backup og meta

ခရုန်းရောဂါ အကြောင်း တစေ့တစောင်း


Dr. Thiha Phyo Myint မှ ရေးသားသည်။ · 25/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ခရုန်းရောဂါ အကြောင်း တစေ့တစောင်း

    Crohn’s disease ခရုန်းရောဂါ ဆိုတာဘာလဲ။

    Crohn’s disease ဆိုတာဟာ အစာချေအင်္ဂါအဖွဲ့အစည်းရဲ့ အတွင်းဖက်နံရံတွေကို ရောင်ရမ်းစေတဲ့ ရောဂါတမျိုး ဖြစ်ပါတယ်။ အစာချေလမ်းကြောင်းတလျှောက်လုံး (ပါးစပ်က စလို့ စအိုဝအထိ) ကို ရောင်ရမ်းစေတာဖြစ်ပေမယ့် အဓိကအားဖြင့် အူသိမ်အဆုံးပိုင်း ဒါမှမဟုတ် အူမကြီးတို့ကို အများဆုံး ထိခိုက်စေလေ့ ရှိပါတယ်။

    Crohn’s disease ဟာ ဘယ်လောက်ထိ အဖြစ်များသလဲ။

    Crohn’s disease ဟာ အမျိုးသားတွေနဲ့ အမျိုးသမီးတွေမှာ တန်းတူပဲ ဖြစ်ပွားလေ့ရှိပြီး အသက်အရွယ်မရွေး ဖြစ်ပွားနိုင်ပါတယ်။ ဒါပေမယ့် ဆယ်ကျော်သက်အရွယ်တွေနဲ့ လူငယ်၊လူလတ်ပိုင်းတွေ (အသက် ၁၅နှစ်ကနေ ၃၅နှစ်လောက်အထိ)မှာ ပိုပြီးဖြစ်ပွားလေ့ရှိပါတယ်။ ရောဂါ ဖြစ်ပွားစေတဲ့ အချက်တွေကို လျှော့ချခြင်းအားဖြင့် Crohn’s disease ကို ကာကွယ်နိုင်ပါတယ်။ အသေးစိတ် ထပ်မံသိလိုတာတွေရှိရင် သင့်ဆရာဝန်နဲ့ တွေ့ဆုံဆွေးနွေးပါ။

    Crohn’s disease ရဲ့ ရောဂါလက္ခဏာတွေက ဘာလဲ။

    အတွေ့ရများတဲ့ ရောဂါလက္ခဏာတွေက အောက်ပါအတိုင်း ဖြစ်ပါတယ်။

    ဝမ်းလျှောခြင်း။

    ဗိုက်နာခြင်း။

    ကိုယ်အလေးချိန်ကျဆင်းခြင်း။

    ဝမ်းထဲမှာ သွေးနဲ့ အကျိအချွဲများ ပါလာခြင်း။

    အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာ ရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီး စိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

    ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်ပြသသင့်ပါသလဲ။

    သင့်မှာ အောက်ဖော်ပြပါအချက်အလက်တွေထဲက တစ်ခုခုရှိခဲ့ရင် သင့်ဆရာဝန်နဲ့ ဆက်သွယ်သင့်ပါတယ်။

    ဗိုက်နာခြင်း။

    ဝမ်းသွား သွေးပါခြင်း။

    ဝမ်းလျှောခြင်းကို ဆရာဝန်ဆေးစာမလိုဘဲ ဝယ်လို့ရတဲ့ဆေးတွေနဲ့ ကုသလို့ မသက်သာခြင်း။

    နှစ်ရက်လောက် ဖျားနေခြင်း။

    အကြောင်းရင်း ထူးထူးခြားခြား မရှိဘဲ ကိုယ်အလေးချိန်ကျသွားခြင်း။

    သင့်ဆီမှာ အထက်ဖော်ပြပါ ရောဂါလက္ခဏာတွေထဲက တစ်ခုခုများရှိနေမယ်ဆိုရင် ဒါမှမဟုတ် မေးခွန်းတစ်ခုခုရှိနေမယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။ လူတိုင်းရဲ့ခန္ဓါကိုယ်တုံ့ပြန်မှုဟာ မတူညီနိုင်ပါဘူး။ သင့်အခြေအနေအတွက် ဘာအကောင်းဆုံးလဲဆိုတာကို သင့်ဆရာဝန်နဲ့ တိုင်ပင်တာက အကောင်းဆုံးပါပဲ။

    Crohn’s disease ဘာလို့ဖြစ်တာလဲ။

    ခုခံအားစနစ်

    ဗိုင်းရပ်စ် ဒါမှမဟုတ် ဘက်တီးရီးယားတွေက Crohn’s disease ဖြစ်အောင် နှိုးဆွပေးနိုင်ပါတယ်။ ခန္ဓါကိုယ်ထဲ ဝင်ရောက်လာတဲ့ ပိုးမွှားတွေကို ခုခံအားစနစ်က တိုက်ထုတ်ဖို့ ကြိုးစားတဲ့အခါ မူမမှန်တုန့်ပြန်မှုတွေဖြစ်လာပြီး အစာချေလမ်းကြောင်းမှာရှိတဲ့ ဆဲလ်တွေကို တိုက်ခိုက်ပါတော့တယ်။

    မျိုးရိုးဗီဇ

    Crohn’s disease ဖြစ်နေတဲ့ မိသားစုဝင်ရှိသူတွေမှာ ဒီရောဂါဟာ ပိုအဖြစ်များတဲ့အတွက် မျိုးရိုးဗီဇဟာလည်း အရေးကြီးတဲ့ အခန်းကဏ္ဍကနေ ပါဝင်နေပါတယ်။ ဒါပေမယ့် Crohn’s disease ခံစားနေရသူ အများစုမှာ ဒီရောဂါမျိုးရိုးမရှိပါဘူး။

    ဖြစ်ပွားစေနိုင်ချေကို မြင့်စေသည့် အကြောင်းရင်းများ။

    ဘယ်အရာတွေက Crohn’s disease ဖြစ်ပွားနိုင်ချေကိုမြင့်စေပါသလဲ။

    Crohn’s disease ဖြစ်ပွားနိုင်ချေကိုမြင့်စေတဲ့အကြောင်းရင်းတွေ အများကြီးရှိပါတယ်။ ဥပမာအားဖြင့်

    · အသက် : Crohn’s disease ဟာ အသက်အရွယ်မရွေး ဖြစ်ပွားနိုင်တယ်ဆိုပေမယ့် ငယ်ရွယ်သူတွေမှာ ပိုပြီး အဖြစ်များပါတယ်။

    · လူမျိုး : အရှေ့ဥရောပသားတွေ၊လူဖြူတွေနဲ့ ဂျူးလူမျိုးတွေမှာ ဒီရောဂါ ဖြစ်နိုင်ချေပိုများပါတယ်။

    · မျိုးရိုးရှိခြင်း : မိဘ၊မွေးချင်း ဒါမှမဟုတ် သင့်ကလေးမှာ ဒီရောဂါရှိတယ်ဆိုရင် သင်လည်း Crohn’s disease ဖြစ်ဖို့ အခွင့်အလမ်း များပါတယ်။

    · ဆေးလိပ်သောက်ခြင်း : ဆေးလိပ်သောက်ခြင်းဟာ Crohn’s disease ဖြစ်ပွားဖို့အတွက် အရေးကြီးတဲ့ အကြောင်းရင်းတရပ် ဖြစ်ပါတယ်။

    · စတီးရွိုက်မဟုတ်သော အကိုက်အခဲ ပျောက်ဆေးများ : ibuprofen, naproxen sodium, diclofenac sodium အစရှိတဲ့ စတီးရွိုက်မဟုတ်သော အကိုက်အခဲ ပျောက်ဆေးတွေဟာ အူလမ်းကြောင်းရောင်ရမ်းမှုကို ဖြစ်စေတဲ့အတွက် Crohn’s disease ကို ပိုဆိုးစေပါတယ်။

    · နေထိုင်ရာ နေရာဒေသ : မြို့ပြမှာ နေထိုင်သူတွေ၊မြောက်ပိုင်းရာသီဥတုမှာ နေထိုင်သူတွေ နဲ့ စက်မှုဖွံ့ဖြိုးပြီးနိုင်ငံတွေမှာ နေထိုင်သူတွေဟာ Crohn’s disease ဖြစ်ပွားဖို့ အခွင့်အလမ်း များပါတယ်။

    · အစားအသောက် : အဆီများတဲ့ အစားအသောက်တွေကို စားရင်လည်း Crohn’s disease ဖြစ်လာနိုင်ပါတယ်။

    ရောဂါအဖြေရှာခြင်းနှင့် ကုသခြင်း

    ယခုဖော်ပြထားသည့် အချက်အလက်များမှာ ဆေးပညာဆိုင်ရာကျွမ်းကျင်သူ၏ အကြံပေးချက်များနေရာတွင် အစားထိုးရန် မသင့်တော်ပါ။ ဆက်လက်သိရှိလိုသောအချက်အလက်များအတွက် သင့်ရဲ့ဆရာဝန်နဲံ အမြဲတိုင်ပင်ဆွေးနွေးပါ။

    Crohn’s disease ဟုတ်မဟုတ်ကို ဘယ်လိုအဖြေရှာအတည်ပြုသလဲ။

    သွေးစစ်ခြင်း

    · ခန္ဓါကိုယ်ထဲမှာ ရောင်ရမ်းခြင်း ဖြစ်စဉ်ဘယ်လောက်ဆိုးရွားနေသလဲ သိရှိနိုင်ပါတယ်။

    · သင့်မှာ ပိုးကူးစက်ခံနေရခြင်း ရှိမရှိ သိနိုင်ပါတယ်။

    · သွေးအားနည်းနေလား သိနိုင်ပါတယ် (သွေးအားနည်းခြင်းဟာ အာဟာရမပြည့်ဝတာ ဒါမှမဟုတ် အူလမ်းကြောင်းကနေ သွေးတွေ ဆုံးရှုံးတာကို ဖော်ပြနေပါတယ်)။

    ဝမ်းနမူနာစစ်ဆေးခြင်း

    သင့်အနေနဲ့ ဝမ်းနမူနာကို ဓါတ်ခွဲခန်းဆီ ယူသွားရပါမယ်။ ဒါမှသာ ဆရာဝန်တွေအနေနဲ့ ဝမ်းထဲမှာရှိတဲ့ သွေးတွေကို စစ်ဆေးနိုင်မှာ ဖြစ်ပါတယ်။

    အခြားသော စစ်ဆေးမှုများ

    · အူမကြီး မှန်ပြောင်းကြည့်ခြင်း : ပါးလျပျော့ပျောင်းပြီး အလင်းထုတ်ပေးနိုင်ကာ ကင်မရာနဲ့ တွဲထားတဲ့ ပြွန်အသေးစားလေးကို အသုံးပြုပြီး သင့်အူမကြီးအရှေ့ပိုင်း တခုလုံးကို ဆရာဝန်က သေချာစွာ ကြည့်ရှုစစ်ဆေးမှာ ဖြစ်ပါတယ်။ သင့်ဆရာဝန်အနေနဲ့ မှန်ပြောင်းကြည့်ရင်း အသားစနမူနာပါ ယူနိုင်ပြီး ဓါတ်ခွဲစစ်ဆေးမှုတွေ ဆက်လက်ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။

    · Flexible sigmoidoscopy : ဒီစစ်ဆေးမှုမှာလည်း သွယ်လျပျော့ပျောင်းပြီး အလင်းထုတ်ပေးနိုင်တဲ့ ပြွန်လေးကိုသုံးကာ အူမကြီးရဲ့ အစိတ်အပိုင်းတခုကို ကြည့်ရှုစစ်ဆေးမှာ ဖြစ်ပါတယ်။

    · Capsule endoscopy လို့ခေါ်တဲ့ မှန်ပြောင်းကြည့်နည်း တမျိုးကလည်း ရောဂါအဖြေရှာပေးနိုင်ဖို့ ကူညီပေးမှာပါ။

    · Double-balloon endoscopy : ပုံမှန် အူလမ်းကြောင်းကြည့်မှန်ပြောင်း မရောက်နိုင်တဲ့ အူသိမ်နေရာတွေကို တွေ့မြင်နိုင်ဖို့အတွက် ပိုရှည်တဲ့ မှန်ပြောင်းကို အသုံးပြုပါတယ်။Capsule endoscopy သုံးပြီး စစ်ဆေးတဲ့အခါ မူမမှန်တာတွေကို တွေ့နေရပေမယ့် ရောဂါကို တိတိကျကျ အဖြေမထုတ်နိုင်သေးတဲ့အခြေအနေမျိုးမှာ ယခုနည်းလမ်းက အသုံးဝင်ပါတယ်။

    · Computerized tomography (CT) scan.

    · Magnetic resonance imaging (MRI)

    · အူသိမ်ကို ဓါတ်မှန်ရိုက်ခြင်း : အူလမ်းကြောင်းကြည့်မှန်ပြောင်းနဲ့ မရောက်နိုင်တဲ့ နေရာတွေကို ကြည့်ရှုစစ်ဆေးနိုင်ဖို့အတွက် ဓါတ်မှန်ရိုက်ခြင်း နည်းလမ်းကို အသုံးပြုပါတယ်။barium ပါဝင်တဲ့ အရည်ကိုသောက်ပြီးနောက်မှာ သင့်အူသိမ်ကို ဓါတ်မှန်ရိုက်မှာ ဖြစ်ပါတယ်။

    Crohn’s disease ကို ဘယ်လိုကုသမလဲ။

    ရောင်ရမ်းခြင်းကို သက်သာစေတဲ့ ဆေးများ

    ဒီဆေးတွေဟာ Crohn’s disease ကဲ့သို့သော အူလမ်းကြောင်းရောင်ရမ်းတဲ့ ရောဂါတွေကို ကုသရာမှာ ပထမဆုံးခြေလှမ်းဖြစ်ပါတယ်။

    Oral 5-aminosalicylate

    · အူမကြီးအရှေ့ပိုင်းရောင်ရမ်းတာကို သက်သာစေပါတယ် : sulfasalazine, mesalamine

    · ဘေးထွက်ဆိုးကျိုးများ : ပျို့အန်မအီမသာဖြစ်ခြင်း၊ဝမ်းလျှောခြင်း၊ရင်ပူခြင်း၊ခေါင်းကိုက်ခြင်း။

    ကော်တီကိုစတီးရွိုက်

    · မျက်နှာဖောရောင်ခြင်း၊မျက်နှာမှာ အမွှေးအမျှင်ထူခြင်း၊ညဖက်ချွေးထွက်ခြင်း၊အိပ်မပျော်ခြင်း၊တက်ကြွလွန်းနေခြင်း၊သွေးပေါင်တက်ခြင်း၊အရိုးပွခြင်း၊အတွင်းတိမ်၊ရေတိမ်ဖြစ်ခြင်း အစရှိတဲ့ ဘေးထွက်ဆိုးကျိုး များစွာ ရှိပါတယ်။

    · ဒါကြောင့် တခြားဆေးတွေနဲ့ ကုသလို့မရတော့မှ ဒီစတီးရွိုက်ဆေးတွေကို အသုံးပြုပါတယ်။

    ခုခံအားစနစ်ကို ဖိနှိပ်သော ဆေးများ

    ဒီဆေးတွေဟာ ရောင်ရမ်းတာတွေကို လျှော့ချဖို့အတွက် ခုခံအားစနစ်ကို အဓိက ပစ်မှတ်ထားပြီး အာနိသင်ပြပါတယ်။ အချို့လူနာတွေမှာဆိုရင် ဆေးတမျိုးတည်းသုံးတာထက် ဆေးတွေကို ပေါင်းစပ်ပြီး သုံးတာက ပိုပြီး အကျိုးရှိပါတယ်။ ခုခံအားစနစ်ကို ဖိနှိပ်သော ဆေးတွေက Azathioprine, mercaptopurine, Infliximab, adalimumab, certolizumab pegol, Methotrexate, Cyclosporine and tacrolimus, Natalizumab, vedolizumab, Ustekinumab အစရှိတဲ့ ဆေးတွေပဲ ဖြစ်ပါတယ်။

    ပဋိဇီဝပိုးသတ်ဆေးများ

    ပိုးသတ်ဆေးတွေကို အသုံးပြုခြင်းအားဖြင့် ပြည်ဖောက်ထုတ်ရခြင်းတွေကို လျော့နည်းစေပြီး fistulas လို့ ခေါ်တဲ့ မူမမှန်အပေါက်လေးတွေဖြစ်ခြင်းနဲ့ ပြည်တွေကို သက်သာပျောက်ကင်းစေပါတယ်။(ဥပမာ Metronidazole, Ciprofloxacin)

    အခြားဆေးများ

    ရောင်ရမ်းတာကို ထိန်းချုပ်ခြင်းအပြင် အခြားသော ရောဂါလက္ခဏာတွေကို သက်သာစေမယ့် ဆေးတွေကိုလည်း အသုံးပြုနိုင်ပါတယ်။ ဒါပေမယ့် အဆိုပါဆေးတွေကို အသုံးမပြုခင် ဆရာဝန်နဲ့ အရင်တိုင်ပင်ရပါမယ်။

    · ဝမ်းလျှောရောဂါမှာ သုံးတဲ့ဆေးတွေ : psyllium powder (Metamucil) ,methylcellulose (Citrucel), loperamide (Imodium) တို့ကို အသုံးပြုနိုင်ပြီး အဆိုပါဆေးတွေကို အသုံးမပြုခင် ဆရာဝန်နဲ့ အရင်တိုင်ပင်ရပါမယ်။

    · အကိုက်အခဲပျောက်ဆေးတွေ : ဒီဆေးတွေကတော့ သင့်ရောဂါလက္ခဏာတွေကို ပိုဆိုးလာစေနိုင်တဲ့အတွက် ရောဂါကိုလည်း ပိုဆိုးစေပါတယ်။

    · သံဓါတ်အားဆေးတွေ : သင့်အူလမ်းကြောင်းကနေ ကာလကြာရှည် သွေးယိုစီးမှုတွေ ရှိမယ်ဆိုရင်တော့ သင့်အနေနဲ့ သံဓါတ်ချို့တဲ့ သွေးအားနည်းရောဂါ ရနေနိုင်ပါတယ်။ ဒါကြောင့် သံဓါတ်အားဆေးတွေ သောက်ဖို့ လိုပါလိမ့်မယ်။

    · ဗီတာမင် B12 ထိုးဆေးတွေ : သွေးအားနည်းရောဂါကို ကာကွယ်ပေးပြီး ပုံမှန်အတိုင်း ကြီးထွားဖွံ့ဖြိုးမှုကို အားပေးကာ အာရုံကြောတွေကိုလည်း အားကောင်းစေပါတယ်။

    · ကယ်လ်ဆီယမ်နဲ့ ဗီတာမင် D အားဖြည့်ဆေးတွေ : ဒီဆေးတွေကို ဘာလို့သုံးစွဲသင့်သလဲဆိုတော့ Crohn’s disease ကိုယ်တိုင်နဲ့ သူ့ကို ကုသဖို့အသုံးပြုတဲ့ စတီးရွိုက်တွေက အရိုးပွတာ ဖြစ်စေနိုင်လို့ပဲ ဖြစ်ပါတယ်။

    အာဟာရဓါတ်ဖြည့်တင်းပေးခြင်း

    နှာခေါင်းပိုက် ဒါမှမဟုတ် သွေးကြောထဲ အရည်သွင်းပေးခြင်းကနေ အာဟာရဓါတ် ပေးနိုင်ပါတယ်။ ဒီလိုပေးခြင်းအားဖြင့် အာဟာရလုံလုံလောက်လောက် ရနိုင်သလို အူလမ်းကြောင်းကိုလည်း အနားပေးပြီးသား ဖြစ်သွားပါတယ်။ အူလမ်းကြောင်း အနားပေးခြင်းဟာ ရောင်ရမ်းခြင်းတွေကို ယာယီသက်သာစေပါတယ်။

    သင့်ဆရာဝန်အနေနဲ့ အာဟာရဓါတ်ယာယီဖြည့်တင်းတင်းပေးခြင်းနဲ့ ဆေးဝါးကုသခြင်း (ခုခံအားစနစ်ကို ဖိနှိပ်တဲ့ ဆေးတွေပေးခြင်း) တို့ကို ပူးတွဲလုပ်ဆောင်နိုင်ပါတယ်။ အူပိတ်တာကိုကာကွယ်နိုင်ဖို့အတွက် ။ နှာခေါင်းပိုက်ကပေးတဲ့ အရည်ထဲမှာ အမှုန်လေးတွေ နည်းနိုင်သမျှ နည်းဖို့နဲ့ အမျှင်ဓါတ်နည်းဖို့ သင့်ဆရာဝန်က အကြံပြုပါလိမ့်မယ်။

    ခွဲစိတ်မှု

    အစားအသောက်၊အနေအထိုင်ပြောင်းလဲတာ၊ဆေးဝါးကုသတာ ဒါမှမဟုတ် အခြားကုသမှုတွေနဲ့ မသက်သာတဲ့အခါ ခွဲစိတ်မှုပြုလုပ်ဖို့ သင့်ဆရာဝန်က အကြံပြုပါလိမ့်မယ်။

    လူနေမှုပုံစံပြောင်းလဲခြင်းနှင့် အိမ်သုံးကုထုံးများ။

    လူနေမှုပုံစံပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးတွေအသုံးပြုခြင်းက Crohn’s disease ကို ကုသရာမှာ ဘယ်လိုအထောက်အကူပြုနိုင်မလဲ။

    အောက်ဖော်ပြပါ လူနေမှုပုံစံများနဲ့ အိမ်သုံးကုထုံးများက သင့်အနေဖြင့် Crohn’s disease ကိုကုသတဲ့နေရာမှာနဲ့ လိုက်လျောညီထွေဖြစ်အောင်နေတဲ့နေရာတွေမှာ အကူအညီပေးနိုင်ပါတယ်။

    · အစားအသောက် : အဆီအဆိမ့်တွေ လျှော့စားပါ။ အမျှင်ဓါတ်တွေ စားပေးပါ။ သင့်ရောဂါလက္ခဏာတွေကို ပိုဆိုးစေနိုင်မယ့် အစားအစာတွေဖြစ်တဲ့ အပူအစပ်၊အရက် နဲ့ ကဖင်းဓါတ်ပါတဲ့ အစားအစာတွေကို ရှောင်ပါ။

    · ထမင်း နှစ်နပ်၊သုံးနပ်ကို အဝကြိတ်တာထက် တခါစားရင် နည်းနည်းချင်းစီနဲ့ ခဏခဏ စားပေးပါ။

    · အရည်များများ သောက်ပါ။

    · Crohn’s disease ဟာ သင့်ခန္ဓါကိုယ်ရဲ့ အာဟာရစုပ်ယူမှုကို နှောင့်ယှက်တဲ့အပြင် သင်ကိုယ်တိုင်ကလည်း အစားအသောက်တွေကို စိစစ်ပြီးစားနေရတဲ့အတွက် ဗီတာမင်အားဆေးတွေနဲ့ သတ္တုဓါတ်အားဆေးတွေဟာ သင့်အတွက် အကျိုးရှိစေမှာပါ။ ဒါပေမယ့် အဆိုပါ ဗီတာမင်နဲ့ သတ္တုဓါတ်အားဆေးတွေကို မသောက်ခင် ဆရာဝန်နဲ့ အရင်တိုင်ပင်ပါ။

    · ဆေးလိပ်သောက်ခြင်းဟာ Crohn’s disease မဖြစ်သေးတဲ့သူကို ဖြစ်စေသလို ဖြစ်ပြီးသားလူနာကိုလည်း ပိုဆိုးလာစေပါတယ်။

    · စိတ်ဖိစီးမှုတွေနဲ့ ရင်ဆိုင်နေရတယ်ဆိုရင် ဖော်ပြပါ နည်းလမ်းလေးတွေကို စမ်းကြည့်ပါ : လေ့ကျင့်ခန်းလုပ်ခြင်း၊biofeedback လို့ခေါ်တဲ့ စိတ်ထိန်းချုပ်မှုကို မြင့်မားလာစေတဲ့ ကုသမှုတမျိုး၊စိတ်ဖြေလျှော့ခြင်း၊အသက်ရှုလေ့ကျင့်ခန်းတွေကို မှန်မှန်လုပ်ပေးခြင်း စသည်။

    အကယ်၍သင့်မှာ မေးခွန်းတွေရှိမယ်ဆိုရင် သင့်အတွက်သင့တော်တဲ့ အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr. Thiha Phyo Myint မှ ရေးသားသည်။ · 25/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement