backup og meta

ကျောက်ပတ်တီးစည်းရပြီဆိုရင်


Yun Sandi Nan Mon မှ ရေးသားသည်။ · 25/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကျောက်ပတ်တီးစည်းရပြီဆိုရင်

    ကျောက်ပတ်တီးဆိုတာ အရိုးကျိုးထားတဲ့ခြေထောက် သို့မဟုတ် လက်ကို အနာမကျက်ခင်ကာလအတွင်း ပုံစံမပျက်ယွင်းစေဖို့ထိန်းပေးတဲ့ plasterသို့မဟုတ် fiberglass အလွှာဖြစ်ပါတယ်။ အခြေအနေအရကျောက်ပတ်တီးကိုင်လိုက်ရပြီဆိုပြန်ဖြည်တဲ့အခါ အနာကျက်မှာပဲ၊ပြန်ကောင်းမှာပဲဆိုပြီးနေချင်သလိုနေလို့မဖြစ်ပါဘူး။ ဆရာဝန်တွေကလည်းပြောပြလိုက်မှာဖြစ်ပေမယ့်ဆောင်ရန်ရှောင်ရန် သတိထားရမယ့်အချက်တွေကို ကိုယ်ကလိုက်နာမှဖြစ်တာပါ။

    ဂရုစိုက်နေထိုင်မှ ကိုယ့်ခန္ဓါကိုယ်အစိတ်အပိုင်းကို အကောင်းအတိုင်းပြန်ရနိုင်မှာဖြစ်ပါတယ်။ မဟုတ်ရင် အနေမတတ်တာနဲ့ကျောက်ပတ်တီးလည်းဖြည်ရော အရိုးအဆစ်ကကောက်နေတာ၊ ပတ်တီးအောက်မှာ အနာပိုးဝင်တာတွေဖြစ်ရင် မလိုလားအပ်တဲ့ရလဒ်တွေခံစားရနိုင်ပါတယ်။

    အရောင်ကျအောင် ဘာလုပ်ပေးရမလဲ

    ကျောက်ပတ်တီးစည်းထားတဲ့နေရာကရောင်ရမ်းလာရင် တင်းတင်းကြီးနဲ့နေရခက်လာမှာပဲ။ အရောင်ကျအောင်လို့ –

  • ကျောက်ပတ်တီးစည်းထားတဲ့လက်သို့မဟုတ်ခြေထောက်ကိုမြှင့်ထားပါ။ ပတ်တီးစည်းပြီးပြီးချင်း တစ်ရက်နှစ်ရက်အတွင်း ဒဏ်ရာရ လက် သို့မဟုတ်ခြေထောက်ကိုခေါင်းအုံးခုပြီးတော့ဖြစ်ဖြစ်မြှင့်ထားပါ။ ကျောက်ပတ်တီးရှိတဲ့လက်ကို ငြိမ်နေစေဖို့ ပခုံးကနေလက်သိုင်းပတ်တီးနဲ့ သိုင်းထားသင့်ပါတယ်။
  • ရေခဲကပ်ပါ။ကျောက်ပတ်တီးကိုမစိုစေဖို့ရေခဲအိတ်ကိုတဘက်ပါးလေးအုပ်ပြီးမှ ပတ်တီးပေါ်ကနေ အသာအယာကပ်ပါ။
  • လှုပ်ရှားမှုလည်းရှိပေးပါ။ လှုပ်ရှားမှုကိုထိန်းဖို့ ကျောက်ပတ်တီးစည်းထားတာဖြစ်ပေမယ့် လက်ချောင်း သို့မဟုတ်ခြေချောင်းလေးတွေတော့ လှုပ်ရှားပေးပါ။ ဒါမှသွေးလည်ပတ်မှုကောင်းစေမှာဖြစ်ပါတယ်။
  • ဘာတွေဆင်ခြင်ရမလဲ

    ကျောက်ပတ်တီးစည်းထားရတဲ့အခါ

    • ပတ်တီးစကိုင်ပေးတည်းက ဆရာဝန်မှာတဲ့ညွှန်ကြားချက်အတိုင်းလိုက်နာပါ။ Fibreglassကျောက်ပတ်တီးတွေကခြောက်သွေ့မြန်ပေမယ့်plaster ဆိုရင်တော့သေချာခြောက်သွေ့ပြီးစိတ်ချရတဲ့အခြေအနေရောက်ဖို့က ရက်အတော်ကြာပါတယ်။
    • ဆေးမှန်မှန်သောက်ပါ။ ဆရာဝန်ညွှန်ကြားချက်အတိုင်း လိုက်နာပါ။
    • ကျောက်ပတ်တီးကိုရေမစိုအောင်ထားပါ။ရေချိုးတဲ့အခါ လက် သို့မဟုတ် ခြေထောက်ကို ထုပ်ပိုးမှုသုံးပလတ်စတစ်နဲ့လုံအောင် ပတ်တာ၊ လက်ဆို တစ်ဖက်ကိုအမြင့်မြှောက်ထားတာ၊ ခြေထောက်ကိုတင်ပြီးထိုင်ခုံမှာထိုင်ပြီးရေချိုးတာမျိုး ပတ်တီးကို ရေမထိအောင် ဂရုစိုက်ပေးလို့ရပါတယ်။ ပတ်တီးေအာက်မှာ အစိုဓါတ်ဖြစ်သွားရင် အရေပြားယားယံတာ၊ ပွန်းတာ၊လောင်တာဖြစ်လာနိုင်ပါတယ်။ ခွဲစိတ်ထားရတာ၊ ဒဏ်ရာရှိနေတာဆိုရင် အနာပိုးဝင်ဖို့ဖြစ်နိုင်ခြေပိုများစေပါတယ်။
    • သွေးလည်ပတ်မှုကောင်းစေဖို့ တံတောင်ဆစ်၊ ဒူး၊ ခြေချောင်း၊လက်ချောင်း စတာတွေလို ကျောက်ပတ်တီးမစည်းထားတဲ့ အရိုးအဆစ်တွေကို လှုပ်ရှားမှုနည်းနည်းလုပ်ပေးပါ။
    • ကျောက်ပတ်တီးထဲကို အရာဝတ္ထုသေးသေးလေးတွေ၊ အမှုန်အမွှားတွေမဝင်စေဖို့ သန့်သန့်ရှင်းရှင်းထားပါ။
    • ကျောက်ပတ်တီးကို ကိုယ့်သဘောနဲ့ကိုယ် ဆွဲဆန့်တာ၊ ဘာညာ လှုပ်ရှားခြင်း၊ ကိုင်တွယ်ခြင်းတွေ မလုပ်သင့်ပါဘူး။
    • ကျောက်ပတ်တီးမဖြည်ရသေးခင်အထိ အလေးအပင် မ မ ပါနဲ့။ ကားမမောင်းပါနဲ့။
    • ဆရာဝန်ညွှန်ကြားတဲ့အတိုင်း ချိုင်းထောက် သို့မဟုတ် လက်သိုင်းပတ်တီးကို လိုအပ်သလို သုံးပါ။
    • နာကျင်နေရင် အကိုက်အခဲပျောက်ဆေးတွေက ကူညီပေးနိုင်ပါတယ်။

    ဒါတွေဖြစ်လာရင် ဆရာဝန်အမြန်ပြပါ –

    • အရမ်းနာကျင်လာရင်
    • ပတ်တီးေအာက်မှာ ပူပူကြီးခံစားရပြီး နာကျင်လာရင်
    • အနည်းငယ်ယားယံတာက ရက်ပိုင်းအတွင်းမှာ သက်သာသွားသင့်ပါတယ်။ ဒါပေမယ့်အရေပြားမှာ လောင်သလို၊ ပူသလို ခံစားလာရတာ၊ ပတ်တီးက အရမ်းတင်းပြီးကျပ်နေတာ၊ ပတ်တီးတဝိုက်မှာ သိပ်ရောင်ရမ်းလာရင်(တော်တန်ရုံရောင်တာလောက်ကဖြစ်တတ်ပါတယ်)၊ ကိုယ်ပူလာရင်၊ ပတ်တီးက အနံ့ဆိုးထွက်လာတာ၊အရည်ထွက်လာတာ ဆိုရင်
    • လက် သို့မဟုတ်ခြေထောက်ကအေးစက်လာတာ ဒါမှမဟုတ်ဖြူဖျော့လာတာ(အရောင်ပြောင်းလာတာ)ဆိုရင်
    • လက်ချောင်း သို့မဟုတ်ခြေချောင်းတွေ လှုပ်ရှားရခက်လာရင်
    • ပတ်တီးကပြေသွားတာ၊ပြဲတာ လိုမျိုး ပုံစံပျက်ယွင်းရင်
    • လက် သို့မဟုတ်ခြေထောက်မှာသွေးကြောထုံးတဲ့လက္ခဏာဖြစ်လာရင် (လက်၊ခြေသလုံးကြွက်သား၊တံကောက်ကွေး၊ပေါင်၊ပေါင်ခြံတို့မှာ နာကျင်လာတာ၊ နီရဲရောင်ရမ်းလာတာ) အမြန်ဆုံးဆေးရုံ၊ဆေးခန်းပြပါ။

    Hello Health Groupသည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Yun Sandi Nan Mon မှ ရေးသားသည်။ · 25/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement