backup og meta

Inflammatory bowel disease (IBD) (အူရောင်ရမ်းသောရောဂါ)

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Phyo Wai Lynn


Hello Sayarwon မှ ရေးသားသည်။ · 18/01/2021 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    Inflammatory bowel disease (IBD)  (အူရောင်ရမ်းသောရောဂါ)

    အူရောင်ရမ်းသောရောဂါ ဆိုသည်မှာ နာတာရှည် ရောဂါဖြစ်ပြီး အူလမ်းကြောင်းတစ်လျောက်လုံး သို့မဟုတ် တစ်စိတ်တစ်ပိုင်း ရောင်ရမ်းနေခြင်းကို ခေါ်ပါသည်။ အူရောင်ရမ်းသောရောဂါကို Ulcerative colitis (အနာဖြစ်ပြီး အူရောင်ရမ်းခြင်း)နှင့် Crohn’s disease (ခရုမ်းရောဂါ)ဟု နှစ်မျိုးခွဲခြား နိုင်ပါသည်။ ယင်းရောဂါ နှစ်မျိုးစလုံးမှာ ရောဂါလက္ခဏာများ ထပ်တူညီလုနီးပါးဖြစ်ပြီး ခွဲခြားရန် ခက်ခဲပါသည်။

    Ulcerative colitis (အနာဖြစ်သော အူရောင်ရမ်းခြင်း)တွင် နာတာရှည် အူရောင်ရမ်းခြင်းအပြင် အူမကြီးနှင့် အစာဟောင်းအိမ် နေရာရှိ အူအတွင်း နံရံများ၏ အပေါ်ဆုံးအလွှာတွင် အနာများ ဖြစ်ပေါ်နေပါသည်။

    Crohn’s disease (ခရုမ်းရောဂါ)တွင်မူ အူရောင်ရမ်းခြင်းသည် အတွင်းနံရံ အပေါ်ဆုံးအလွှာတွင်သာမက အောက်အလွှာများအထိ ပျံ့နှံ့နေသကဲ့သို့ အူသိမ်ပိုင်းမှ အူမကြီးတစ်လျောက်လုံးနေရာအနှံ့ ဖြစ်နိုင်ပါသည်။

    Collagenous colitis နှင့် lymphocytic colitis တို့ကဲ့သို့ အူမကြီး ရောင်ရမ်းသည့် ရောဂါများကိုလည်း အူရောင်ရမ်းသည့် ရောဂါအုပ်စုတွင် ထည့်သွင်းကြပါသည်။

    Inflammatory bowel disease (IBD) (အူရောင်ရမ်းသောရောဂါ) က ဘယ်လောက်အဖြစ်များသလဲ

    မည်သည့် အသက်အရွယ်မဆို အူရောင်ရမ်းသော ရောဂါဖြစ်နိုင်ပြီး အသက် ၁၅နှစ်နှင့် ၄၀နှစ်ကြားတွင် အများအားဖြင့် တွေ့ရှိရပါသည်။

    Inflammatory bowel disease (IBD) (အူရောင်ရမ်းသောရောဂါ) ရဲ့လက္ခဏာတွေကဘာတွေလဲ

    အူရောင်ရမ်းသော ရောဂါရဲ့ အဖြစ်အများဆုံး ရောဂါလက္ခဏာတွေ ကတော့

    • ရောင်ရမ်းနေသော အူအစိတ်အပိုင်းသည် ရေကိုကောင်းစွာ မစုပ်ယူ နိုင်သဖြင့် ဝမ်းလျှောခြင်း
    • အူအနာများမှ သွေးထွက်သောကြောင့် ဝမ်းထဲတွင် သွေးစများပါခြင်း
    • အူပိတ်ခြင်းကြောင့် ဗိုက်နာခြင်း၊ ဗိုက်ရစ်ခြင်း၊ လေပွခြင်း
    • ကိုယ်အလေးချိန်လျော့ခြင်းနှင့် သွေးအားနည်းခြင်းတို့ကြောင့် ကလေးများတွင် ဖွံဖြိုးမှုနောက်ကျခြင်းတို့ ဖြစ်နိုင်ပါသည်။
    • Crohn’s disease (ခရုမ်းရောဂါ) တွင်မူ ပါးစပ်တွင် အပူနာများဖြစ်တတ်ပြီး တစ်ခါတစ်ရံတွင် လိင်အင်္ဂါနားတဝိုက်နှင့် စအိုဝနားတွင် အက်ကွဲခြင်းများ တွေ့ရတတ်ပါသည်။
    • တစ်ခါတစ်ရံတွင် အူလမ်းကြောင်းဆိုင်ရာ လက္ခဏာများအပြင် မျက်စိနာခြင်း၊ အရေပြားရောဂါများ၊ အဆစ်ရောင်ရမ်းခြင်းတို့လည်း တွေ့ရှိနိုင်ပါသည်။

    Inflammatory bowel disease (IBD) (အူရောင်ရမ်းသောရောဂါ)

    Inflammatory bowel disease (IBD) (အူရောင်ရမ်းသောရောဂါ) ကို ဘာတွေကဖြစ်စေသလဲ

    ရောဂါဖြစ်စေသော အကြောင်းအရင်းကို သေချာစွာ မသိရှိရသေးပါ။ ယခင်က အစားအသောက်နှင့် စိတ်ဖိစီးမှုများကြောင့် ဖြစ်သည်ဟု ယူဆခဲ့ကြသော်လည်း ယင်းတို့မှာ ရောဂါကို ပိုဆိုးစေသော အကြောင်းရင်းများသာ ဖြစ်ပါသည်။

    အခြားဖြစ်နိုင်သည့် အကြောင်းအရာတစ်ခုမှာ ကိုယ်ခံအားစနစ် ဖောက်ပြန်မှုကြောင့် ဖြစ်သည်။ အူလမ်းကြောင်းအတွင်း ဝင်ရောက်လာသော ရောဂါပိုးမွှားများကို ကိုယ်ခံအားက တိုက်ထုတ်ရန် ကြိုးစားရင်း အူနံရံရှိ ဆဲလ်များကိုပါ မှားယွင်းတိုက်ခိုက်မိပြီး အူရောင်ရမ်းသည့် ရောဂါ ဖြစ်လာသည်ဟု ယူဆကြပါသည်။ မျိုးရိုးလိုက်သည်ဟု ဆိုကြသော်လည်း ရောဂါဖြစ်သူ အများစုမှာမူ မျိုးရိုးလိုက်သော ရာဇဝင်မရှိတာကို တွေ့ရပါသည်။

    Inflammatory bowel disease (IBD) (အူရောင်ရမ်းသောရောဂါ) ဖြစ်နိုင်ခြေကို ဘာတွေက မြင့်တက်စေသလဲ

    အောက်ပါ အချက်များသည် အူရောင်ရမ်းသောရောဂါ ဖြစ်ပွားနိုင်ချေကို မြင့်စေပါသည်။

    • အချို့သူများသည် အသက်၃၀မတိုင်ခင် ဤရောဂါကို တွေ့ရှိကြသော်လည်း အချို့မှ အသက်၅၀ကျော် ၆၀မှသာတွေ့ရခြင်း
    • မိသားစု မျိုးရိုးထဲတွင် ယင်းရောဂါ ဖြစ်ထားသော ရာဇဝင်ရှိသူတွင် ဖြစ်နိုင်ခြေ ပိုများခြင်း
    • ဆေးလိပ်သောက်ခြင်း
    • တိကျသေချာသော ဆက်စပ်မှုကို မတွေ့ရသေးသော်လည်း isotretinoin ဆိုသော ဝက်ခြံပျောက်ဆေး သုံးစွဲသောသူ များတွင် အူရောင်ရမ်းသော ရောဂါပို ဖြစ်ကြခြင်း
    • စတီးရွိုက် မပါသော အကိုက်အခဲပျောက်ဆေးများသည်လည်း ယင်းရောဂါကို ပိုမိုဆိုးရွားစေသလို၊ ရောဂါဖြစ်နှုန်းကိုလည်း တိုးစေခြင်း
    • အဆီများသော အစားအစာများ၊ ပြန်လည် ပြုပြင်ထားသော အစားအစာ စားသုံးသူများတွင် ပိုမိုတွေ့ရှိရခြင်း

    Inflammatory bowel disease (IBD) (အူရောင်ရမ်းသောရောဂါ) ကို ဘယ်လိုအတည်ပြုပါသလဲ

    အူရောင်ရမ်းသောရောဂါ ဟုတ်မဟုတ် အတည်ပြုနိုင်ရန် ရောဂါ လက္ခဏာများကို မေမြန်းခြင်း၊ အူအတက်ရောင်ရမ်းခြင်း၊ အူမကြီးကင်ဆာ စသော ရောဂါလက္ခဏာ ဆင်တူသည့် အခြားသောရောဂါများမှ ခွဲခြားနိုင်ရန် အောက်ပါစမ်းသပ်မှုများထဲမှ လိုသလိုပြုလုပ်ရန် ညွှန်ကြားပါလိမ့်မည်။

    သွေးစစ်ဆေးခြင်း။ ။ သွေးစစ်ဆေးခြင်းတွင် သွေးအားနည်းခြင်း ရှိမရှိ စစ်ဆေးခြင်းနှင့် သွေးတွင် ပိုးဝင်ခြင်း လက္ခဏာရှိမရှိကို စစ်ဆေးပါမည်။

    ဝမ်းတွင်သွေးပါမပါ စစ်ဆေးခြင်း။ ။ ဝမ်းနမူနာယူ၍ သာမန်မျက်စိနှင့် မမြင်နိုင်သော သွေးစများ ပါမပါကို စစ်ဆေးပါမည်။

    အူလမ်းကြောင်း မှန်ပြောင်းကြည့်ခြင်း။ ။ သင်၏အူမကြီး တစ်လျှောက်ကို မှန်ပြောင်းဖြင့် ကြည့်ပြီးနောက် ယင်းမှန်ပြောင်းမှ တဆင့် အသားစယူပြီး ဓာတ်ခွဲခန်းသို့ ပို့ကာ စစ်ဆေးပါလိမ့်မည်။ အကယ်၍ ယင်းအသားစတွင် granulomasဟု ခေါ်သော ရောင်ရမ်းခြင်းကို ပြသသည့် ဆဲလ်များ တွေ့ရှိရပါက Crohn’s disease (ခရုမ်းရောဂါ) ကိုအတည်ပြု နိုင်ပါမည်။

    အူမကြီးမှန်ပြောင်းကြည့်ခြင်း။ ။ sigmoid colon ဟုခေါ်သော အူမကြီး၏ နောက်ဆုံးပိုင်းကို သီးသန့်စစ်ဆေးသော မှန်ပြောင်းဖြင့်လည်း အသားစယူ စစ်ဆေးနိုင်ပါသည်။

    အစာအိမ်နှင့် အူလမ်းကြောင်းမှန်ပြောင်းကြည့်ခြင်း။ ။ ဤနည်းလမ်းတွင် မှန်ပြောင်းကို ပါးစပ်မှတဆင့် မျိုချရပြီး အစာရေမျိုပြွန်၊ အစာအိမ်နှင့် အူသိမ် အပေါ်ပိုင်းကို စစ်ဆေးကြည့်ရှုနိုင်ပါသည်။ Crohn’s disease(ခရုမ်းရောဂါ) အတွက် စစ်ဆေးရာတွင်မှု အသုံးသိပ်မဝင်လှသော်လည်း ပျို့ခြင်း၊ အန်ခြင်း၊ မျိုချရန်ခက်ခဲခြင်း၊ ရင်ညွန်အောင့်ခြင်း စသည့် လက္ခဏာများ ရှိလျင်မှု စစ်ဆေးရပါမည်။

    Inflammatory bowel disease (IBD) (အူရောင်ရမ်းသောရောဂါ)

    ဆေးတောင့်မြို၍ စစ်ဆေးခြင်း။ ။ Crohn’s disease(ခရုမ်းရောဂါ) ကို စစ်ဆေးအတည်ပြုရန် သုံးကြပါသည်။ ကင်မရာပါသော ဆေးတောင့်ကို မြိုချပြီး ယင်းကင်မရာမှ ပုံရိပ်ကို ကွန်ပြူတာဖြင့် ကြည့်ရှုကာ ရောင်ရမ်းနေသော အူအစိတ်အပိုင်းကို ကြည့်ရှုနိုင်ပါသည်။ သို့သော် မှန်ပြောင်းဖြင့် အသားစယူကာ ထပ်မံစစ်ဆေးရန် လိုအပ်ပါသည်။

    နှစ်ထပ်ဘောလုံးပါသော မှန်ပြောင်းဖြင့် စစ်ဆေးခြင်း။ ။ အစာအိမ်နှင့် အူလမ်းကြောင်းကို စစ်ဆေးသော မှန်ပြောင်း မရောက်နိုင်သော အူအစိတ်အပိုင်းအထိ ရောက်ရှိနိုင်သော မှန်ပြောင်းအမျိုးအစား တစ်မျိုးကို အသုံးပြု စစ်ဆေးခြင်း ဖြစ်ပြီး ဆေးတောင့်မြို၍ တွေ့သော နေရာကို အသားစယူရန် အသုံးပြုကြပါသည်။

    ပုံရိပ်ဖော် နည်းပညာများ

    ရိုးရိုးဓာတ်မှန်။ ။ ပြင်းထန်သော လက္ခဏာများ ခံစားနေရလျှင် အန္တရာယ်ရှိသော ရောဂါများ (ဥပမာ။ အူပေါက်ခြင်း) ရှိမရှိ သိနိုင်ရန် အသုံးပြုသည်။

    ကွန်ပြူတာ ဓာတ်မှန်။ ။ ရိုရိုးဓာတ်မှန်ထက် ပိုမိုတိကျသော အဖြေကို ပေးနိုင်ပါသည်။ အူလမ်းကြောင်း တစ်ခုလုံးကို ပုံရိပ်ဖော် စစ်ဆေးနိုင်သော နည်းပညာဖြစ်ပြီး အူသိမ်ပိုင်းများ၏ အခြေအနေကို တိကျသော ပုံရိပ်များ ထုတ်ပေးနိုင်ပါသည်။

    သံလိုက်ဓာတ်မှန်။ ။ ကွန်ပြူတာ ဓာတ်မှန်နှင့် မတူဘဲ ဓာတ်ရောင်ခြည်အန္တရာယ်မရှိသည့် ပုံရိပ်ဖော်နည်းပညာဖြစ်ပြီး စအိုအနီးတဝိုက် အက်ကွဲကြောင်းများ ရှိမရှိနှင့် အူသိမ်ပိုင်း ရောဂါရှာဖွေရာတွင် အသုံးပြု ကြပါသည်။

    Inflammatory bowel disease (IBD) (အူရောင်ရမ်းသောရောဂါ) ကို ဘယ်လိုကုသပါသလဲ

    အူရောင်ရမ်းသောရောဂါကို များစွာသော ကုသနည်းများဖြင့် လိုအပ်သလို အသုံးပြု ကုသနိုင်ပါသည်။

    • အရောင်ကျဆေးများသည် ကနဦးကုသမှုများ အတွက် အသုံးဝင်ပါသည်။
    • ကိုယ်ခံအားထိန်းညှိပေးသော ဆေးများကို ကိုယ်ခံအား စနစ်ဖောက်ပြန်မှုကြောင့် ဖြစ်သော အူရောင်ရမ်းခြင်းများတွင် အသုံးပြုကြပါသည်။ သို့သော် ဘေးထွက်ဆိုးကျိုးအနေဖြင့် ကိုယ်ခံအား ကျဆင်းတတ်ပါသည်။
    • ဝမ်းပိတ်ဆေးများနှင့် ဝမ်းပျော့ဆေးများကို လူနာအခြေအနေပေါ် မူတည်ပြီး လိုအပ်သလို အသုံးပြုရပါသည်။
    • ဗီတာမင်နှင့် သတ္တုဓာတ်များ ပါသော အားဆေးများသည် သွေးအားနည်း လက္ခဏာများကို သက်သာစေနိုင်ပါသည်။

    ခွဲစိတ်ကုသခြင်းများ ကိုလည်း လိုအပ်သလို လုပ်ဆောင်ရပါမည်။ အူကျဉ်းသော ဝေဒနာသည်များတွင် ပြန်ချဲ့ခြင်း၊ စအိုကွဲခြင်းတွင် ပြန်ပိတ်ခြင်း၊ Crohn’s disease(ခရုမ်းရောဂါ) တွင် ရောဂါဖြစ်နေသော အူအစိတ်အပိုင်းကို ဖြတ်ထုတ်ပစ်ခြင်း၊ ပြင်းထန်သော Ulcerative colitis (အနာဖြစ်သော အူရောင်ရမ်းခြင်း) တွင် အူမကြီးနှင့် အစာဟောင်းအိမ် တစ်ခုလုံးကို ဖြတ်တောက်ပစ်ရခြင်းတို့ကို လိုအပ်သလို ပြုလုပ်ရပါသည်။

    အူရောင်ရမ်းသော ရောဂါသည် ကင်ဆာရောဂါသို့ ပြောင်းတတ်သဖြင့် မှန်ပြောင်းကြည့် စစ်ဆေးခြင်းကို ပုံမှန်ပြုလုပ်သင့်ပါသည်။

    လူနေမှုပုံစံပြောင်းလဲခြင်းနဲ အိမ်သုံးကုထုံးများ

    အစားအသောက်။ ။ အူရောင်ရမ်းသောရောဂါကို ဖြစ်စေသော အစားအသောက်ဟူ၍ မရှိပါ။ သို့သော် ရောဂါကြွလာချိန်တွင် အချို့ အစားအစာနှင့် အချိုရည်များသည် ရောဂါ လက္ခဏာကို ပိုမိုဆိုးရွားစေပါသည်။ ထို့ကြောင့် ရောဂါကြွချိန်တွင်

    • နို့ထွက်ပစ္စည်းများ လျှော့စားသုံးခြင်း။ ဤသို့ စားသုံးခြင်းသည် ဝမ်းပျက်ခြင်း၊ ဗိုက်နာခြင်းနှင့် လေပွခြင်းကို သက်သာစေပါသည်။
    • ဆီပါဝင်မှုလျှော့ခြင်း။ ဆီပါဝင်သော အစားအစာများသည် Crohn’s disease (ခရုမ်းရောဂါ) တွင် ဝမ်းပျက်ခြင်းကို ပိုဆိုးစေသဖြင့် လျော့စားပါ။
    • အမျှင်ဓာတ်ပါဝင်သော အစာများကို လျော့ခြင်း။ ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံ အများစုမှာ အမျှင်ဓာတ်ပါဝင်မှုများပြားသောကြောင့် ဝမ်းပမာ ဏကို များပြားစေပါသည်။
    • အပူအစပ်၊ ကော်ဖီနှင့် အရက်သေစာများကလည်း ရောဂါကို ပိုဆိုးစေပါသည်။
    • အစာကို အကြိမ်ရေများများနှင့် ပမာဏနည်းနည်းသာ စားသောက်ခြင်း ကလည်း သင့်ရောဂါကို သက်သာစေပါမည်။
    • အရည်များများသောက်ပါ။ အရည်ဟု ဆိုသော် ရိုးရိုးရေကိုသာ သောက်သုံးသင့်သည်။ အရက်နှင့် ကဖင်းဓာတ်ပါသောဖျော်ရည်များသည် အူလမ်းကြောင်း လှုပ်ရှားမှုကို ပိုများစေသဖြင့် ဝမ်းသွားစေပါလိမ့်မည်။ ထိုနည်းတူ gasပါသော အရည်များကြောင့်လည်း လေပွခြင်းပိုဆိုးနိုင်ပါသည်။
    • ဗီတာမင်အားဆေးများ သောက်ပါ။ ခရုမ်းရောဂါတွင် အူမှ အစာစုပ်ယူမှုကို ဟန့်တားသဖြင့် လိုအပ်သော အဟာရကို အားဆေးများမှ အထောက်အကူ ပေးပါလိမ့်မည်။ သို့သော် ဆေးမသောက်ခင် ဆရာဝန်နှင့် တိုင်ပင်ပါ။
    • အာဟာရဆရာဝန်နှင့် ဆွေးနွေးပါ။ သင်သည် ရောဂါကြောင့် ကိုယ်အလေးချိန် ကျဆင်းခြင်း ဖြစ်လာနိုင်သဖြင့် သင်နေထိုင်စားသောက်ရမည့် ပုံစံကို အဟာရဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးပါ။
    • ဆေးလိပ်ဖြတ်ပါ။ ခရုမ်းရောဂါတွင်ဆေးလိပ်သောက်ခြင်းကြောင့် ရောဂါပြန်ကြွနိုင်သည့် အပြင် ထပ်မံခွဲစိပ်မှုခံယူရန်အထိ ဖြစ်လာနိုင်ပါသည်။ ဆေးလိပ်ကြောင့် Ulcerative colitis (အနာဖြစ်သော အူရောင်ရမ်းခြင်း)ကို ကာကွယ်နိုင်သည်ဟု ဆိုကြသော်ငြားလည်း ကောင်းကျိုးထက် ဆိုးကျိုးပိုများ သောကြောင့် ဆေးလိပ်ဖြတ်ပါ။
    • စိတ်ဖိစီးမှုများကို လျှော့ချပါ။ လူနာအများစုသည် စိတ်ဖိစီးမှုများချိန်တွင် ရောဂါပိုဆိုးလာတတ်ကြောင်းကို တွေ့ရှိရပါသည်။ ထို့ကြောင့် စိတ်ဖီစီးမှုကို လျော့ကျစေရန် အောက်ပါ အချက်များကို ပြုလုပ်ပါ။

    -ပေါ့ပေါ့ပါးပါး ကိုယ်လက်လေ့ကျင့်ခန်း လုပ်ခြင်းသည် စိတ်ဖိစီးမှုကို လျော့ကျစေရုံမျှမက အူလမ်းကြောင်း လှုပ်ရှားမှုကို ကောင့်မွန်စေပါသည်။

    -စိတ်လေ့ကျင့်ခန်းများသည်လည်း စိတ်ဖိစီးမှုကို လျော့ပါးစေရုံသာမက ကြွက်သားများကို ပြေလျော့စေပြီး နှလုံးကျန်းမာရေးအတွက် ကောင်းမွန်ပါ သည်။

    -တရားထိုင်ခြင်းနှင့် ယောဂကဲ့သို့ လေ့ကျင့်ခန်းများ ပြုလုပ်ခြင်းသည်လည်း စိတ်အပန်းပြေစေနိုင်သလို စာဖတ်ဝါသနာပါသူများအဖို့ အနားယူ စာဖတ်ခြင်းသည်လည်း ကောင်းကျိုးများ ရရှိန်ုင်ပါသည်။

    Takeaways

    အူရောင်ရမ်းသောရောဂါ သည်  နာတာရှည် ရောဂါဖြစ်ပြီး Crohn’s diseaseနဲ့ Ulcerative colitis ဆိုပြီး နှစ်မျိုးရှိပါတယ်။ ဆေးကုသရုံတင်မက နေထိုင်စားသောက်ပုံပါ ဂရုစိုက်မယ်ဆိုရင် ရောဂါကို ထိန်းချုပ်နိုင်မှာပါ။

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Phyo Wai Lynn


    Hello Sayarwon မှ ရေးသားသည်။ · 18/01/2021 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement