ဆောင်းတွင်းမှာ တုပ်ကွေးဘာလို့ အဖြစ်များတာလဲ

ရေးသားသူ ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win

ရာသီဥတုအေးလာပြီဆို နှာလေးချေလိုက်ရမှ။ ရာသီဥတုအပြောင်းအလဲကို အရင်ဆုံးအချက်ပြလာတာက နှာရည်ကျလာတာပါပဲ။ တချို့ကျတော့ ဒီလောက်နဲ့မရပ်သွားဘဲ အအေးမိ၊တုပ်ကွေးတွေအထိဖြစ်လာတယ်။ ဟိုလူဖျား၊ ဒီလူဖျားနဲ့နေမကောင်းဖြစ်သူတွေ ပတ်လည်ဝိုင်းလာတဲ့အထိပြန့်ပွားလာတတ်ပါတယ်။

အေးတဲ့ရာသီမှာရောဂါပိုးပြန့်ပွားမှုနှုန်း ဘာလို့ပိုမြန်ရတာလဲ၊ ဘာလို့အဖြစ်များတာလဲ ဆိုတော့ ဗိုင်းရပ်စ်ကြောင့်ပါ။ အအေးမိနဲ့ တုပ်ကွေးြဖစ်စေတဲ့ဗိုင်းရပ်စ်တွေက အေးပြီးခြောက်သွေ့တဲ့ လေထုထဲမှာ ပိုပြီးကြာကြာအသက်ရှင်နိုင်တာကြောင့် ဒီရာသီနဲ့ကွက်တိပါပဲ။

အအေးမိနဲ့တုပ်ကွေးဗိုင်းရပ်စ်တွေက အသက်ရှူလမ်းကြောင်းကတဆင့် ခန္ဓါကိုယ်ထဲကို ဝင်ရောက်လေ့ရှိတယ်။ နှာခေါင်းလမ်းကြောင်းနံရံအမြှေးတွေကလည်း ရောဂါဖြစ်စေနိုင်တဲ့ပိုးမွှားတွေကိုကာကွယ်နိုင်တဲ့လုပ်ဆောင်ချက်တွေပိုင်ဆိုင်ထားပါတယ်။ ဒါပေမယ့် နှာခေါင်းက ရှူရှိုက်လိုက်တဲ့လေအေးတွေကြောင့် ချွဲသလိပ်ရှင်းလင်းနိုင်စွမ်းကိုနှေးကွေးစေပါတယ်။ အဲဒီမှာ ဗိုင်းရပ်စ်တွေက ပိုကြာကြာကပ်တွယ်ခွင့်ရသွားပြီး ခန္ဓါကိုယ်ထဲ ဝင်ရောက်ဖို့ကြိုးစားလာတာဖြစ်ပါတယ်။

နေမကောင်းဖြစ်တဲ့လူက နှာချေလိုက်တိုင်း၊ချောင်းဆိုးလိုက်တိုင်းလေထဲကို အမှုန်စက်လေးတွေပျံ့နှံ့သွားပြီး တွေ့ထိမိတဲ့ မျက်နှာပြင်တစ်နေရာရာမှာ ကပ်တွယ်သွားမယ်၊ ဒါမှမဟုတ် အနီးတဝိုက်လေကြောင်းသင့်တဲ့နေရာက လူတစ်ယောက်ရဲ့ အသက်ရှူလမ်းကြောင်းထဲ ပါသွားမယ်ဆိုရင်ရောဂါကူးပြီလေ။

တုပ်ကွေးဗိုင်းရပ်စ်က စိုထိုင်းဆလျော့နည်းပြီး အပူချိန်လျော့နေတဲ့အခြေအနေမှာပိုကပ်တွယ်နိုင်စွမ်းရှိပါတယ်။ ဒါ့ကြောင့်ပဲ ရာသီဥတုအေးနေချိန်အတွင်း အအေးမိတုပ်ကွေး ကူးစက်ပြန့်ပွားမှုပိုများတာဖြစ်ပါတယ်။တုပ်ကွေးေရာ၊ အအေးမိေရာ ကူးစက်လွယ်တဲ့ရောဂါတွေချည်းဆိုပေမယ့် အအေးမိက ပိုအဖြစ်များပြီး တုပ်ကွေးကတော့ လက္ခဏာပိုပြင်းထန်ပါတယ်။

အဓိကကွာခြားချက်က ရောဂါလက္ခဏာတွေပါ။ တုပ်ကွေးလက္ခဏာေတွက အအေးမိတာထက် ပိုပြင်းထန်ပြီး ခန္ဓါကိုယ်တစ်ခုလုံးကို ထိခိုက်ခံစားရစေတာဖြစ်ပါတယ်။ အအေးမိတာကတော့ အသက်ရှူလမ်းကြောင်းအထက်ပိုင်းမှာပဲ သက်ရောက်မှုဖြစ်တာပါ။ ဥပမာ အအေးမိလက္ခဏာတွေက နှာစေးနှာပိတ်၊ချောင်းဆိုး၊လည်ချောင်းနာတွေဖြစ်ပေမယ့် တုပ်ကွေးမှာတော့ ကြွက်သားနဲ့တစ်ကိုယ်လုံးနာကျင်ကိုက်ခဲတာတွေ၊ ချမ်းတုန်ဖျားတာတွေပါ ခံစားရပါတယ်။ အအေးမိခြင်းနဲ့မတူဘဲ တုပ်ကွေးဘဲ တုပ်ကွေးပိုးကရောဂါမပျောက်မချင်း ကူးစက်ပြန့်ပွားနိုင်သေးတာဖြစ်ပါတယ်။

တုပ်ကွေးလက္ခဏာများ

Influenza ဗိုင်းရပ်စ်ကြောင့်ဖြစ်ရတဲ့ တုပ်ကွေးလက္ခဏာတွေက ( ၂ )ရက်ကနေ (၁၀ ) ရက်အထိကြာတတ်ပါတယ်။

  • အဖျားတက်ခြင်း
  • ချမ်းတုန်ခြင်း
  • နှာစေးခြင်း
  • ချောင်းဆိုးခြင်း
  • လည်ချောင်းနာခြင်း
  • ကြွက်သားနာကျင်ကိုက်ခဲခြင်း
  • ခေါင်းကိုက်ခြင်း၊
  • မောပန်းအားကုန်ခြင်း တို့ပါဝင်ပါတယ်။

တုပ်ကွေးမပြန့်ပွားအောင် ဘယ်လိုကာကွယ်မလဲ

အအေးမိ၊တုပ်ကွေးလို ဗိုင်းရပ်စ်ကူးစက်ပြန့်ပွားမှုအန္တရာယ်ကိုလျော့နည်းစေဖို့ အရေးကြီးဆုံးအချက်က အဖြစ်များတတ်တဲ့ရာသီဥတုမှာ ကျန်းမာရေးဂရုစိုက်တဲ့အလေ့အကျင့်တွေ ဆင်ခြင်နေထိုင်ဖို့ဖြစ်ပါတယ်။

ရေလုံလောက်အောင်သောက်ဖို့၊ အာဟာရပြည့်ေအာင်စားဖို့၊ အိပ်ရေးဝအောင်အိပ်ဖို့ အမြဲအကြံပြုကြပါတယ်။ ကိုယ့်ကို ကူးစက်မခံရအောင် ကာကွယ်တာအပြင် ကိုယ့်မှာတုပ်ကွေးြဖစ်နေရင်လည်း သူများကို ထပ်ပြီးမကူးစက်စေဖို့ ဒီအချက်လေးတွေ သိထားသင့်ပါတယ်။

  • နှာချေ၊ချောင်းဆိုးရင် နှာခေါင်းနဲ့ပါးစပ်ကို လက်ကိုင်ပဝါ သို့မဟုတ် တစ်ရှူးနဲ့ဖုံးအုပ်ပါ။ ဘတ်စ်ကားပေါ်ဖြစ်ဖြစ်၊ လက်မအားတာဖြစ်ဖြစ် ရုတ်တရက်နှာချေ၊ချောင်းဆိုးမိရင်တော့ လက်မောင်းသာမြှောက်ပြီး အင်္ကျီလက်နဲ့အုပ်လိုက်ပါ။ချောင်းဆိုး၊နှာချေရာကနေ စဉ်ထွက်လာတဲ့ တံတွေး သို့မဟုတ် အမှုန်တွေမှာ ဗိုင်းရပ်စ်တွေပါလာပြီး လေထုထဲမှာ ကူးစက်ပြန့်ပွားလွယ်ပါတယ်။
  • သုံးလိုက်တဲ့ တစ်ရှူးတွေကို စနစ်တကျစွန့်ပစ်ပါ။ ဖြစ်နိုင်ရင် စုမထားပါနဲ့။ ချက်ချင်းစွန့်ပစ်တာအကောင်းဆုံးပါ။ ထိတွေ့မိတဲ့နေရာတိုင်းမှာရောဂါပိုးတွေကပ်တွယ်နေနိုင်လို့ ကူးစက်နိုင်ခြေများပါတယ်။
  • လက်ကို မကြာခဏဆေးကြောပါ။ အအေးမိနဲ့တုပ်ကွေးဗိုင်းရပ်စ်ပြန့်ပွားမှုကို ကာကွယ်နိုင်တဲ့အလွယ်ဆုံးနည်းလမ်းပါ။ လက်ဆေးဖို့ မလွယ်ဘူး၊အဆင်မပြေဘူးဆိုရင်ရေမလို လက်သန့်ဆေးရည်လေးဆောင်ထားပါ။
  • လက်မသန့်ဘဲ မျက်စိ၊ နှာခေါင်း၊ ပါးစပ်တို့ကို မကိုင်တွယ်ပါနဲ့။
  • တုပ်ကွေးဖြစ်နေရင် အဖျားကျပြီး ၂၄ နာရီကြာတဲ့အချိန်အထိ အိမ်မှာပဲ နားနေသင့်ပါတယ်။ တခြားသူတွေကို ကူးစက်မှုအန္တရာယ် ကာကွယ်နိုင်ဖို့ လူများတဲ့နေရာတွေကိုရှောင်ပါ။

Hello Health Groupသည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Read also:

မျှဝေမည်

တည်းဖြတ်သည့်နေ့ ဇွန် 1, 2018 | နောက်ဆုံးတည်းဖြတ်ခြင်း နိုဝင်ဘာ 14, 2019

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။