ကိုယ်ခန္ဓာ ဆိုတာကလည်း တစ်ကယ်ကို ထူးဆန်းတဲ့အရာတစ်ခုပါ။ တစ်ကိုယ်လုံးမှာရှိတဲ့ အစိတ်အပိုင်းတွေအားလုံးက ဆက်စပ်နေပြီး တစ်နေရာမှာ ရောဂါဖြစ်နေပြီ ဆိုတာနဲ့ ဖြစ်နေတဲ့ ရောဂါနဲ့ ပက်သက်တာတွေက ကိုယ်ခန္ဓာအစိတ်အပိုင်းတော်တော်များများ ပေါ်နေလေ့ရှိပါတယ်။ ဥပမာ လက်သည်းတို့၊ ဆီးတို့၊ ဝမ်းတို့ အသားအရောင်တို့ပေါ့ ။ ဒီလိုပဲ မျက်လုံးကနေ သင့်ကျန်းမာရေးအကြောင်း သိနိုင်တာတွေရှိပါတယ်။ ဘာတွေလဲ။ ။
မျက်လုံး ပုံမှန်ထက် ပိုပြူးနေခြင်း ။ ။ ( Bulging eyes)
Graves’ Disease လို့ခေါ်တဲ့ လည်ပင်းကြီးရောဂါမှာ သိုင်းရွိုက်ဟော်မုန်းတွေ အများကြီးထွက်လို့ မျက်လုံးက တစ်ရှူးတွေ ရောင်လာပြီး မျက်လုံးပုံမှန်ထက် ပိုပြူးလာရခြင်းဖြစ်ပါတယ်။
ဒါကြောင့် ကိုယ့်မျက်လုံး ပုံမှန်ထက် အပြင်ကို ပြူးထွက်လာပြီဆိုရင် သိုင်းရွိုက် ဟုတ်၊ မဟုတ် ဆရာဝန်ဆီ သွားပြီး စစ်ဆေးသင့်ပါတယ်။ ကိုယ့်မျက်လုံး ပြူးနေလားဆိုတာကို သိချင်ရင်တော့ တစ်ယောက်ယောက်ကို ကိုယ့်ခေါင်းအပေါ်ကနေခိုင်းပြီး ငုံ့ကြည့်ခိုင်းလိုက်ပါ။ ပုံမှန်ဆို မျက်လုံးက မျက်ခွံအတွင်းမှာပဲ ရှိနေသင့်တာပါ။
အမြင်အာရုံ ဝေဝါးခြင်း ။ ။ ( Blurred Vision)
ဘယ်လိုပဲ ဒီဂရီတွေ ချိန်ပြီး မျက်မှန်တွေ တပ်တပ် ကြည့်လိုက်တဲ့ မြင်ကွင်းတိုင်းက မသဲကွဲဘဲ မှုန်ဝါးနေမယ် ဆိုရင်တော့ ဆီးချိုရဲ့ နောက်ဆက်တွဲဆိုးကျိုးဖြစ်တဲ့ မျက်လုံးထိသွားတာ ဖြစ်နေနိုင်ပါတယ်။
သွေးတွင်းသကြားဓါတ် တွေကို ကောင်းကောင်းမထိန်းနိုင်တော့ မျက်လုံးထဲမှာရှိတဲ့ မြင်လွှာတွေနဲ့ သွေးကြောလေးတွေ ထိခိုက်သွားပြီး အမြင်အာရုံဝေဝါးသွားရတာဖြစ်ပါတယ်။ သူက အလယ်တည့်တည့် မြင်လွှာကို မဟုတ်ဘဲ ဘေးဘက်မြင်လွှာကို ထိခိုက်စေတာပါ။
မျက်ဆံ အနက်ရောင်ပတ်လည်မှာ မီးခိုးရောင် ကွင်းပေါ်နေခြင်း ။ ။ (Ring Around Your Cornea)
ဆေးပညာအရ corneal arcus လို့ခေါ်တဲ့ ဒီ ပြဿနာဟာ မျက်လုံးရဲ့ မျက်ဆံအနက်ရောင် ပတ်ပတ်လည်မှာ မီးခိုးရောင် ကွင်းပေါ်နေတာဖြစ်ပါတယ်။ ဒါဟာ ကိုယ်တွင်းကများနေတဲ့ကိုလက်စရောတွေ မျက်လုံးမှာ လာစုပုံနေတာကြောင့်ဖြစ်ရတာပါ။ အသက်ကြီးလာရင် ဖြစ်နေကျဖြစ်ပေမယ့် အသက် ၄၀ အောက်မှာ ဒါမျိုးတွေ့နေပြီဆိုရင်တော့ သင့်သွေးတွင်းမှာ ကိုလက်စရော အရမ်းများနေပြီ ဆိုတဲ့အကြောင်း မျက်လုံးက အသိပေးနေတာပါ။
မျက်ခွံတွဲကျနေခြင်း ။ ။
မျက်ခွံတွေ အပေါ်ကိုပြန်လှန်တင်လို့ မရအောင် အောက်ကိုတွဲပြီးကျနေတာ myasthenia gravis လို့ခေါ်တဲ့ ကြွက်သားတွေ အားလျော့ခြင်း ရောဂါကြောင့်ဖြစ်ရတာပါ။ မျက်လုံး၊ မျက်နှာ နဲ့ လည်ချောင်းက ကြွက်သားတွေကို အဓိကထိပြီး ညနေရောက်ပြီဆိုတာနဲ့ ကြွက်သားတွေအာနည်းလာရတဲ့ ရောဂါဖြစ်ပါတယ်။
မျက်လုံးဝါနေခြင်း ။
မျက်သားအဖြူရောင်ဆိုတာ ပုံမှန်ဆို ကြည်ကြည်လေးနဲ့ အဖြူရောင်ပဲဖြစ်နေရပါမယ်။ ဒါကိုမှ မျက်လုံးရော၊ အသားတွေမှာရော ဝါနေပြီဆိုရင်တော့ သင့်မှာ အသည်းရောင် အသားဝါဖြစ်နေပြီလို့ ယူဆရပါတယ်။ အသည်းနဲ့ သည်းခြေလမ်းကြောင်းမှာ ပြဿာနာဖြစ်နေတဲ့အတွက် စုလာတဲ့ bilirubin တွေကြောင့် အသားတွေ မျက်လုံးတွေ ဝါလာရခြင်းဖြစ်ပါတယ်။
မျက်ခမ်းလှုပ်ခြင်း။ ။
အိပ်ရေးမဝတာ၊ အာရုံကြောအားနည်းတာ၊ မျက်လုံးကို အသုံးများတာတွေ၊ စိတ်ဖိစီးမှု များတာတွေကြောင့် မျက်ခမ်းလှုပ်တတ်ပါတယ်။ ပုံမှန်ဖြစ်တတ်တာမို့ မစိုးရိမ်ရပေမယ့်လည်း မျက်ခမ်းလှုပ်တာဟာ multiple sclerosis လို့ခေါ်တဲ့ အာရုံကြောဆဲလ်တွေ ကျုံတာကြောင့် လည်း ဖြစ်တတ်သေးတာမို့ ပိုပိုပြီး ဆိုးလာခဲ့ရင် ဆရာဝန် နဲ့ သေချာပြစေချင်ပါတယ်။
ကြက်မျက်သ့င်ရောဂါ။ ။
ကြက်မျက်သင့်ရောဂါ ခံစားနေရတဲ့ သူတွေဟာ ညအမှောင်ထဲမှာဆို ဘာကိုမှ မမြင်ကြတော့ပါဘူး။ ဒါဟာ ဗီတာမင် A ချို့တဲ့တဲ့ထိပ်ဆုံး လက္ခဏာတစ်ခုပါ။
ဒါတွေကတော့ ကိုယ်တွင်းမှာဖြစ်နေတဲ့ ရောဂါ တစ်စုံတစ်ရာ ကြောင့် ပြောင်းလဲလာတဲ့ မျက်လုံးအခြေအနေတွေပဲ ဖြစ်ပါတယ်။ ။
[embed-health-tool-bmi]