backup og meta

Anosmia (Loss Of Sense Of Smell) (အနံ့မရခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်

Anosmia (Loss Of Sense Of Smell) (အနံ့မရခြင်း) ကဘာလဲ။

အနံ့မရခြင်းဆိုတာ သင့်ဆီမှာ အနံ့အာရုံကို မခံစားနိုင်ဖြစ်နေခြင်း ဖြစ်ပါတယ်။ ဦးနှောက် (သို့) နှာခေါင်းပိုင်း ထိခိုက်မှုကြောင့် ဖြစ်တတ်ပါတယ်။ တချို့လူတွေမှာတော့ မွေးရာပါ အနံ့မရခြင်း ဖြစ်တတ်ပါတယ်။

လူတယောက်ရဲ့ အနံ့အာရုံကို တချို့လုပ်ငန်းစဉ်တွေက ဖြစ်ပေါ်စေပါတယ်။ ပထမဦးစွာ အရာဝတ္တုတခုရဲ့ မော်လီကျူး (ဥပမာ ပန်းရဲ့ ရနံ့) ဟာ နှာခေါင်း အထက်ပိုင်းက အထူးအာရုံကြော (အနံ့ခံဆဲလ်) တွေကို လှုံ့ဆော်ပေးပါတယ်။ အဲဒီအာရုံကြောတွေဟာ ဦးနှောက်ကို အချက်အလက်တွေပေးပြီး ဘယ်အနံ့လဲဆိုတာ သတ်မှတ်ပါတယ်။ ဒီဖြစ်စဉ်ကို နှောင့်ယှက်မှုရှိရင် ဥပမာ နှာစေးခြင်း၊ နှပြိတ်ခြင်း၊ အာရုံကြောထိခိုက်ခြင်း စတာတွေဟာ အနံ့ခံမရခြင်း ဖြစ်စေပါတယ်။

ယေဘုယျအားဖြင့် အနံ့ခံနိုင်ခြင်းဟာ အရသာခံခြင်းကိုပါ အကျိုးသက်ရောက်မှု ဖြစ်စေပါတယ်။ အနံ့မရရင် အရသာခံတဲ့ဖုလေးတွေဟာ အရသာအနည်းငယ်သာ ရရှိပြီး ဘဝရဲ့ အရည်အသွေးကိုပါ ထိခိုက်စေပါတယ်။

တကယ်လို့ အနံ့မရခြင်းဟာ ချက်ချင်းဖြစ်ပေါ်လာပြီး ဘာကြောင့်မှန်းမသိရင် ဆရာဝန်ပြသပါ။ နောက်ခံအကြောင်းတွေကို ဖော်ထုတ်ပြီး ပြန်လည်ကောင်းမွန်အောင် ကုသပေးနိုင်ပါလိမ့်မယ်။

Anosmia (Loss Of Sense Of Smell) (အနံ့မရခြင်း) က ဘယ်လောက်အဖြစ်များသလဲ

အဖြစ်များပါတယ်။ အမျိုးသမီးတွေမှာ ပိုဖြစ်တတ်ပါတယ်။ အသက်အရွယ် မရွေးဖြစ်တတ်ပါတယ်။ ဖြစ်နိုင်ခြေအန္တရာယ်တွေကို လျှော့ချနိုင်ပါတယ်။ ပိုသိရအောင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။

လက္ခဏာများ

Anosmia (Loss Of Sense Of Smell) (အနံ့မရခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ

အသိသာဆုံး လက္ခဏာကတော့ အနံ့လုံးဝမရခြင်း ဖြစ်ပါတယ်။ လူတချို့မှာ အနံ့ရခြင်း ပြောင်းလဲလာတာကို သတိပြုမိတတ်ပါတယ်။ ဥပမာ ရင်းနှီးနေကြအရာတွေ အနံ့မရဖြစ်တတ်ပါတယ်။

အထက်ပါဖော်ပြချက်တွေမှာ မပါသေးတဲ့ လက္ခဏာတွေလည်း ရှိနေနိုင်ပါသေးတယ်။ လက္ခဏာ တခုခုနဲ့ ပတ်သက်လို့ စိုးရိမ်မှုရှိရင် ဆရာဝန်နဲ့ တိုင်ပင်ပါ။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

အောက်ပါအခြေအနေမှာ ဆရာဝန်ပြသင့်ပါတယ်။

  • အအေးမိခြင်း၊ ဓါတ်မတည့်ခြင်း၊ ထိပ်ကပ်နာဖြစ်ခြင်း စတာတွေကြောင့် အနံ့မရခြင်းဟာ ရက်အနည်းငယ်ကြာရင် အလိုလိုပြန်ရတတ်ပါတယ်. ဒီလိုမှ မဟုတ်ရင် ဆရာဝန်ပြပါ။
  • အနံ့မရခြင်းဟာ တခါတရံမှာ အကြောင်းအရင်းပေါ် မူတည်ပြီး ကုသရပါတယ်။ ဆရာဝန်ဟာ ရောဂါပိုးဝင်ခြင်းကို ပျောက်စေဖို့ ပဋိဇီဝဆေးပေးခြင်း၊ နှာခေါင်းမှာပိတ်နေတဲ့ အရာတွေကို ဖယ်၇ှားခြင်း စတာတွေ ပြုလုပ်ပါလိမ့်မယ်။
  • တချို့မှာတော့ အနံ့မရခြင်းဟာ အမြဲ ဖြစ်သွားတတ်ပါတယ်။ အထူးသဖငြ့် အသက် ၆၀ကျော်ရင် ဖြစ်တတ်ပါတယ်။

အထက်ပါ လက္ခဏာတွေရှိနေရင်၊ သိလိုတာတွေရှိရင် ဆရာဝန်နဲ့ တိုင်ပင်ပါ။ တယောက်နဲ့ တယောက် ဖြစ်ပျက်ပုံတော့ မတူနိုင်ပါဘူး။ ကိုယ့်အတွက် ဘယ်အရာက အကောင်းဆုံးဖြစ်မယ်ဆိုတာကို ဆရာဝန်နဲ့ တိုင်ပင်ပါ။

အကြောင်းရင်းများ

Anosmia (Loss Of Sense Of Smell) (အနံ့မရခြင်း) ကိုဘာတွေကဖြစ်စေသလဲ

အောက်ပါအတိုင်း အကြောင်းအရင်းများစွာ ရှိပါတယ်။

  • အအေးမိခြင်းကဲ့သို့ အသက်ရှူလမ်းကြောင်း အပေါ်ပိုင်း ဗိုင်းရပ်စ်ပိုး ကူးစက်ခြင်း
  • အမြဲတမ်း (နာတာရှည်) ထိပ်ကပ်နာဖြစ်ခြင်း၊ နှာသီးဖြစ်ပေါ်ခြင်း
  • နှာခေါင်းပုံမမှန်ခြင်း (ဥပမာ နှာခေါင်းလိမ်နေခြင်း၊ လမ်းကြောင်းလိမ်နေခြင်း)
  • ဓါတ်မတည့်ဖျားနာရာမှ နှာခေါင်းလမ်းကြောင်း ဆိုးရွားစွာ ရောင်ရမ်းခြင်း
  • အချို့ ပဋိဇီဝဆေးဝါးများ (ဥပမာ မက်ထရို)
  • မူးယစ်ဆေးများ (ကိုကိန်း၊ အမ်ဖက်တမင်း)
  • ဆီးချို
  • အရက်စွဲခြင်း
  • သိုင်းရွိုက်လုပ်ဆောင်မှု အားနည်းခြင်း
  • ကူးရှင်းရောဂါလက္ခဏာစု
  • နှာခေါင်းအတွင်းပိုင်း လောင်စားစေသော ဓါတုပစ္စည်းများ ထိတွေ့ခြင်း
  • ဦးခေါင်းဒဏ်ရာရခြင်း
  • ဦးနှောက်အကျိတ်
  • ခေါင်း၊ လည်ပင်းကို ဓါတ်ရောင်ခြည်ကုသခြင်း
  • အတက်ရောဂါ
  • ပါကင်ဆန်ရောဂါ
  • အယ်လ်ဇိုင်းမား
  • လေဖြတ်ခြင်း
  • အသည်း၊ ကျောက်ကပ်ရောဂါများ
  • ဗီတာမင် ဘီ ၁၂ ချို့တဲ့ခြင်း
  • စိတ်ကစဉ့်ကလျားရောဂါ
  • သွေးကြောများပုံပျက်ရောင်ရမ်းသည့်ရောဂါ
  • ပြန်ရည်ကြောများ ရောင်လာသည့်ရောဂါတမျိုး
  • မွေးရာပါအနံ့မရခြင်း

ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

Anosmia (Loss Of Sense Of Smell) (အနံ့မရခြင်း) ကို ဘယ်လိုအတည်ပြုပါသလဲ

ဆရာဝန်ဟာ လက်ရှိအခြေအနေကို မေးခွန်းများမေးပြီး နှာခေါင်းကို စစ်ဆေးပါလိမ့်မယ်။ ရောဂါရာဇဝင်မေးပြီး ပြည့်စုံတဲ့စမ်းသပ်ချက်တွေ ပြုလုပ်ပါလိမ့်မယ်။

ဘယ်အချိန်မှာ စဖြစ်သလဲ၊ အနံ့အားလုံးမရတာလား၊ တချို့ကိုပဲ မရတာလား၊ အစားအသောက်ကို အရသာခံနိုင်သေးလား စသဖြင့်မေးပါလိမ့်မယ်။ အခြေအနေပေါ် မူတည်ပြီး အောက်ပါစမ်းသပ်ချက်တွေ ပြုလုပ်ပါလိမ့်မယ်။

  • ဦးခေါင်းပုံရိပ်ကို မြင်ရအောင် CT ရိုက်ခြင်း
  • ဦးခေါင်းကို သံလိုက်လှိုင်းများဖငြ့် ပုံဖော်သော MRI ရိုက်ခြင်း
  • ဦးခေါင်းခွံဓါတ်မှန်
  • နှာခေါင်းအတွင်းပိုင်းမှန်ပြောင်းကြည့်ခြင်း

Anosmia (Loss Of Sense Of Smell) (အနံ့မရခြင်း) ကို ဘယ်လိုကုသပါသလဲ

မွေးရာပါအနံ့မရသူများကတော့ အနံ့ဆိုတာဘာလဲ မသိကြပါဘူး။ လက်ရှိမှာ မွေးရာပါ အနံ့မရခြင်းအတွက် ကုသမှု မရှိပါဘူး။

ဒါပေမယ့် ကျန်တဲ့အမျိုးအစားတွေအတွက် ကုသမှုတွေ ရှိပါတယ်။ အခြေအနေပေါ် မူတည်ပြီး အောက်ပါအတိုင်း ဖြစ်ပါတယ်။

  • စတီးရွိုက်နှာခေါင်းတွင်းဖြန်းဆေး
  • ဟစ်စ်တမင်းဆန့်ကျင်ဆေး
  • စတီးရွိုက်ဆေး
  • နှာသီးအား ခွဲစိတ်ဖယ်ရှားခြင်း
  • နှခေါင်းလမ်းကြောင်းအား ခွဲစိတ်ပြုပြင်ခြင်း
  • နှာခေါင်းတွင်း မှန်ပြောင်းကြည့်၍ ခွဲစိတ်ခြင်း

ဘယ်လို နေထိုင်မှုပုံစံနဲ့ အိမ်တွင်းကုထုံးတွေက အနံ့မရခြင်းအတွက် အထောက်အကူ ပြုသလဲ

အောက်ပါအခြေအနေတွေက အထောက်အကူပြုပါတယ်။

  • အိမ်မှာ မီးခိုးအချက်ပေးကိရိယာများ တပ်ဆင်ထားခြင်း (အထူးသဖြင့် မီးဖိုချောင်)
  • သဘာဝဓါတ်ငွေ့သုံး ပစ္စည်းများမှ လျှပ်စစ် ကိရိယာများ ပြောင်းလဲသုံးစွဲခြင်း
  • အစားအစာများတွင် သက်တမ်းကုန်ရက်များ မှတ်သားထားခြင်း၊ ရက်လွန်လျင် စွန့်ပစ်ခြင်း
  • ရေချိုးခန်းနှင့် မီးဖိုသန့်ရှင်းရေး ပစ္စည်းများ၊ ပိုးသတ်ဆေး စသည်တို့တွင် တပ်ဆင်ထားသော သတိပေးအမှတ်အသားများကို သေချာစွာ ဖတ်ခြင်း

သိလိုတဲ့အချက်တွေရှိရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးတာ အကောင်းဆုံးပါပဲ။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

What causes loss of sense of smell? 12 possible conditions

http://www.healthline.com/symptom/loss-of-sense-of-smell. Accessed April 19, 2017
Anosmia

http://www.nhs.uk/conditions/anosmia/Pages/Introduction.aspx. Accessed April 19, 2017
What Is Anosmia?

http://www.webmd.com/brain/anosmia-loss-of-smell#1. Accessed April 19, 2017
Symptoms Loss of smell (anosmia)

http://www.mayoclinic.org/symptoms/loss-of-smell/basics/when-to-see-doctor/sym-20050804. Accessed April 19, 2017

ယခုပုံစံ

14/01/2022

Written by Dr. Thant Zin

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

မရှိတဲ့ အနံ့တွေရနေတာ ဘာကြောင့်လဲ

နှာခေါင်းထဲမှာ အနံ့ဆိုးတွေ ဖြစ်နေတာ ဘာကြောင့် ဖြစ်မလဲ!


Written by

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု · Defence Service Medical Acadamy


14/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement