backup og meta

လက်သုတ်ပဝါများတွင် ဘက်တီးရီးယားများပေါက်ပွားနိုင်ကြောင်း သတိပြုမိစေဖို့

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Hello Sayarwon Panel မှ ရေးသားသည်။ · 05/01/2024 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    လက်သုတ်ပဝါများတွင် ဘက်တီးရီးယားများပေါက်ပွားနိုင်ကြောင်း သတိပြုမိစေဖို့

    အိမ်ထောင်စုတိုင်းရဲ့ မီးဖိုချောင်တွေမှာ အစားအစာ ချက်ပြုတ်ပြင်ဆင်ရာမှာ လက်သုတ်ပဝါ၊ လက်နှီးစတာတွေ အသုံးပြုတတ်ကြပါတယ်။ ဒီနေရာမှာ မီးဖိုချောင်သုံး လက်သုတ်ပဝါတွေ နဲ့ပတ်သက်ပြီး သတိပြုသင့်တာကတော့ အဲဒီလက်နှီး၊ လက်သုတ်ပဝါတွေမှာ ရောဂါပိုးတွေ ကပ်ငြိနေနိုင်တယ်ဆိုတာပါပဲ။ ဘက်တီးရီးယားအများစုဟာ လူတို့ကို အန္တရာယ်မဖြစ်စေပေမယ့် တချို့ကတော့ တစ်ခါတရံမှာ အစာအဆိပ်သင့်ခြင်း၊ အစားအစာများမှ ကူးစက်တတ်သောရောဂါများ ဖြစ်စေခြင်း စတဲ့ ပြဿနာတွေကို ဦးတည်စေပါတယ်။ လက်သုတ်ပဝါများတွင် ဘက်တီးရီးယားများပေါက်ပွားနိုင်ကြောင်း သတိပြုမိစေဖို့ ဒီဆောင်းပါးလေးကို ဖော်ပြပေးလိုက်ပါတယ်။

    လက်သုတ်ပဝါများတွင် ဘက်တီးရီးယားများပေါက်ပွားနိုင်ကြောင်း သတိပြုမိစေဖို့

    မောရစ်သျှတက္ကသိုလ်မှ သုတေသီများဟာ လက်သုတ်ပဝါများ နဲ့ ပတ်သက်ပြီး သုတေသနတစ်ခု ပြုလုပ်ခဲ့ပါတယ်။ အဲဒီသုတေသနအရ မီးဖိုခန်းမှာသုံးတဲ့ လက်သုတ်ပဝါတွေကို လျှော်ဖွပ်ခြင်းမပြုဘဲ တစ်လခန့် ထားစေပါတယ်။ နောင်တစ်လပြည့်လို့ စစ်ဆေးကြည့်ရာမှာ လက်သုတ်ပဝါများရဲ့ ထက်ဝက်ခန့်မှာ ဘက်တီးရီးယားတွေ ပေါက်ပွားနေတာကို တွေ့ရပါတယ်။

    အဲဒီဘက်တီးရီးယားတွေဟာ လူတွေရဲ့ အူလမ်းကြောင်းမှာနေနိုင်တဲ့ ဘက်တီးရီးယားတွေနဲ့ အတူတူပါပဲ။ အဆိုပါတွေ့ရှိချက်ကို အမေရိကန် အဏုဇီဝဗေဒအသင်းရဲ့ နှစ်ပတ်လည်ညီလာခံမှာ တင်သွင်းဖတ်ကြားခဲ့ပါတယ်။

    ဘယ်အခြေအနေတွေက ပိုမိုပေါက်ပွားစေသလဲ….

    အဆိုပါသုတေသနမှာ ဘက်တီးရီးယားပေါက်ပွားမှုကို လေ့လာရာမှာ coliform ဘက်တီးရီးယားက ၃၆.၇ ရာခိုင်နှုန်း၊ Enterococcus ဘက်တီးရီးယားက ၃၆.၇ ရာခိုင်နှုန်း၊ Staphylococcus aureus က ၁၄.၃ ရာခိုင်နှုန်း စသဖြင့် အသီးသီးရှိတယ်လို့ ဆိုပါတယ်။

    လက်သုတ်ပဝါတွေရဲ့ ဘက်တီးရီးယားတွေဟာ ပိုင်ရှင်တွေအပေါ် မူတည်ပြီးလည်း ပြောင်းလဲမှု ရှိတတ်ပါတယ်။ မိသားစုဝင်ဦးရေ၊ ကလေးဦးရေ၊ လူမှုစီးပွားရေးအခြေအနေ၊ စားသောက်မှုပုံစံ၊ လက်သုတ်ပဝါ အမျိုးအစား စတာတွေအပေါ် မူတည်ပါတယ်။

    ဥပမာအားဖြင့် Staphylococcus aureus ဘက်တီးရီးယားဟာ ကလေးများစွာရှိပြီး လူမှုစီးပွားရေး နိမ့်ကျတဲ့ မိသားစုတွေရဲ့ မီးဖိုချောင်က လက်သုတ်ပဝါတွေမှာ အတွေ့များပါတယ်။ Coliform ဘက်တီးရီးယားမျိုးဖြစ်တဲ့ E. coli ဘက်တီးရီးယားကိုတော့ အသားစားများသူတွေမှာ တွေ့ရပါတယ်။

    ဘာအကျိုးသက်ရောက်မှုရှိလဲ……

    ဘက်တီးရီးယားအများစုဟာ ယေဘုယျအားဖြင့် ကိုယ်ခံအားကောင်းပြီး ကျန်းမာသူတွေကို အန္တရာယ်မဖြစ်စေပါဘူး။ ဒါပေမယ့် E. coli နဲ့ S. aureus စတဲ့ ဘက်တီးရီးယားတွေဟာ အစာအဆိပ်သင့်ခြင်းနဲ့ ဆက်စပ်မှုရှိပြီး ပျို့ခြင်းအန်ခြင်း၊ ဝမ်းပျက်ခြင်း၊ ဗိုက်အောင့်ခြင်း၊ ဖျားနာခြင်း စတာတွေ ဖြစ်ပွားစေတတ်ပါတယ်။ အဲဒီရောဂါဝေဒနာတွေဟာ နာရီအနည်းငယ်ကနေ ရက်ပေါင်းများစွာအထိ ကြာမြင့်တတ်ပါတယ်။

    မီးဖိုခန်းသုံး လက်သုတ်ပဝါ ဆိုတာ မိသားစုဝင်အားလုံးလိုလိုနဲ့ ထိတွေ့မှုရှိတဲ့အပြင် ညစ်ပေတဲ့အခါ သန့်ရှင်းရေးပစ္စည်းအဖြစ်သုံးတတ်တာကြောင့် ရောဂါပိုးမွှားတွေ စုဆုံရာဖြစ်နေတတ်ပါတယ်။ ပုံမှန်လျှော်ဖွပ်ခြင်းမရှိရင် ဘက်တီးရီးယားတွေ ပိုမိုပေါက်ပွားလာတတ်ပါတယ်။

    ဒါ့အပြင် မီးဖိုခန်းသုံး အမှိုက်သရိုက်တွေကို စနစ်တကျစွန့်ပစ်ခြင်းမရှိရင် ပိုမိုဆိုးရွားတတ်ပါတယ်။

    ဘာလုပ်သင့်သလဲ…..

    တခါသုံး လက်သုတ်ပဝါများ၊ တစ်သျှူးများကို အသုံးပြုခြင်းဟာလည်း လက်သုတ်ပဝါများ ကနေ ဘက်တီးရီးယားပေါက်ပွားမှုကို ကာကွယ်ပြီးသားဖြစ်စေပါတယ်။ တခါသုံးမဟုတ်တဲ့ မီးဖိုခန်းသုံးပဝါတွေကို ပုံမှန်လျှော်ဖွပ်သင့်ပါတယ်။ ရံဖန်ရံခါ ရေနွေးနဲ့ပြုတ်လျှော်သင့်ပါတယ်။

    ဖြစ်နိုင်ရင် ကိုယ်ပိုင်လက်သုတ်ပဝါတွေထားရင် ပိုကောင်းပါတယ်။ ဒါ့အပြင် မီးဖိုခန်းထဲက စင်တွေ၊ ကြပ်ခိုးစင်တွေ၊ ဗီရိုတွေကိုလည်း ပုံမှန်သန့်ရှင်းရေး ပြုလုပ်သင့်ပါတယ်။

    စားပွဲမျက်နှာပြင်တွေ၊ မီးဖိုစင်တွေကို သန့်ရှင်းရေးပြုလုပ်ရာမှာ လက်သုတ်ပဝါနဲ့ အလွယ်တကူ ယူပြီး ပွတ်တိုက်သန့်ရှင်းရေးပြုလုပ်ခြင်း မပြုသင့်ပါဘူး။ အသားလှီးတဲ့ စဉ့်တီတုံးတွေကိုလည်း အသုံးပြုပြီးတာနဲ့ ချက်ချင်းဆေးကြောဖို့ လိုပါတယ်။ စနစ်တကျ ဆေးကြောမထားတဲ့ စဉ့်တီတုံးကို လက်သုတ်ပဝါနဲ့သုတ်ပြီး အဲဒီလက်သုတ်ပဝါကို တယောက်ယောက်က ယူပြီး လက်သုတ်ခြင်းဟာ ရောဂါပိုးတွေကို ပိုမိုပျံ့နှံ့စေနိုင်ပါတယ်။

    နောက်ထပ်အရေးကြီးတဲ့တချက်ကတော့ လက်ကို စနစ်တကျ ဆေးကြောဖို့ပါပဲ။ လက်ကိုစင်ကြယ်စွာ ဆေးကြောပေးခြင်းဟာ ဘက်တီးရီးယားများ ကူးစက်ခြင်းကို အတော်အသင့် ကာကွယ်ပြီးသား ဖြစ်သွားစေပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Hello Sayarwon Panel မှ ရေးသားသည်။ · 05/01/2024 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement