backup og meta

တုပ်ကွေးနဲ့ အအေးမိ ဘာတွေကွာခြားလဲ


Aye Thi Mon မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    တုပ်ကွေးနဲ့ အအေးမိ ဘာတွေကွာခြားလဲ

    ခန္ဓါကိုယ်မှာနေထိုင်မကောင်းဖြစ်တဲ့အခါနေလို့မကောင်းဘူး၊ ဖျားချင်ချင်ဖြစ်နေပြီလို့ပြောတာကြားဖူးမှာပေါ့။ အများစုကဒီလိုအခြေအနေကိုနေမကောင်းဘူးလို့ပဲ အလွယ်တကူပြောလိုက်ကြပါတယ်။ တကယ်တော့နေမကောင်းတဲ့အခါ အဖြစ်အများဆုံးတွေက အအေးမိတာ (cold) နဲ့ တုပ်ကွေးမိတာ (flu) တို့ရှိတာကြောင့် နေမကောင်းတဲ့အခါ အအေးမိဖျားတာမျိုးရှိနိုင်သလို တုပ်ကွေးမိတာမျိုးလည်းဖြစ်နိုင်ပါတယ်။ ဖျားနာနေတဲ့အခါ အအေးမိတာနဲ့ တုပ်ကွေးဟာ ရောဂါလက္ခဏာတွေဆင်တူလေ့ရှိပေမယ့် အကြမ်းဖျင်းတော့ ခွဲခြားလို့ရပါတယ်။

    တုပ်ကွေးဖြစ်တာနဲ့အအေးမိတာက တချို့လက္ခဏာတွေ ဆင်တူနေတတ်ပါတယ်။

    အိပ်ရာကနိုးတဲ့အခါ နှာချေတာ၊ချောင်းဆိုးတာ၊ခြေလက်တွေထဲက တစစ်စစ်ကိုက်တာ၊ အဖျားရှိနေတာမျိုးဖြစ်မယ်ဆိုရင်တော့ အအေးမိတာဖြစ်နိုင်သလို တုပ်ကွေးမိတာလည်းဖြစ်နေနိုင်ပါတယ်။ ဒီလက္ခဏာတွေက နှစ်ခုလုံးမှာ ဆင်တူတာကြောင့်ပါ။

    ဘာတွေကွာခြားသလဲ။

    အအေးမိတာ – အအေးမိတာက သိပ်မပြင်းထန်တဲ့ အသက်ရှုလမ်းကြောင်းဆိုင်ရာ ဖျားနာမှုတစ်ခုပါ။ ခန္ဓါကိုယ်က မအီမသာဖြစ်လာမယ်။ခြေလက်တွေညောင်းလာမယ်။ နှာချေမယ်။ လည်ချောင်းနာမယ်။ နှာစေးမယ်ဆိုရင် ဒါကအဖျားသွေးရှိနေပြီလို့ပြောရပါတယ်။ အရမ်းမပြင်းထန်ပေမယ့် အဖျားသက်သာဖို့ အချိန်တော်တော်လေးတော့ယူရပါတယ်။ပြည့်ပြည့်ဝဝအနားယူပေးတာ၊ အာဟာရပြည့်ဝအောင်စားသုံးပေးလိုက်မယ်ဆိုရင်တော့ မြန်မြန်ဆန်ဆန် သက်သာသွားအောင်အထောက်အကူပြုနိုင်မှာဖြစ်ပါတယ်။

    တုပ်ကွေးဖြစ်တာ -ဒါပေမယ့် နေမကောင်းဖြစ်တဲ့အခါ နှာချေချောင်းဆိုးတာနဲ့လည်ချောင်းနာတာတွေအပြင် အဖျားကြီးတက်တာ၊ ခေါင်းကိုက်တာ၊ ကြွက်သားတွေ နာကျင်တာမျိုးဖြစ်လာမယ်ဆိုရင်တော့ တုပ်ကွေးဖြစ်နေတာပါ။ ဒီလိုအခြေအနေမျိုးမှာတော့ ဆရာဝန်နဲ့ပြသပြီး ကုသမှုခံယူဖို့လိုအပ်ပါမယ်။ တုပ်ကွေးရဲ့နောက်မှာ ကြီးမားတဲ့ကျန်းမာရေးပြဿနာတွေလည်း နောက်ဆက်တွဲအနေနဲ့ဖြစ်နိုင်သေးလို့ အမြန်အဆန် ကာကွယ်ကုသမှုခံယူသင့်တာပါ။

    အအေးမိတဲ့အခါ ဒီလိုလက္ခဏာတွေဖြစ်နိုင်ပါတယ်။

    အအေးမိတဲ့အခါ အရင်ဆုံးလည်ချောင်းနာလာပါမယ်။ ဒါကလည်း တစ်ရက်၊နှစ်ရက်လောက်ဆိုသက်သာသွားတတ်ပါတယ်။နောက်တစ်ခုကတော့ နှာစေးတာပါ။ နှာရည်တွေကျတာမျိုးဖြစ်နိုင်သလို နှာခေါင်းပိတ်တာမျိုးလည်းဖြစ်နိုင်ပါတယ်။နောက်ဖြစ်နိုင်တဲ့ လက္ခဏာတစ်ခုကချောင်းဆိုးတာပါပဲ။ အအေးမိတာက လူကြီးပိုင်းတွေမှာ သိပ်မသိသာပေမယ့် ကလေးငယ်လေးတွေမှာဖြစ်တာဆိုရင်တော့ ကလေးကတော်တော်လေး မအီမသာဖြစ်ပြီးနေထိုင်ရမသက်သာတာမျိုးဖြစ်နိုင်ပါတယ်။ အအေးမိဖျားနာတာကိုဖြစ်စေနိုင်တဲ့ ဗိုင်းရပ်စ်တွေက ရာနဲ့ချီပြီးရှိနေပါတယ်။

    အအေးမိတာက ဘယ်လောက်ကြာတတ်လဲ။

    အအေးမိတဲ့လက္ခဏာတွေကို ပုံမှန်အားဖြင့်က သီတင်းပတ် တစ်ပတ်လောက်ကြာတဲ့အထိခံစားရနိုင်ပါတယ်။ အိမ်မှာပဲနေပြီး ပြည့်ပြည့်ဝဝအနားယူမယ်။ အာဟာရပြည့်ဝအောင်စားသုံးပေးမယ်၊ ရေဓါတ်ပြည့်ဝအောင် သောက်သုံးမယ်ဆိုရင် သက်သာသွားမှာအသေအချာပါ။ ဒါပေမယ့်သီတင်းပတ် တစ်ပတ်ကြာတဲ့အထိမှ အဖျားက သက်သာမလာဘူးဆိုရင်တော့ ဘက်တီးရီးယားတစ်မျိုးမျိုး ကူးစက်ခံထားရတာဖြစ်နိုင်တာကြောင့် ပဋိဇီဝဆေးတစ်မျိုးမျိုးသောက်သုံးဖို့လိုအပ်နေပြီပဲဖြစ်ပါတယ်။

    တုပ်ကွေးဖြစ်ရင် ဒီလိုလက္ခဏာတွေဖြစ်နိုင်ပါတယ်။

    တုပ်ကွေးက ပုံမှန်အားဖြင့်တော့ အအေးမိတာထက် ပိုပြင်းထန်တတ်ပါတယ်။ရောဂါတိုးတက်လာတဲ့ပုံစံကလည်း ပိုပြီးမြန်ဆန်တတ်ပါတယ်။ တုပ်ကွေးဖြစ်တဲ့အခါ လည်ချောင်းနာမယ်၊ အဖျားတက်မယ်၊ခေါင်းကိုက်မယ်၊ ကြွက်သားတွေနာကျင်မယ်၊ နှာခေါင်းပိတ်မယ်၊ချောင်းဆိုးမယ်။ပြင်းထန်တဲ့ တုပ်ကွေးပိုးကူးစက်ခံရတာမျိုးဆိုရင်အော့အန်တာနဲ့ဝမ်းသွားတာတွေလည်းဖြစ်နိုင်ပါတယ်။

    ဘယ်လိုအခြေအနေမျိုးဆိုရင် ဆရာဝန်နဲ့ပြသဖို့လိုမလဲ။

    သာမန်ဖျားနာတာလောက်ကပြည့်ပြည့်ဝဝလေးအနားယူမယ်၊ အာဟာရပြည့်ဝအောင်စားသုံးမယ်၊ သင့်တော်တဲ့ ကျန်းမာရေးစောင့်ရှောက်မှုကို ခံယူလိုက်မယ်ဆိုရင် သက်သာသွားတတ်ပေမယ့် အဖျားကတော်တော်ကြာတဲ့အထိမှ မသက်သာဘူးဆိုရင်တော့ ပြင်းထန်တဲ့ ပြဿနာတွေဖြစ်နေနိုင်တဲ့အတွက် ဆရာဝန်နဲ့ပြသပြီး စစ်ဆေးကုသမှုခံယူဖို့လိုအပ်ပါလိမ့်မယ်။

    အသက်ရှုရခက်ပြီး ရင်ဘတ်ထဲကအောင့်နေမယ်

    အအေးမိဖျားနာတာက အသက်ရှုရခက်စေတာမျိုး၊ ရင်ဘတ်ထဲကအောင့်တာမျိုးကို မဖြစ်စေနိုင်ပါဘူး။ တကယ်လို့များ ဒီလိုလက္ခဏာတွေခံစားနေရပြီဆိုရင်တော့ နှလုံးရောဂါ၊ ပန်းနာရင်ကျပ်ဝေဒနာနဲ့ အဆုတ်ရောင်ရောဂါတွေကိုခံစားနေရတာကြောင့်ပါ။ ဆရာဝန်နဲ့ အမြန်ဆုံးပြသသင့်ပါတယ်။

    အဖျားက အချိန်ကြာတဲ့အထိ မသက်သာလာဘူး

    အဖျားကတော်တော်ကြာတဲ့အထိ မသက်သာဘူးဆိုရင် ဗိုင်းရပ်စ်တစ်မျိုးမျိုးကူးစက်ခံရတာကြောင့်ပါ။ ဒီလိုအနေအထားမျိုးက ဆရာဝန်နဲ့ပြသပြီး ကုသမှုခံယူဖို့ လိုပါလိမ့်မယ်။

    အစားအစာတွေမျိုချရခက်လာမယ်

    ဒါက ပုံမှန်တော့မဟုတ်ပါဘူး။ လည်ချောင်းနာနေတာကြောင့် စားရသောက်ရတာ နည်းနည်းအခက်အခဲရှိနိုင်ပေမယ့် ပုံမှန်ထက်နာကျင်လာပြီး အစားအစာတွေကိုပါ မျိုချရခက်လာမယ်ဆိုရင်တော့ ပြင်းထန်တဲ့ ရောဂါပိုးကူးစက်ခံထားရတာဖြစ်နိုင်တာကြောင့် ဆရာဝန်နဲ့ပြသဖို့လိုအပ်နေပြီပဲဖြစ်ပါတယ်။

    ချောင်းဆိုးတာရှည်မယ်

    ချောင်းဆိုးတာက တစ်ပတ်၊ နှစ်ပတ်ကျော်တဲ့အထိကြာမြင့်နေပြီး သက်သာလာတာမျိုးမရှိဘူးဆိုရင် ကြက်ညှာချောင်းဆိုးဖြစ်နေတာဖြစ်နိုင်ပါတယ်။ချောင်းဆိုးအရမ်းတာရှည်တာက အဖျားကြောင့်ဆိုတာထက်ရောဂါပိုးတစ်မျိုးမျိုးကြောင့်ဖြစ်နိုင်တာပါ။ ဒါကြောင့် တတ်ကျွမ်းနားလည်သူနဲ့ပြသကြည့်ဖို့ပြောပါရစေ။

    နှာခေါင်းပိတ်တာနဲ့ခေါင်းကိုက်တာကတော်တော်နဲ့မသက်သာဘူး

    အအေးမိဖျားနာတာကြောင့်ဖြစ်တဲ့ နှာခေါင်းပိတ်တာနဲ့ခေါင်းကိုက်တာက အဖျားကျသွားချိန်မှာသက်သာသွားတတ်ပြီးတော်တော်နဲ့ မသက်သာဘူးဆိုရင်တော့နောက်ထပ်ကုသမှုတွေခံယူဖို့လိုအပ်နေတာဖြစ်ပြီး နီးစပ်ရာဆေးခန်းမှာ အမြန်ဆုံးသွားရောက်ပြသဖို့လိုအပ်ပါမယ်။

    Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Aye Thi Mon မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement