backup og meta

အူအတက်ရောင် ခြင်း အကြောင်း သင်ဘယ်လောက် သိထားလဲ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Yun Sandi Nan Mon မှ ရေးသားသည်။ · 20/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အူအတက်ရောင် ခြင်း အကြောင်း သင်ဘယ်လောက် သိထားလဲ

    အူအတက်ရောင် တယ်ဆိုတာ အူအတက်မပေါက်ခင် အရေးပေါ်ခွဲစိတ်မှုခံယူဖို့ လိုအပ်တဲ့ အခြေအနေပါ။ ကံကောင်းတာက အူအတက်ကို ဖယ်ထုတ်လိုက်လည်း ဘာပြဿနာမှမရှိဘဲ နေလို့ရတာပါပဲ။

    ဒီလက္ခဏာ တွေ သိသာလာတယ်

    ဝမ်းဗိုက်ညာဘက် အောက်နားမှာ ဗိုက်အောင့်တာက အူအတက်ရောင်တဲ့ လက္ခဏာဖြစ်တတ်ပါတယ်။ ဒါပေမယ့် အများစုက ချက်နားတဝိုက်မှာ နာကျင်မှု စတင်ပြီး နောက်မှ ညာဘက်ကို ရွေ့လျားလာတာ ဖြစ်ပါတယ်။ အဲဒီကနေ ကိုယ်လှုပ်ရှားလိုက်တဲ့အခါ၊ အသက်ပြင်းပြင်းရှူတဲ့အခါ၊ ချောင်းဆိုးတဲ့အခါ၊ နှာချေလိုက်တဲ့အခါ ပိုဆိုးလာတတ်ပါတယ်။

    ရောင်ရမ်းမှု ပိုပြင်းထန်လာတာနဲ့အမျှ ဗိုက်အောင့်တာပိုဆိုးလာပြီး အချိန်မီမကုသနိုင်ရင် အသက်အန္တရာယ် ရှိလာနိုင်ပါတယ်။ တခြားအဖြစ်များတဲ့ လက္ခဏာတွေကတော့ –

  • အစာစားချင်စိတ်မရှိတာ
  • မအီမသာ၊ ပျို့အန်ချင်တာ၊
  • ကိုယ်ပူတာ၊
  • ဗိုက်ပွ၊ ဗိုက်ကယ်တာ
  • ဝမ်းလျှောတာ ဒါမှမဟုတ် ဝမ်းချုပ်တာ တို့ပါဝင်ပါတယ်။
  • အူအတက်ရောင် တာ ဒီလူတွေ အဖြစ်များတယ်

    အများအားဖြင့် အသက် ၁၀ နှစ်ကနေ ၃၀ နှစ်အတွင်း အရွယ်တွေမှာ ဖြစ်လေ့ရှိပါတယ်။ ကိုယ့်ရဲ့ မိသားစုဆွေမျိုး တွေမှာ အူအတက်ရောင် ဖြစ်ဖူးတဲ့သူ ရှိရင်လည်း ကိုယ့်မှာ ဖြစ်နိုင်ခြေများနိုင်ပါတယ်။

    ဘာကြောင့် ဖြစ်ရလဲ

    မစင်၊ ကပ်ပါးပိုး စတဲ့ အရာတစ်ခုခု အူအတက်မှာ ပိတ်ဆို့ရင် အူအတက်ရောင် ခြင်းဖြစ်တတ်ပါတယ်။ ဒီလိုပိတ်ဆို့ရင် အူအတက်မှာ နဂိုကရှိနှင့်ပြီးသား ဘက်တီးရီးယားတွေကို ထိန်းချုပ်မရ ဖြစ်စေပြီး ပိုးဝင် ရောင်ရမ်းစေတာပါ။ အူအတက်ရောင် စေတဲ့ တခြားအကြောင်းရင်းတွေထဲမှာ အစာခြေလမ်းကြောင်း ပိုးဝင်ခြင်းရောဂါတွေနဲ့ အူရောင်ရောဂါ တို့ ပါဝင်ပါတယ်။

    အူအတက်ရောင် တာ မဖြစ်မနေ ခွဲစိတ်ရမှာလား

    များသောအားဖြင့်တော့ အူအတက်ရောင်ရင် ခွဲစိတ်ဖယ်ရှားရတာပါပဲ။ အထူးသဖြင့် အူအတက်ပေါက်ရင်ပေါ့။ အူအတက် မပေါက်သေးဘဲ ရောင်ရမ်းကာစအချိန် ဆိုရင်တော့ ဆရာဝန်က ပဋိဇီဝပိုးသတ်ဆေး နဲ့ပဲ ထိန်းပြီး ကုသပေးလို့ရပါတယ်။

    ဒါပေမယ့် အူအတက် ရှိနေသရွေ့ နောက်တစ်ကြိမ် ထပ်ရောင်နိုင်၊ ပေါက်နိုင်တဲ့ အန္တရာယ်ရှိနေတာမို့ ခွဲစိတ်ဖယ်ရှားဖို့ပဲ ဆရာဝန်က အကြံပြုပါလိမ့်မယ်။

    ပြန်သက်သာချိန်

    အူအတက် ခွဲစိတ်ပြီး ပြန်သက်သာမယ့် ကြာချိန်က လူနာရဲ့ ကျန်းမာရေးအခြေအနေ၊ ရောဂါအခံ၊ ကုသမှုအမျိုးအစားကို မူတည်ပါတယ်။

    ဆေးရုံဆင်းတဲ့အခါ ဆရာဝန်ညွှန်ကြားတဲ့ ဆေးဝါးတွေကို မှန်အောင် သောက်ပါ။ ညွှန်ကြားလိုက်တဲ့ ဆောင်ရန်ရှောင်ရန်တွေ၊ အနာဂရုစိုက်ပုံတွေကို သေချာမှတ်သား လိုက်နာဖို့ အရေးကြီးပါတယ်။

    ဒီကာလ အတွင်းမှာ အစာအာဟာရ ကိုလည်း ညီညွတ်မျှတအောင် စားသုံးဖို့၊ ကျန်းမာရေးနဲ့ မညီတာတွေ ကို ရှောင်ဖို့ ပြင်းထန်တဲ့ လှုပ်ရှားမှုတွေ မလုပ်ဖို့ သတိထားရပါမယ်။

    အူအတက်ခွဲစိတ်မှု နောက်ပိုင်း လုံးဝအပြီး ပြန်ကျန်းမာလာဖို့က သီတင်းပတ် အတော်ကြာနိုင်ပါတယ်။ အနာပိုးဝင်တာ လိုမျိုး နောက်ဆက်တွဲပြဿနာတွေ ရှိလာရင်တော့ ပိုပြီးကြာနိုင်ပါတယ်။

    တကယ်လို့ …

    ခွဲစိတ်မှု နောက်ပိုင်း –

    • ဗိုက်အောင့်တာ၊ ရောင်ရမ်းတာ၊
    • ခွဲစိတ်ထားတဲ့ နေရာက နာကျင်မှု ပိုဆိုးလာတာ၊
    • အဖျားတက်လာတာ၊ ပျို့အန်တာ၊
    • ခွဲစိတ်ဒဏ်ရာ က နီမြန်း၊ သွေးထွက်၊ အနံ့အသက်ဆိုး ထွက်လာတာ၊
    • အစာမဝင်တာ ၂ ရက်ကျော်လာတာ၊
    • ဝမ်းမသွားတာ၊ လေမလည်တာ ၂ ရက်ကျော်လာတာ
    • ဝမ်းအရည်တွေ သွားတာ၊
    • ချောင်းဆိုး၊ အသက်ရှူကျပ်လာတာ စတဲ့ လက္ခဏာတွေ ဖြစ်လာရင် ဆရာဝန် အမြန်ပြန်ပြပါ။

    Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများ မပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Yun Sandi Nan Mon မှ ရေးသားသည်။ · 20/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement