home

What are your concerns?

close
Inaccurate
Hard to understand
Other

သို့မဟုတ် လင့်ခ်ကူးယူမည်

နားထဲပိုးဝင်ပြီး နားကိုက် ခြင်းကနေ နောက်ဆက်တွဲ ဘာတွေဆက်ဖြစ်နိုင်သလဲ

နားထဲပိုးဝင်ပြီး နားကိုက် ခြင်းကနေ နောက်ဆက်တွဲ ဘာတွေဆက်ဖြစ်နိုင်သလဲ

နားပိုးဝင်တယ်၊ နားကိုက် တယ်ဆိုတာ ကလေးတွေမှာ အဖြစ်များပြီး မပေါ့ဆသင့်တဲ့ အခြေအနေတစ်ခုပါ။ သူ့ဘာသူဖြစ်ဖြစ်၊ အကိုက်အခဲပျောက်ဆေးသောက်လိုက်လို့ ပြန်ပျောက်သွားတာမျိုးတွေရှိပေမယ့် ကံမကောင်းရင်တော့ နားထဲ ရောဂါပိုးဝင်တာကနေတစ်ဆင့် တခြား ကြီးကြီးမားမား ကျန်းမာရေးပြဿနာတွေ ဖြစ်သွားနိုင်ပါတယ်။ ဒီလို နားပိုးဝင်ခြင်းကနေ ဆိုးဝါးတဲ့ နောက်ဆက်တွဲဆိုးကျိုးတွေဆိုတာ အဖြစ်နည်းပေးမယ့် ဖြစ်ရင်လည်း ဂိတ်ဆုံးဆိုသလိုဖြစ်တာကြောင့် ဒီနောက်ဆက်တွဲဆိုးကျိုးတွေကို သိထားဖို့အတွက် ဒီဆောင်းပါးလေးကို ဖတ်ကြည့်စေချင်ပါတယ်။

နားထဲပိုးဝင်ခြင်းပြီး နားကိုက် ခြင်းရဲ့ နောက်ဆက်တွဲဆိုးကျိုးများ

နားထဲရောဂါပိုးဝင်ပြီး နားကိုက် တာ၊ နားပြည်ယိုတာမျိုးတွေ ဖြစ်လိုက် ပျောက်လိုက် ပြန်ဖြစ်လိုက်တာတွေက ခဏခဏ ဖြစ်နေရင် နောက်ပိုင်း နားမကြားရတော့တာမျိုးတွေ ဖြစ်နိုင်ပါတယ်။ ကံကောင်းတာတစ်ခုက ဒီလို အကြားအာရုံ ဆုံးရှုံးတာ ခဏပဲဖြစ်ပြီး ပြန်သက်သာသွားတတ်ပါတယ်။ အကြားအာရုံ လုံးဝကို ဆုံးရှုံးသွားတဲ့ အခြေအနေတွေက လူအယောက် ၁၀၀၀၀ မှာ ၂ ယောက်လောက်ပဲ ဖြစ်တတ်ပါတယ်။ ဒီလို အကြားအာရုံဆုံးရှုံးတာမျိုး ကလေးတွေမှာ ဖြစ်သွားခဲ့ရင် ကလေးတွေရဲ့ လေ့လာသင်ယူနိုင်စွမ်းကို ထိခိုက်နိုင်တာကြောင့် နားနဲ့ပက်သက်လို့ ပြဿနာတစ်ခုခုဖြစ်ခဲ့ရင် မပေါ့ဆသင့်ပါဘူ။

  • Mastoiditis (နားနောက်က အရိုးဖုရောင်ခြင်း)

နားထဲ ခဏခဏ ပိုးဝင်နေတတ်တဲ့ ကလေးတွေမှာ ပါးကျိတ်ရောင်တာမျိုးတွေ ဖြစ်တတ်ပါတယ်။ လက္ခဏာတွေကတော့ နားနောက်ပိုင်းမှာ နီရဲရောင်နေပြီး နာတတ်ကာ ခေါင်းတွေပါ ကိုက်တတ်ပါတယ်။ ဒီလောက်ဖြစ်နေတာတောင်မှ ဆက်ပြီး ပေါ့ဆနေလိုက်မယ်ဆိုရင် ရောဂါပိုးက ဦးနှောက်ထဲ အထိပြန့်သွားပြီး ဦးနှောက် အမြှေးပါးရောင်ခြင်း၊ ဦးနှောက်ထဲ အနာဖြစ်ခြင်းနဲ့ အကြားအာရုံ ဆုံးရှုံးခြင်းများဆက်ဖြစ်နိုင်ပါတယ်။

ဦးနှောက်နဲ့ ပင်မကျောရိုးကြီးကို အုပ်ထားတဲ့ အမြှေးပါးလေးရောင်တာ ဖြစ်ပါတယ်။ လက္ခဏာတွေကတော့ အသက် ၂ နှစ်နှင့် အထက် ကလေးမှာ ကလေးက ဖျားမယ်၊နုန်းနေမယ်၊ လည်ပင်းနဲ့ ဇက်တွေ တောင့်နေမယ်။ ဇက်တောင့်နေတယ်ဆိုတာ ကလေး မေးစိကို ရင်ဘတ်ထိအောင် ကွေးလိုက်တဲ့အချိန် ကလေးကနာလို့ ထအော်တာ၊ ကွေးလို့မရဘဲ တောင့်နေတာမျိုးတွေဖြစ်နေတတ်ပါတယ်။

နားထဲပိုးဝင်ပြီး နားကိုက် ခြင်းကနေ နောက်ဆက်တွဲ ဘာတွေဆက်ဖြစ်နိုင်သလဲ

  • ဦးနှောက်ထဲ အနာဖြစ်ပြီး ပြည်တည်ခြင်း

နားထဲဝင်တဲ့ ရောဂါပိုးဟာ ဦးနှောက်ကို ပြန့်သွားတဲ့အချိန်မှာတော့ ဦးနှောက်ထဲ အနာဖြစ်ပြီး ပြည်တည်တာမျိုးတွေပါ ဆက်ဖြစ်နိုင်ပါတယ်။ လက္ခဏာတွေကတော့ ဖျားမယ်၊ ပျို့အန်မယ်၊ ခေါင်းကိုက်မယ်၊ သတိလစ်တာမျိုးတွေ ဖြစ်နိုင်ပါတယ်။ ဒီလို ဦးနှောက်ထဲ အနာဖြစ်ပြီး ပြည်တည်ခြင်းဟာ ဆေးကုသမှု ချက်ချင်းခံယူသင့်တဲ့ ပြဿနာမျိုးပါ။ အချိန်မီ ကုသမှု ခံယူလိုက်ရင် အရှင်း ပြန်ကောင်းနိုင်ချေ ၃၃ မှ ၇၀ ရာခိုင်နှုန်း အထိရှိပါတယ်။

  • နားစည်ကွဲခြင်း

နားထဲမှာ အရည်တွေစုပြီး နားစည်အပေါ် ဖိအားသက်ရောက်ရာကနေ နောက်ဆုံး နားစည်ကွဲသွားတဲ့အခါ နားထဲမှာအပေါက်ကြီး ဖြစ်ကျန်ခဲ့ပေမယ့် ရက်သတ္တပတ် အနည်းငယ်လောက်မှာတင် အနာကျက်သွားနိုင်ပါတယ်။ ထူးဆန်းတာတစ်ခုက နားစည်ကွဲသွားပြီဆိုတာနဲ့ နားကိုက် နေတာ လုံးဝကို ပျောက်သွားပါတယ်။ ဘာကြောင့်လဲဆိုတော့ နားစည်ကိုဖိနေတဲ့ ဖိအားမရှိတော့လို့ပါ။ နားစည်ကွဲခြင်းရဲ့ ၉၀ ရာခိုင်နှုန်းလောက်ဟာ သူ့ဘာသာ အနာပြန်ကျက်သွားတတ်ပါတယ်။

နားထဲပိုးဝင်ပြီး နားကိုက် ခြင်းကနေ နောက်ဆက်တွဲ ဘာတွေဆက်ဖြစ်နိုင်သလဲ

  • မျက်နှာတစ်ခြမ်း အကြောသေခြင်း

မျက်နှာအတွက် အာရုံခံစားခြင်းတွေကိုပေးတဲ့ facial nerve ဟာ နားထဲကနေပဲ ဖြတ်သွားတာကြောင့် နားပိုးဝင်တဲ့အခါ သူ့ကိုလည်း ထိသွားပြီး မျက်နှာတစ်ခြမ်းတည်း လေဖြန်းသလိုမျိုးတွေ ဖြစ်သွားတတ်ပါတယ်။ ဒီလို အခါမျိုးဆို ဆရာဝန်ဆီချက်ချင်းသွားပြီး ဆေးကုသမှု အချိန်မီ ခံယူလိုက်ရင် ဒီမျက်နှာတစ်ခြမ်း အကြောသေသွားခြင်းဟာ အရှင်းပြန်ပျောက်သွားတတ်တာမျိုးပါ။

ဒါတွေကတော့ နားထဲ ပိုးဝင်ခြင်းကြောင့် ဖြစ်နိုင်သော်လည်း အဖြစ်နည်းတဲ့ နောက်ဆက်တွဲဆိုးကျိုးတွေပါ။ ဒီလို နားထဲ ပိုးဝင်ခြင်းဟာ ငယ်သေးတဲ့ကလေးတွေမှာ အဖြစ်များပြီး သေချာ မကုသရင် ခုပြောထားတဲ့ နောက်ဆက်တွဲဆိုးကျိုးတွေ ဆက်ဖြစ်နိုင်တာကြောင့် နားကိုက် တယ်၊ နားပြည်ယိုတယ်ဆိုတာနဲ့ ချက်ချင်းဆရာဝန်ဆီ သွားပြဖို့ တိုက်တွန်းချင်ပါတယ်။ ကလေးတွေတင် မဟုတ်ပါဘူး။ လူကြီးတွေမှာလည်း နားကိုက် တာ၊ နားထဲပိုးဝင်တာတွေကို သေချာ ဂရုမစိုက်ဘဲနေခဲ့ရင် ဒီနောက်ဆက်တွဲဆိုးကျိုးတွေ ဖြစ်မှာကျိန်းသေတဲ့အတွက် မပေါ့ဆတာ အကောင်းဆုံးပါ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

စာရေးသူ ဓာတ်ပုံbadge
Dr. Thin Yadanar @ Frances မှ ရေးသားသည်။ 14/02/2021 တွင် ပြန်လည်ပြင်ဆင်ခဲ့သည်။
Hello Sayarwon Panel မှ အချက်အလက် စစ်ဆေးထားပါသည်။