backup og meta

ဒါတွေကြောင့် အူမကြီးကင်ဆာ ဖြစ်တတ်ပါတယ်။


Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 28/09/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ဒါတွေကြောင့် အူမကြီးကင်ဆာ ဖြစ်တတ်ပါတယ်။

    အူမကြီးကင်ဆာက အဖြစ်များတဲ့ ကင်ဆာတွေထဲက တစ်ခုပါ။ ကမ္ဘာမှာရော မြန်မာမှာပါ အဖြစ်များပါတယ်။ ဘာတွေကြောင့် ဖြစ်တာလဲ။ ဘယ်သူတွေ ပိုဖြစ်နိုင်လဲဆိုတာ သိထားသင့်ပါတယ်။ ကိုယ်နဲ့ ကိုက်ညီတဲ့ အချက်ရှိရင် စောစောစီးစီး ဆင်ခြင်နိုင်အောင်ပါ။

    အူမကြီးက ဝမ်းဗိုက်ရဲ့ နေရာတော်တော်များများကို ယူထားပါတယ်။ ဝမ်းဗိုက်ရဲ့ ညာဘက် အောက်ပိုင်းကနေ အပေါ်ကိုတက်တာတယ်။ ပြီးတော့ ချက်အပေါ်နားကနေ ဘယ်ဘက်ကို ကန့်လန့်ဖြတ်သွားတယ်။ ပြီးတော့ဝမ်းဗိုက်ရဲ့ ဘယ်ဘက်အောက်ပိုင်းကို ဆင်းသွားတယ်။ နောက်ဆုံးမှာ အနောက်ထဲကို ဝင်ပြီး မစင်အိမ်နဲ့ သွားဆက်ပါတယ်။

    ဒါကြောင့် အူမကြီးက တော်တော်ရှည်ပါတယ်။ မစင်အိမ်ပါအပါ ဒီအူမကြီးတစ်လျှောက် ဘယ်နေရာမှာမဆို ကင်ဆာဖြစ်နိုင်ခြေရှိတဲ့အတွက် သတိထားဖို့ လိုပါတယ်။

    ဘယ်လိုအချက်တွေကြောင့် ကင်ဆာဖြစ်ရတာလဲ။

    ကင်ဆာတွေရဲ့ သဘာဝအတိုင်း ဆဲလ်ပွားတာ ပုံမှန်မဟုတ်ရာက စပြီး ကင်ဆာဖြစ်လာတာပါ။ ဘာကြောင့် ဆဲလ်တွေ ပုံမှန်မဟုတ်ဘဲ ပွားနေရသလဲဆိုတာကိုတော့ မပြောနိုင်သေးပါဘူး။

    ဘယ်သူတွေ ဖြစ်နိုင်သလဲ။

    ဘာကြောင့်ဖြစ်တာလဲဆိုတာ မသိပေမယ့် အောက်က အချက်တွေရှိရင် အူမကြီးကင်ဆာဖြစ်နိုင်ခြေ များပါတယ်။

  • အသက်
  • အသက် ကြီးလေလေ အူမကြီး ကင်ဆာ ဖြစ်နိုင်ခြေများလေလေပါပဲ။ အထူးသဖြင့် အသက် ၅၀ကျော်လာရင်ပါ။ အရင်ကတော့ အသက်ကြီးတဲ့သူတွေမှာပဲ အဓိကတွေ့ရပြီး ခုနောက်ပိုင်း စားသောက်နေထိုင်မှုတွေကြောင့် ငယ်ငယ်ရွယ်ရွယ်နဲ့ အူမကြီး ကင်ဆာ ဖြစ်တဲ့သူတွေ များလာပါပြီ။ အူမကြီးကင်ဆာ မျိုးရိုးရှီရင်လည်း အသက်ငယ်ငယ်နဲ့ ဖြစ်နိုင်ပါတယ်။

    • အူမကြီး အသားပို ရှိတဲ့သူတွေ

    အသားပိုရှိတိုင်းတော့ ကင်ဆာ မဖြစ်ပါဘူး။ ဒါပေမယ့် အသားပိုက ၁စင်တီမီတာထက် ကြီးတဲ့အခါ၊ ၃ခုထက်များတဲ့အခါ၊ အသားပိုကို စစ်ဆေးကြည့်လိုက်လို့ ပုံမမှန်တဲ့ ဆဲလ်တွေပါနေတဲ့အခါ ကင်ဆာဖြစ်နိုင်ခြေက တက်လာပါတယ်။

    နာတာရှည် အူမကြီး ရောင်ရမ်းတဲ့ ရောဂါ (Crohn’s diseaseတို့ ulcerative colitisတို့) ရှိတဲ့အခါ ကင်ဆာဖြစ်နိုင်ခြေက ပိုများလာပါတယ်။ နာတာရှည်ရောင်ရမ်းနေတဲ့အတွက် အူမကြီးက ဆဲလ်တွေ ပျက်စီးကုန်လို့ပါ။ ဒါကြောင့် ဒီလိုရောဂါအခံတွေ ရှိရင် အူမကြီးကင်ဆာ ပုံမှန်စစ်ဆေးသင့်ပါတယ်။

    • မိသားစုမျိုးရိုးရှိတာ

    မိသားစုထဲမှာ အူအသားပို ဒါမှမဟုတ် အူမကြီးကင်ဆာ မျိုးရိုးရှိရင် ကိုယ့်မှာ ဖြစ်နိုင်ခြေလည်း များလာပါတယ်။ အသက်ငယ်ငယ်နဲ့လည်း ဖြစ်နိုင်ပါတယ်။ လေ့လာချက်တွေအရ အူမကြီးကင်ဆာဖြစ်တဲ့သူ ၃ယောက်မှာ ၁ယောက်က မျိုးရိုးရှိနေပါတယ်။

    • မျိုးဗီဇရောဂါများ

    Lynch syndromeတို့ familial  adenomatous polyposisတို့လို မျိုးဗီဇရောဂါရှိတဲ့ သူတွေမှာ အူမကြီးကင်ဆာ ဖြစ်နိုင်ခြေ ပိုများပါတယ်တဲ့။

    အဝလွန်တာက အူမကြီးကင်ဆာ အပါအဝင် တခြားကင်ဆာတွေ၊ တခြားရောဂါတွေကိုပါ ဖိတ်ခေါ်နေသလိုပါပဲ။

    • လှုပ်လှုပ်ရှားရှားမနေတာ

    လှုပ်လှုပ်ရှားရှား မနေဘူးဆိုရင် အဝလွန်လာပြီး အူမကြီးကင်ဆာဖြစ်နိုင်ခြေလည်း တက်လာမှာပါ။

    • စားသောက်မှုပုံစံ

    အနီရောင်အသားတွေ၊ ပြုပြင်ထားတဲ့၊ ကြာရှည်ခံအောင် လုပ်ထားတဲ့ အသားတွေက ကင်ဆာဖြစ်နှုန်းကို များစေပါတယ်။ မီးပြင်းပြင်းချက်ထားတဲ့ အကြော်အလှော်တွေ၊ အကင်တွေကလည်း ကင်ဆာဖြစ်စေတဲ့ ဒြပ်ပေါင်းတွေ ထွက်စေတယ်ဆိုပေမယ့် ထပ်ပြီးလေ့လာဖို့ လိုပါသေးတယ်။ ဗီတာမင် ဒီချို့တဲ့ရင်လည်း ကင်ဆာဖြစ်နိုင်ခြေများတယ်လို့လည်း ဆိုပါတယ်။

    ဒါကြောင့် လတ်ဆတ်တဲ့ အသီးအရွက်တွေ များများစားပြီး ပြုပြင်ထားတာတွေ၊ ချိုလွန်းတာတွေ လျှော့စားသင့်ပါတယ်။ အနီရောင်အသားကို အလွန်အကျွံစားတာမျိုးလည်း ရှောင်သင့်ပါတယ်။

    တခြားကင်ဆာတွေလိုပဲ အူမကြီးကင်ဆာက ဆေးလိပ်သောက်ရင် ဖြစ်နိုင်ခြေ ပိုများပါတယ်။

    တတ်နိုင်ရင်တော့ မသောက်တာ ပိုကောင်းပါတယ်။ အထူးသဖြင့် မျိုးရိုးရှိတဲ့သူတွေပါ။ ဆေးဖြစ်ဝါးဖြစ်သောက်တာကတောင် ဖြစ်နိုင်ခြေကို များစေလို့ပါ။

    အမျိုးအစား ၂ဆီးချိုရောဂါရှိတဲ့သူတွေက ပိုပြီး သတိထားသင့်ပါတယ်။ တိုက်ရိုက်ဖြစ်စေတာ မဟုတ်ပေမယ့် ဖြစ်စေတဲ့ အကြောင်းရင်းတွေ (ဥပမာ အဝလွန်တာ၊ အဆီအစိမ့်တွေ စားတာ) တူနေတာကြောင့် ဆီးချိုရောဂါရှင်တွေက ကင်ဆာဖြစ်နိုင်ခြေ ပိုများလာရတာပါ။

    ဒါဆိုရင် ကိုယ့်မှာ ကိုက်တဲ့ အချက်တွေ ဘယ်နှချက်များ ရှိနေပြီလဲ။ ဒီအချက်တွေ ရှိတိုင်းလည်း ကင်ဆာ ဖြစ်ကို ဖြစ်မှာ မဟုတ်ပေမယ့် အူမကြီးကင်ဆာအပါအဝင် တခြားရောဂါတွေအတွက်လည်း မကောင်းတဲ့ အကျင့်တွ ဖြစ်တာကြောင့် စောစောစီးစီး ပြင်ဆင်နိုင်လေ ကောင်းလေပါပဲ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 28/09/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement