမကြီးကင်ဆာ (hereditary non-polyposis colorectal cancer) ဖြစ်ဖူးသူများ

ရောဂါလက္ခဏာများ

များသောအားဖြင့် အူမကြီးကင်ဆာရှိသူတွေမှာ ဝမ်းအလေ့အကျင့် ပြောင်းလဲတဲ့လက္ခဏာများ (ကာလရှည်ကြာ ဝမ်းလျှောခြင်း သို့မဟုတ် ဝမ်းချုပ်ခြင်း၊ ဝမ်းသွားသည့် အကြိမ်ရေ ပြောင်းလဲခြင်း) ဖြစ်ပေါ်တတ်ပါတယ်။ ဝမ်းထဲသွေးပါခြင်းဟာလည်း အူမကြီးကင်ဆာအဖြစ် သံသယရှိသင့်တဲ့ လက္ခဏာတစ်ခု ဖြစ်တဲ့အတွက် ဆရာဝန်ဆီ မဖြစ်မနေ သွားရောက်ပြသင့်ပါတယ်။

အူမကြီးကင်ဆာရဲ့ အခြားလက္ခဏာတွေကတော့ ကာလရှည်ကြာ ဗိုက်အောင့်ဗိုက်နာခြင်း၊ ဝမ်းဗိုက်မှာ အလုံးအကျိတ် စမ်းမိခြင်းတို့ပဲ ဖြစ်ပါတယ်။

ရောဂါရှာဖွေအတည်ပြုနိုင်သည့် နည်းလမ်းများ

အစာဟောင်းအိမ်ကင်ဆာ ဟုတ်မဟုတ် စစ်ဆေးနိုင်မယ့် အရိုးရှင်းဆုံးနည်းလမ်းကတော့ စအိုကတဆင့် အစာဟောင်းအိမ်ထဲ လက်ချောင်းထိုးထည့်ပြီး စစ်ဆေးခြင်းပဲ ဖြစ်ပါတယ်။ ဒီစမ်းသပ်မှုကို ဆရာဝန်ကိုယ်တိုင် ဆေးခန်းမှာတင် အလွယ်တကူပြုလုပ်နိုင်ပြီး လူနာအတွက် အနည်းငယ်နေရခက်နိုင်ပေမယ့် အချိန် ၅မိနစ်ခန့်သာ ကြာမြင့်မှာ ဖြစ်ပါတယ်။ ဒါပေမယ့် ဒီနည်းလမ်းအသုံးပြုခြင်းအားဖြင့် အစာဟောင်းအိမ်ရဲ့ အဆုံးပိုင်း ၅စင်တီမီတာမှ ၈စင်တီမီတာ အတွင်းမှာရှိတဲ့ ကင်ဆာများကိုသာ စမ်းသပ်သိရှိနိုင်မှာ ဖြစ်ပါတယ်။

စအိုကနေ လက်ချောင်းထည့်ပြီး စမ်းသပ်ဖို့ လက်လှမ်းမမီနိုင်တဲ့နေရာက ကင်ဆာတွေကိုတော့ sigmoidoscope သို့မဟုတ် colonoscope မှန်ပြောင်းကြည့်ခြင်းအားဖြင့် သိရှိနိုင်ပါတယ်။ အစာဟောင်းအိမ်ကတဆင့် အူမကြီးထဲကို ကင်မရာတပ်ဆင်ထားတဲ့ ဖိုက်ဘာပြွန်များထည့်ပြီး စစ်ဆေးကြည့်ရှုနိုင်တဲ့အပြင် ဓါတ်ခွဲစစ်ဆေးဖို့ အသားစပါ တခါတည်းယူနိုင်တဲ့ နည်းလမ်းဖြစ်ပါတယ်။ မှန်ပြောင်းကြည့်ရှုစစ်ဆေးခြင်းကို ဆရာဝန်ကိုယ်တိုင် ဆေးခန်းမှာတင် ထုံဆေးပေးပြီး မိနစ် ၃၀အတွင်း ပြုလုပ်နိုင်ပါတယ်။

အူမကြီးတလျှောက်လုံးကို ပုံဖော်စစ်ဆေးကြည့်ရှုနိုင်မယ့် နောက်ထပ်နည်းလမ်းတစ်ခုကတော့ ဘေရီယမ်အသုံးပြု ဓါတ်မှန်ရိုက်ခြင်း (Barium enema X-ray) ပဲ ဖြစ်ပါတယ်။ အစာဟောင်းအိမ်ကတဆင့် အရောင်ပါတဲ့ပစ္စည်းတစ်မျိုးကို အူလမ်းကြောင်းတလျှောက် ပျံ့နှံ့သွားအောင် ပြွန်ငယ်တစ်ခုနဲ့ သွင်းပေးလိုက်မှာဖြစ်ပြီး အူမကြီးရဲ့ အစိတ်အပိုင်းအားလုံးကို ဓါတ်မှန်အချပ်များစွာ ရိုက်ယူကာ ရောဂါဖြစ်နေတဲ့ အစိတ်အပိုင်းကို ရှာဖွေမှာဖြစ်ပါတယ်။ အဲဒီနောက်မှာမှ အူလမ်းကြောင်းမှန်ပြောင်း အသုံးပြုပြီး ကင်ဆာဖြစ်နေတယ်လို့ သံသယရှိတဲ့အစိတ်အပိုင်းကို အသားစယူ စစ်ဆေးသွားမှာ ဖြစ်ပါတယ်။

Hello Health Group သည် ဆေးပညာအကြံပေးချက်များ၊ ရောဂါစစ်ဆေးအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Reference:
Colorectal Cancer (Colon Cancer) https://www.nccs.com.sg/PatientCare/WhatisCancer/TypesofCancer/Pages/Colon-Cancer-Colorectal-Cancer.aspx?p=/PatientCare Accessed November 14, 2016

ယခုပုံစံ

16/10/2020

Dr. Ye Mhan Linn မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ကင်ဆာဖြစ်နိုင်ခြေကို ဘယ်လိုနည်းလမ်းတွေနဲ့ လျှော့ချလို့ ရမလဲ!

ခုခံအားကုထုံး နဲ့ပတ်သက်ပြီး သင်ဘာတွေ သိထားသင့်သလဲ။


မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Kaung Thar


Dr. Ye Mhan Linn မှ ရေးသားသည်။ · 16/10/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement