home

What are your concerns?

close
Inaccurate
Hard to understand
Other

သို့မဟုတ် လင့်ခ်ကူးယူမည်

သင့်ကို နားအူ စေတဲ့ အကြောင်းရင်းများ

သင့်ကို နားအူ စေတဲ့ အကြောင်းရင်းများ
နားအူ တယ်ဆိုတာ နားထဲမှာ အသံစူးစူးတွေကို ကြားနေရတာပဲ ဖြစ်ပါတယ်။ ပြင်ပအသံမရှိဘဲ အလိုလို ကြားနေရတာပါ။ နားတစ်ဖက် ဒါမှမဟုတ် ၂ဖက်လုံးမှာ ဖြစ်နိုင်ပါတယ်။ နားအူတာက အဖြစ်များပါတယ်။ အထူးသဖြင့် လူကြီးတွေမှာ ပိုတွေ့ရတတ်ပါတယ်။

နားအူခြင်းရဲ့ လက္ခဏာများ

နားအူတယ်ဆိုတာ နားထဲမှာ
-ခြင်အော်သလို တဝီဝီ
-လှိုဏ်သံ
-နာရီလက်တံလို တချက်ချက်အသံ
-အသံစူးစူး
-ညည်းသံ စတဲ့ အသံမျိုးစုံကြားရနိုင်ပါတယ်။
များသောအားဖြင့်တော့ ဒီအသံတွေက တိုးတိုးနဲ့ ထွက်နေတတ်ပါတယ်။ တချို့တွေမှာတော့ အလုပ်လုပ်လို့မရအောင် အူနေတာမျိုး ရှိနိုင်ပါတယ်။ ဆက်တိုက်ကြားနေရတာ ဖြစ်နိုင်သလို ဖြစ်လိုက်ပျောက်လိုက်လည်း ဖြစ်နိုင်ပါတယ်။
ရှားရှားပါးပါး နှလုံးခုန်တာကို လိုက်ပြီး နားအူတာဖြစ်တတ်ပါတယ်။ နှလုံးက ဒုတ်လို့ ခုန်လိုက်တိုင်းမှာ နားထဲကနေ လေထွက်သလို ရှူးခနဲဖြစ်သွားတာ၊ နားထဲမှာပါ တဒုတ်ဒုတ် လိုက်မြည်တာမျိုးပါ။

သင့်ကို နားအူစေတဲ့ အကြောင်းရင်းများ

နားအူရတဲ့ အကြောင်းရင်း အများကြီး ရှိပေမယ့် အများစုကတော့ အကြောင်းအရင်း မရှိဘဲ ဒီတိုင်း နားအူကြတာ များပါတယ်။ အဖြစ်များစေတဲ့ အကြောင်းတွေကတော့

နားထဲမှာ အသံတွေကို ကြားရတဲ့အခါ သေးငယ်တဲ့ ဆဲလ်လေးတွေ လှုပ်သွားပါတယ်။ ဒီဆဲလ်တွေလှုပ်သွားတာကို အာရုံကြော သိပြီး ဦးနှောက်ကို ပို့ပေးတာကြောင့် အသံမှန်း သိတာပါ။ အသက်ကြီးလာလို့ ဖြစ်ဖြစ်၊ အသံဆူဆူတွေ နားထောင်တာများလို့ ဖြစ်ဖြစ် ဒီဆဲလ်လေးတွေ ပျက်စီးသွားတဲ့အခါ ဦးနှောက်ဆီကို အသံတွေ မှားပို့ပါတယ်။ ဒါကြောင့် ပုံမန်မဟုတ်တဲ့ အသံတွေဖြစ်လာပြီး နားအူတာပါ။

  • နားထဲမှာ တစ်ခုခု ပိတ်နေတာ

နားပိုးဝင်ပြီး ပြည်တည်နေတာ၊ နားဖာချေးပိတ်နေတာ၊ ပစ္စည်းတစ်ခုခု စို့နေတဲ့အခါ နားထဲမှာ ဖိအားအပြောင်းအလဲ ဖြစ်ပြီး နားအူတတ်ပါတယ်။

  • ဦးခေါင်းနဲ့ လည်ပင်း ထိခိုက်ဒဏ်ရာရတာ

ဒီလိုနေရာတွေမှာ ထိခိုက်ဒဏ်ရာရတဲ့အခါ နားအတွင်းပိုင်း၊ အာရုံကြော၊ ဦးနှောက်စတာတွေကို ထိခိုက်နိုင်ပါတယ်။ ထိခိုက်ဒဏ်ရာကြောင့်ဆိုရင်တော့ တစ်ဖက်တည်းအူတာ များပါတယ်။

တချို့ဆေးတွေက ဘေးထွက်ဆိုးကျိုးအနေနဲ့ နားအူတာကို ဖြစ်စေ ဒါမှမဟုတ် ပိုဆိုးစေပါတယ်။ များသောအားဖြင့် ဆေးရပ်လိုက်ရင် ပြန်ကောင်းသွားကြပါတယ်။ ဥပမာ ပြောရရင် NSAIDs အမျိုးအစား အကိုက်အခဲပျောက်ဆေးတွေ၊ တချို့ပိုးသတ်ဆေးတွေ၊ ကင်ဆာဆေးတွေ၊ ဆီးဆေးတွေ၊ ငှက်ဖျားဆေးတွေ၊ စိတ်ကျရောဂါကုဆေးတွေက ဖြစ်တတ်ပါတယ်။

ရောဂါတွေကြောင့်လည်း နားအူတာဖြစ်တတ်ပါတယ်။ ဥပမာ Meniere’s disease၊ နားပြွန်ရောဂါ၊ နားအရိုးရောဂါ၊ မေးရိုးရောဂါ၊ အကျိတ်တွေ၊ သွေးကြောရောဂါ၊ ဆီးချို၊ သိုင်းရွိုက်ရောဂါနဲ့ သွေးအားနည်းရောဂါတွေမှာလည်း ဖြစ်တတ်တာကို တွေ့ရပါတယ်။

ဘယ်သူတွေမှာ နားအူတာ ပိုဖြစ်နိုင်လဲ။

  • အသံဆူဆူတွေ နားထောင်တဲ့သူတွေ – လုပ်ငန်းခွင်မှာ အသံဆူဆူတွေ နားထောင်နေရတဲ့သူတွေ၊ နားကြပ်နဲ့ သီချင်းကျယ်ကျယ် နားထောင်တဲ့သူတွေ၊ ဆူညံတဲ့ ပတ်ဝန်းကျင်မှာ နေရတဲ့သူတွေက ပိုပြီးတော့ ဖြစ်နိုင်ပါတယ်။
  • အသက်ကြီးလာရင် အလိုလိုကို ဖြစ်နိုင်ခြေများပါတယ်။
  • အမျိုးသားတွေက ပိုဖြစ်တတ်ပါတယ်။
  • ဆေးလိပ်၊ အရက်သောက်တဲ့သူတွေက ပိုဖြစ်နိုင်ပါတယ်။
  • အဝလွန်သူတွေ၊ နှလုံးရောဂါ၊ သွေးတိုး၊ ခေါင်းထိခိုက်ဖူးသူတွေက ပိုဖြစ်တတ်ပါတယ်။

နားအူတာ စိုးရိမ်စရာလား။

နားအူရုံသက်သက်က ကြီးကြီးမားမား ထိခိုက်စရာ မရှိပါဘူး။ ဒါပေမယ့် အသံကြောင့် အာရုံစူးစိုက်လို့ မရတာ၊ အိပ်မရတာ၊ စိတ်ရှုပ်ရတာ၊ နေလို့မကောင်းတာ စတာတွေတော့ ဖြစ်တတ်ပါတယ်။

နားအူ တာကို ဘယ်လိုကုသလို့ ရသလဲ။

နားအူတာက သူ့အလိုလို ပျောက်သွားတာလည်း ရှိသလို တချို့ကျတော့လည်း ကြာလာတော့ နေသားကျသွားတာလည်း ရှိပါတယ်။ ကုသနည်းတွေကတော့ ဖြစ်တဲ့အကြောင်းရင်းပေါ် မူတည်ပြီး ကွဲပြားနိုင်ပါတယ်။

  • အအေးမိ နှာစေးပြီးနောက်မှ နားအူတတယ်၊ တစ်ပတ်လောက်ထိ မသက်သာဘူးဆိုရင် (နားပိုးဝင်တာ ဖြစ်နိုင်လို့)
  • နားအူတာနဲ့အတူ နားမကြားတာ၊ မူးတာ ခံစားရရင်
  • နားအူတာကြောင့် စိတ်ဖိစီးတာ၊ စိတ်ရှုပ်ထွေးတာ ခံစားရရင် ဆရာဝန်နဲ့ ပြသပြီး ကုသမှု ခံယူသင့်ပါတယ်။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

စာရေးသူ ဓာတ်ပုံbadge
Dr. Htet Htet Zaw Win မှ ရေးသားသည်။ 30/08/2021 တွင် ပြန်လည်ပြင်ဆင်ခဲ့သည်။
Hello Sayarwon Panel မှ အချက်အလက် စစ်ဆေးထားပါသည်။