backup og meta

ဝက်ခြံ နဲ့ ပတ်သက်တဲ့ ယုံတမ်းစကားများ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Phyo Wai Lynn


Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 12/09/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ဝက်ခြံ နဲ့ ပတ်သက်တဲ့ ယုံတမ်းစကားများ

    ဝက်ခြံ ဆိုတာ အဖြစ်အများဆုံး အရေပြားပြဿနာတွေထဲက တစ်ခုပါ။ ဝက်ခြံနဲ့ ပတ်သက်လို့ ဘာကြောင့်ဖြစ်တာလဲဆိုတာရော၊ ဘယ်လိုကုရတယ်ဆိုတာရော ယုံတမ်းစကားတွေ အများကြီးပါပဲ။ ဒီနေ့တော့ ဒါလေးတွေကို နည်းနည်းလောက်ဖြေရှင်းကြည့်ရအောင်။

    ဝက်ခြံ ဘာကြောင့်ဖြစ်တာ

    အရင်ဆုံး ဝက်ခြံဘာကြောင့်ဖြစ်တာလဲက စပြီး လေ့လာကြည့်ရအောင်။ ပြီးမှ ဖြစ်နိုင် မဖြစ်နိုင်စဉ်းစားကြတာပေါ့။ ဝက်ခြံဆိုတာ

    • မျက်နှာ အဆီထွက်များတာ
    • မွေးညင်းပေါက်တွေကို အဆီနဲ့ ဆဲလ်သေတွေ ပိတ်တာ
    • ဘက်တီးရီးယားပိုးဝင်တာ
    • ဟော်မုန်းတွေ များလွန်းတာ (အထူးသဖြင့် အန်ဒရိုဂျင်)

    ဒါတွေက ဝက်ခြံဖြစ်စေတဲ့ အခြေခံအကြောင်းတွေပါပဲ။ ဒီအကြောင်းတွေကို ဖြစ်စေတဲ့ အပြုအမူတွေက ဝက်ခြံဖြစ်စေတာပဲပေါ့။

    ဝက်ခြံနဲ့ ပတ်သက်တဲ့ ယုံတမ်းစကားများ

  •  အသက်ကြီးလာရင် ဝက်ခြံမထွက်တော့ဘူး။
  • ဝက်ခြံဆိုတာ ဆယ်ကျော်သက်တွေနဲ့ပဲ ဆိုင်တဲ့အရာလို့ သတ်မှတ်ကြပါတယ်။ တကယ်တော့ အသက် ၃၀၊ ၄၀၊ ၅၀ အထိ ဝက်ခြံဆိုတာ ထွက်နိုင်သေးတာပါပဲ။ အပေါ်က ပြောခဲ့တဲ့ အချက်တွေ ကိုယ့်မျက်နှာမှာ ဖြစ်လာရင် ဘယ်အရွယ်ဖြစ်ဖြစ် ဝက်ခြံ ပေါက်နိုင်ပါတယ်။

    • တချို့အစားအစာတွေက ဝက်ခြံပိုဖြစ်တတ်တယ်။

    အငန်စားရင်တို့၊ အစပ်စားရင်တို့၊ ချောကလက်စားရင်တို့၊ နို့သောက်ရင်တို့ ဝက်ခြံထွက်တတ်တယ်ဆိုတာ လူတိုင်းကြားဖူးမှာပါ။ ဒါတွေကို လူတိုင်းစားနေကြပေမယ့် လူတိုင်းတော့ ဝက်ခြံမထွက်ဘူးမလား။ တကယ်တော့ အစားအသောက်နဲ့ ဝက်ခြံကြားက ဆက်နွယ်မှုတွေကို သက်သေပြဖို့ဆိုတာ ခိုင်လုံတဲ့ အထောက်အထားတွေ မရှိသေးပါဘူး။ တချို့ကလည်း ဒီအစားအစာတွေက ဝက်ခြံဖြစ်စေတာ မဟုတ်ဘူး။ ရှိပြီးသား ဝက်ခြံကို ပိုဆိုးစေတယ်လို့ ပြောပါတယ်။

    လေ့လာချက်တွေအရ နို့ထွက်ပစ္စည်းတွေက ဝက်ခြံထွက်စေတယ်ဆိုတာ နို့ကြောင့် မဟုတ်ဘဲ သူ့မှာပါဝင်တဲ့ ဟော်မုန်းနဲ့ ဘက်တီးရီးယားတွေကြောင့်လို့ ဆိုပါတယ်။ ခိုင်လုံတဲ့ အကြောင်းပြချက် မဟုတ်တဲ့အပြင် နို့မှာလည်း တခြား ကောင်းကျိုးတွေ ရှိနေသေးတာကြောင့် ဝက်ခြံပေါက်မှာ စိုးရိမ်တာနဲ့ပဲ နို့သောက်တာကို မရှောင်စေချင်ဘူးလို့ Amy Derick, MD, FAAD, a dermatologist in Great Barrington, Ill က ဆိုပါတယ်။

    • ဆီကြော်တွေ စားရင် ဝက်ခြံပိုထွက်တတ်တယ်။

    ဆီကြော်တွေစားရင် ဝက်ခြံပိုထွက်တတ်တယ်ဆိုတာက မဟုတ်ပါဘူး။ ဆီကြော်တွေ စားတာထက် မျက်နှာကို ဆီပေလွယ်တဲ့ အလုပ်တွေ လုပ်တာ (ဥပမာ မီးဖိုချောင်ထဲမှာ ဟင်းတွေချက်ပြီး ဆီတွေ မျက်နှာမှာပေ)က မွေးညင်းပေါက်တွေကို ပိတ်စေလို့ ဝက်ခြံထွက်လာမှာပါ။

  • စိတ်ဖိစီးရင် ဝက်ခြံထွက်တယ်။
  • ဒါကလည်း ကြားနေကြ စကားပါပဲ။ စာမေးပွဲနားနီးရင် ဝက်ခြံတွေ တန်းစီပြီး ထွက်လာကြတာကိုး။ ဒါပေမယ့် ဒါက အမြဲ မှန်တဲ့ အရာတော့ မဟုတ်ပါဘူး။ စိတ်ဖိစီးမှုကြောင့် ထွက်လာတဲ့ ဟော်မုန်းတွေက ဝက်ခြံကို တိုက်ရိုက်ထွက်စေတာ မဟုတ်ပေမယ့် ရှိပြီးသားဝက်ခြံကိုတော့ ပိုဆိုးစေတယ်လို့ ဆိုပါတယ်။

  • နေရာင်ကာခရင်မ်တွေက ဝက်ခြံထွက်တတ်တယ်။
  • ကိုယ်နဲ့ သင့်တော်တဲ့ နေရောင်ကာခရင်မ်တွေ ရွေးတတ်ဖို့ပဲ လိုတာပါ။ မျက်နှာကို အဆီပြန်စေတဲ့ နေရောင်ကာခရင်မ်တွေကတော့ မွေးညင်းပေါက်ပိတ်ပြီး ဝက်ခြံထွက်မှာပေါ့။ Chemical sunscreenတွေက UV lightနဲ့ ဓာတ်ပြုတာကြောင့် မျက်နှာမှာ အဖုလေးတွေ ထတတ်တယ်ဆိုရင် physical sunscreenပဲ ပြောင်းသုံးလို့ရပါတယ်။ ကိုယ်နဲ့ သင့်တော်တာကို ဝယ်သုံးပါ။ ဝက်ခြံထွက်မှာစိုးပြီး နေရာင်ကာခရင်မ် မလိမ်းဘဲ မနေပါနဲ့။

    • မျက်နှာကို သန့်အောင် မထားလို့ ဝက်ခြံထွက်တာ

    မျက်နှာသစ်တာ ကောင်းပေမယ့် တစ်နေ့ နှစ်ခါထက်ပိုရင်တော့ ကောင်းကျိုးထက် ဆိုးကျိုး ပိုများပါတယ်။ မျက်နှာကို အလွန်အကျွံသစ်တဲ့အခါ ခြောက်သွေ့လာပြီး သဘာဝအတိုင်း အဆီတွေ ပိုထွက်လာတာကြောင့် ဝက်ခြံတွေ ပိုထွက်တတ်ပါတယ်။

    • ဝက်ခြံထွက်နေရင် မိတ်ကပ်မလိမ်းရဘူး။

    မိတ်ကပ်ဆိုတာထက် အဆီများပြီး ပျစ်တာတွေ မလိမ်းရင် ရပါတယ်။ လုံးဝကြီး မိတ်ကပ်မလိမ်းရဘူး မဟုတ်ပါဘူး။ Light weight concealerလေးတွေ သုံးပြီး ဝက်ခြံတွေလည်း အုပ်ထားလို့ရပါတယ်။ ဝက်ခြံသမားတွေအတွက် သီးသန့်ထုတ်ထားတဲ့ မိတ်ကပ်တွေ လိမ်းလို့ရပါတယ်။

    •  ဝက်ခြံထွက်တာ ဒီလောက်ကြီးကျယ်တဲ့ ပြဿနာ မဟုတ်ပါဘူး။

    ဆယ်ကျော်သက်အရွယ်မှာ ကိုယ်က သူများနဲ့ မတူဘဲ ဝက်ခြံတွေ များနေတာကြောင့် စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေ ဖြစ်လာနိုင်ပါတယ်။ ဝက်ခြံက ပိုးဝင်ပြီး ရောင်ကိုင်းလာတာ၊ အမာရွတ်တွေ ကျန်တာ ဒါတွေကလည်း ရုပ်ပိုင်းဆိုင်ရာ ပြဿနာတွေပါပဲ။ ဝက်ခြံထွက်တာ အရေးကြီးလို့ပဲ ငွေကုန်ကြေးကျခံပြီး ဝက်ခြံနဲ့ ဝက်ခြံအမာရွတ်တွေ ပျောက်အောင် ကုနေကြတာပေါ့။

    • ဝက်ခြံဆိုတာ ညှစ်လိုက်ရင် ရပြီ။

    ဝက်ခြံဖြစ်လာပြီဆိုရင် အရေးကြီးဆုံးက ဝက်ခြံကို သွားမထိဖို့ပါပဲ။ မနေနိုင်ဘဲ ဝက်ခြံကို ဆွမယ်၊ ဆိတ်မယ်၊ ညှစ်မယ်ဆိုရင် ပိုးဝင်တာ၊ အမာရွတ်ကျန်တာတွေ နောက်ဆက်တွဲ ဖြစ်လာမှာပါ။ ဒါကြောင့် ဝက်ခြံကို မညှစ်ပါနဲ့။ ဆေးဆိုင်က အလွယ်ဝယ်လို့ရတဲ့ လိမ်းဆေးတွေ ဖြစ်ဖြစ်၊ ဆရာဝန်ညွှန်ကြားထားတဲ့ ဆေးတွေနဲ့ ဖြစ်ဖြစ် ပျောက်အောင် ကုသပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Phyo Wai Lynn


    Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 12/09/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement