brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

ဆီးချိုဝေဒနာသည်တွေအတွက် အကောင်းဆုံးသော အစားအစာများ

ကမ္ဘာတလွှားမှာ ဆီးချိုရောဂါ ခံစားနေရသူတွေက တစ်နေ့တခြားပိုပိုတိုးလို့လာနေပါတယ်။ တိုးတက်လာတဲ့ လူမှုနေထိုင်မှုပုံစံအစားအသောက်နဲ့ ပတ်ဝန်းကျင်က အကြောင်းအရင်းအမျိုးမျိုးကြောင့်ရော မျိုးရိုးရှိတာကြောင့်ပါ ဆီးချိုရောဂါ ခံစားရတဲ့ အရေအတွက်ဟာ တိုးပွားလို့နေပါတယ်။ ဆီးချိုရောဂါ ဖြစ်တဲ့အခါ စားချင်တိုင်း စားမရတာကြောင့် လူဖြစ်ရှုံးတယ်လို့ အများကထင်တတ်ကြပါတယ်။ နောက်တစ်ခုက ဆီးချိုဖြစ်ပြီဆိုရင် သက်တမ်းစေ့နေနိုင်ဖို့ မဖြစ်နိုင်ဘူး လို့ယူဆကြတာပါ။ တကယ်တော့ ဆီးချိုရောဂါ ရှိသူတွေအနေနဲ့ အနေအထိုင်အစားအသောက်ကို သေချာဂရုစိုက်မယ်ဆိုရင် သာမန်လူတစ်ယောက်နီးပါး ကျန်းကျန်းမာမာနေထိုင်နိုင်ပါတယ်။ ဒါပေမယ့် ဆီးချိုဝေဒနာသည်တွေအတွက် အကောင်းဆုံးသော အစားအစာများ ကို သိထားဖို့တော့ လိုတာပေါ့။

ဆီးချိုဝေဒနာသည်တွေအတွက် အကောင်းဆုံးသော အစားအစာများ

ဆီးချိုရောဂါ ဆိုတာ

ဆီးချိုရောဂါ ဆိုတာက ခန္ဓာကိုယ်က အင်ဆူလင်ကို ကောင်းကောင်းမထုတ်လုပ်နိုင်တာ၊ ကောင်းကောင်းမတုံ့ပြန်နိုင်တာကြောင့်ဖြစ်တဲ့ ပုံမှန်ထက်သွေးတွင်းသကြားမြင့်တက်နေတဲ့ ရောဂါတစ်ခုပေါ့။ ပုံမှန်အားဖြင့်တော့ ပန်ကရိယက စားသုံးလိုက်တဲ့အစားအစာထဲက အချိုဓာတ်နဲ့ အဆီဓာတ်တွေကိုချေဖျက်ပေးဖို့ အင်ဆူလင်ကိုထုတ်ပေးပါတယ်။

ဆီးချိုဖြစ်တဲ့အခါ ပန်ကရိယက အင်ဆူလင်ကို နည်းနည်းပဲထုတ်ပေးတာ ဒါမှမဟုတ် အင်ဆူလင်ကို လုံးဝမထုတ်ပေးတော့တာမျိုး ဖြစ်နိုင်ပါတယ်။ နောက်ဖြစ်နိုင်တဲ့ အချက်တစ်ချက်က ခန္ဓာကိုယ်က အင်ဆူလင်ကို မတုံ့ပြန်တော့တာမျိုးဖြစ်နိုင်ပါတယ်။ အခုချိန်ထိတော့ ဆီးချိုရောဂါကို ပျောက်ကင်းအောင် ကုသလို့မရသေးပါဘူး။ ဆီးချိုရှိသူဝေဒနာသည်တွေအတွက် ကျန်းကျန်းမာမာနေဖို့ဆိုရင် အနေအထိုင် အစားအသောက်တွေကို သေချာဂရုစိုက်ဖို့လိုပါမယ်။

ဆီးချိုရောဂါ အမျိုးအစားများ

ဆီးချိုရောဂါ အမျိုးအစား (၂) နဲ့ ဆီးချိုအကြိုလက္ခဏာတွေကို ကြိုတင်ကာကွယ်လို့ရပါတယ်။ အမျိုးအစား (၂) ဆီးချိုနဲ့ ဆီးချိုရောဂါအကြိုလက္ခဏာတွေခံစားရတဲ့အခါ သွေးတွင်းသကြားဓာတ်ကို သေသေချာချာထိန်းညှိနိုင်ဖို့က တော်တော်လေးအရေးပါပါတယ်။

အရသာရှိတဲ့အစားအသောက်တွေကို လုံးဝမစားရတာမျိုးမဟုတ်ဘဲ အတိုင်းအတာတစ်ခုနဲ့တော့ စားသုံးလို့ရပါတယ်။ ခန္ဓာကိုယ်တစ်ခုလုံးကျန်းမာဖို့ဆိုတဲ့နေရာမှာလည်း ခွန်အားဖြစ်စေဖို့အတွက် ကာဗိုဟိုက်ဒရိတ်ပရိုတင်းနဲ့ အခြားလိုအပ်တဲ့ ဗီတာမင် နဲ့ သတ္တုဓာတ်တွေ ပြည့်ဝဖို့လိုအပ်ပါမယ်။ အချိုတွေကိုလုံးဝမစားဘဲနေဖို့ မဟုတ်ဘဲ သင့်တင့်တဲ့ ပမာဏတစ်ခုအထိတော့ စားသုံးလို့ရနိုင်ပါတယ်။ ဥပမာ သစ်သီးအချိုလိုမျိုးပေါ့။

နေ့စဉ်မပျက်မကွက်လုပ်သင့်တာက သွေးတွင်းသကြားဓာတ်ကို တိုင်းတာပြီး ကျန်းမာရေးနဲ့ ညီညွတ်မျှတအောင်စားသုံးတာ၊ ကိုယ်လက်လှုပ်ရှားမှုလုပ်တာလိုမျိုးတွေကိုတော့ ဂရုတစိုက်လုပ်ဆောင်ဖို့လိုအပ်ပါမယ်။ ဒါမှလည်းသွေးချို ဆီးချိုကြောင့်ဖြစ်လာနိုင်တဲ့ နောက်ဆက်တွဲရောဂါတွေကို ကာကွယ်နိုင်မှာပါ။

ဆီးချိုဝေဒနာရှင်တွေအနေနဲ့ သွေးတွင်းသကြားဓာတ်ကိုသေချာဂရုမစိုက်ဘူးဆိုရင် ခန္ဓာကိုယ်မှာရှိတဲ့ သွေးကြောလေးတွေ တဖြည်းဖြည်းနဲ့ ပျက်စီးလာပြီး အချိန်ကြာလာတာနဲ့အမျှ ခြေလက်တွေက အာရုံခံစားသိရှိမှုနည်းလာတာ၊ အမြင်အာရုံဆုံးရှုံးတာကျောက်ကပ်ပျက်စီးတာလေဖြတ်တာနဲ့ နှလုံးရောဂါတွေ ခံစားရနိုင်ပါတယ်။

ဆီးချိုဝေဒနာသည်တွေအတွက် အကောင်းဆုံးသော အစားအစာများ

ဆီးချိုရှိပေမယ့် ခန္ဓာကိုယ်မှာ သင့်တင့်တဲ့ အာဟာရဖြည့်တင်းမှုက မဖြစ်မနေလိုအပ်မှာပါ။ ဒါကြောင့် ကျန်းမာရေးနဲ့လည်း ညီညွတ်ပြီး လိုအပ်တဲ့ အာဟာရဓာတ်တွေ ပြည့်ဝဖို့ဆိုရင် ဆီးချိုရှိသူတွေအနေနဲ့ အခုလိုမျိုးစားသုံးပေးပါ။

ကစီဓာတ်

ခန္ဓာကိုယ်က ကစီဓာတ်ကို မဖြစ်မနေလိုအပ်မှာပါ။ ဒါကြောင့်

ဟင်းသီးဟင်းရွက်တွေ

ဟင်းသီးဟင်းရွက်တွေကနေ အမျှင်ဓာတ်နဲ့ အခြားသော ဗီတာမင်တွေကို ရရှိနိုင်ပါတယ်။

  • လတ်ဆတ်တဲ့ ဟင်းသီးဟင်းရွက်တွေကို ရေလုံပြုတ်စားတာ၊ မီးကင်စားတာလိုမျိုး စားသုံးပေးလို့ရပါတယ်။
  • အစိမ်းရောင်ရှိတဲ့ အသီးအရွက်တွေဖြစ်ကြတဲ့ ကိုက်လန်ဆလတ်ရွက်ဟင်းနုနွယ်လိုမျိုး အသီးအရွက်တွေ စားသုံးပေးလို့ရပါတယ်။

သစ်သီးတွေ

ဟင်းသီးဟင်းရွက်တွေလိုမျိုး အမျှင်ဓာတ်၊ ဗီတာမင်နဲ့ သတ္တုဓာတ်တွေကို ရရှိစေနိုင်ပါတယ်။

  • လတ်ဆတ်တဲ့ သစ်သီးတွေ
  • အချိုဓာတ်နည်းတဲ့ ဆီသွတ်ထားတဲ့ သစ်သီးတွေ
  • အချိုမပါတဲ့ သစ်သီးယိုတွေ
  • အချိုမပါတဲ့ သစ်သီးခြောက်တွေ
  • အချိုမပါတဲ့ သဘာဝသစ်သီးဖျော်ရည်တွေကိုစားသုံးလို့ရပါတယ်။

ပရိုတင်း

ဒါကလည်း ခန္ဓာကိုယ်ကျန်းမာသန်စွမ်းဖို့လိုအပ်တဲ့ ဓာတ်တစ်မျိုးပေါ့။ ပရိုတင်းကို အမဲသား၊ ကြက်သား၊ ဝက်သား၊ ငါး၊ ကြက်ဆင်သား၊ ပဲအမျိုးမျိုး၊ ချိစ်ဥအမျိုးမျိုး၊ အခွံမာသီးတွေ နဲ့ ပဲပြားတို့ကနေ ရရှိနိုင်ပါတယ်။ ဒါပေမယ့် ဆီးချိုသမားတွေအနေနဲ့ကတော့

  • အပင်ကနေရရှိတဲ့ ပရိုတင်း
  • ငါးနဲ့ ပင်လယ်စာတွေကနေရရှိတဲ့ ပရိုတင်း
  • ကြက်သားကနေရရှိတဲ့ ပရိုတင်း (ကြက်သားစားတဲ့အခါ အရေခွံလုံးဝမစားပါနဲ့)
  • ဥအမျိုးမျိုးနဲ့ အဆီပါဝင်မှုနည်းတဲ့ နို့နဲ့ နို့ထွက်ပစ္စည်းတွေကနေရရှိတဲ့ ပရိုတင်းတွေက အသင့်တော်ဆုံးပါ။

ဆီ၊ အဆီ 

ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အဆီက ခန္ဓာကိုယ်အတွက် လိုအပ်ပါတယ်။ ဒါကြောင့် သင်ကဆီးချိုရှိမယ်ဆိုရင်

  • ဟင်းသီးဟင်းရွက်ကနေရတဲ့ အဆီ ( အခွံမာသီး၊ အစေ့အဆန် နဲ့ထောပတ်သီးကနေရရှိတဲ့ အဆီတွေ)
  • ဆယ်လ်မွန်၊ တူနာ နဲ့ မက်ကာရယ်တို့ကနေရရှိတဲ့ Omega-3 fatty acids
  • အပင်ကနေရရှိတဲ့ အဆီ ( စပျစ်သီးစေ့အဆီ၊ သံလွင်ဆီ) တို့စားသုံးပေးလို့ရပါတယ်။

သောက်စရာ

  • ရေ
  • အချိုမပါတဲ့ လက်ဖက်ရည်
  • လီမွန်တီး (အချိုမပါ)
  • ကော်ဖီကြမ်း တို့ကိုသောက်ပေးလို့ရပါတယ်။ နို့ဆီ ၊နို့စိမ်း၊ နို့မှုန့်တို့နဲ့ ဆိမ့်နေအောင်ဖျော်ထားတာမျိုးတော့ မသောက်ပါနဲ့။

ရေးသားသူ- Dr Thin Yadanar @ Frances

Hello Sayarwon Panel
Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Hello Sayarwon Panel မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 06/10/2023 ဖြစ်ပါသည်။