ကာဗိုဟိုက်ဒရိတ်တွေက ခန္ဓာကိုယ်ထဲမှာ သကြားဓာတ်အဖြစ် ပြောင်းလဲသွားတဲ့အတွက် ဒါတွေကို လျှော့စားသင့်တယ်လို့ ထင်မှတ်ကြတာတွေ ရှိပါတယ်။ မဟုတ်ပါဘူး။ အဲဒီလိုလျှော့စားတဲ့အခါမှသာ ကာဗိုဟိုက်ဒရိတ် စားသုံးမှုတွေ နည်းပြီး အကျိုးပြုအာဟာရဓာတ်တွေကို မရလိုက်ဘဲ ရှိပါလိမ့်မယ်။
ကာဗိုဟိုက်ဒရိတ်တိုင်းကို ရှောင်ရမှာ မဟုတ်တဲ့ အကြောင်းရယ်၊ ဘယ်ဟာတွေကို ပိုစားသင့်ပြီး ဘယ်ဟာတွေကို လျှော့စားသင့်လဲ ဆိုတာကို ဆီးချိုရှိသူတွေအနေနဲ့ သိထားသင့်ပါတယ်။ အမှန်က လုံးဝရှောင်တာထက် ပမာဏအတိုင်းအဆကို ချင့်ချိန်ဖို့သာ အဓိကဖြစ်ပါတယ်။
အသီးအနှံတွေမှာ သကြားဓာတ်ပါလို့ ဆိုပြီးရှောင်ကြပါတယ်။ အသီးတွေမှာ သကြားဓာတ်ပါတာမှန်ပေမယ့် အချို့ကဲပြုပြင်ဖန်တီးထားတဲ့တခြားစားစရာတွေထက်တော့ ပမာဏနည်းပါတယ်။ အသီးအနှံတွေမှာ သကြားဓာတ်နဲ့ အမျှင်ဓာတ်တွေပါဝင်ပါတယ်။ သွေးလည်ပတ်မှုထဲကို အသီးတွေဆီက သကြားဓာတ်ထွက်ရှိမှု နှေးကွေးစေဖို့ အမျှင်ဓာတ်က ကူညီပေးတာပါ။ ဒါ့ကြောင့် အချိုပြင်းလွန်းတဲ့အသီးတွေကလွဲလို့ တခြားအသီးအနှံတွေကို ဆီးချိုသမားတွေ တော်သင့်ရုံ စားလို့ရပါတယ်။
ဆီးချိုပိုဆိုးစေနိုင်တဲ့ တခြားအကြောင်းရင်းတွေကို မသိဘူး၊ သိအောင် မလုပ်ဘူး
စိတ်ဖိစီးမှုနဲ့ စိတ်ဓာတ်ကျခြင်းတွေက သွေးတွင်းသကြားဓာတ်ပမာဏအပေါ် သက်ရောက်မှုမကောင်းပါဘူး။ စိတ်ဖိစီးမှုတာရှည်နေရင် ဟော်မုန်းတွေ ပိုထွက်စေတာကြောင့် အင်ဆူလင်ရဲ့လုပ်ဆောင်ချက်တွေမှာ အနှောင့်အယှက် ဖြစ်စေပါတယ်။ ဒီအခြေအနေမှာ စိတ်ဖိစီးမှုကို ပြေလျော့စေမယ့် ကိုယ်လက်လေ့ကျင့်ခန်းတွေ လုပ်တာနဲ့ တရားထိုင်တာတွေက အထောက်အကူဖြစ်စေပါလိမ့်မယ်။
တစ်ခါတလေ စားတာ ရပါတယ်
ကိုယ်ကြိုက်တာတွေကို ရှောင်ပြီး တစ်ပတ်မှာ ခြောက်ရက်လောက် ချုပ်တည်းစားသောက်ခဲ့တာပဲ၊ ဒီတစ်ခါလေးပဲစားလိုက်မယ် ဘာမှမဖြစ်လောက်ပါဘူးလို့ မတွေးသင့်ပါဘူး။ အမြဲဆင်ခြင်နေရာကနေ သွေးချိုတက်စေမယ့်အရာတွေ အကြိုက်စားလိုက်မယ်ဆိုရင် သွေးတွင်းသကြားဓာတ်က ထိုးတက်သွားနိုင်ပါတယ်။ ဘယ်တော့မဆို ပမာဏမလွန်ကဲဖို့ သတိရှိပါ။