backup og meta

ဆီးချိုရောဂါ ရှိတဲ့သူတွေက ဘာကြောင့် ပိုးဝင်လွယ် ရသလဲ။

Written by Htet Htet Zaw Win · အထွေထွေရောဂါကုဆရာဝန် · HHG


4 ပတ် အကြာက တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ဆီးချိုရောဂါ ရှိတဲ့သူတွေက ဘာကြောင့် ပိုးဝင်လွယ် ရသလဲ။

    ဆီးချိုရောဂါ ရှိတဲ့သူတွေကို မှာလေ့ရှိတာက အနာတွေ ဖြစ်အောင် မနေနဲ့နော်။ မကျက်တဲ့အနာ ရှိရင် ပြောနော် စသဖြင့် မှာလေ့ရှိပါတယ်။ လူနာတွေကလည်း ဆီးချိုရှိရင် သူများထက် ရောဂါ ပိုးဝင်လွယ် တယ်။ အနာတွေ ဖြစ်ရင် ကျက်ဖို့ နှေးတယ်ဆိုတာ သိထားပြီးသားပါ။ ဒါဆိုရင် သူတို့တွေ ဘာကြောင့် သူများတွေထက် ပိုးဝင်လွယ်၊ အနာဖြစ်လွယ် နေရတာလဲ။

    ဆီးချိုရောဂါ ရှိတဲ့သူတွေက ဘာကြောင့် ပိုးဝင်လွယ် ရသလဲ။

  • သွေးတွင်းသကြားဓာတ်များခြင်း
  • သွေးတွင်း သကြားဓာတ်များတာက ခုခံအားကို ကျစေပါတယ်။ ဒါ့ပြင် သွေးနဲ့ တစ်ရှူးတွေမှာ သကြားဓာတ်တွေ များလေလေ ဘက်တီးရီးယားတွေ ပိုပွားလေလေ၊ ပိုးဝင်လွယ်လေလေပါပဲ။

    ဆီးချိုရောဂါရှိတဲ့သူတွေက အာရုံကြောထိခိုက်တာကြောင့် ထုံတာ ကျဉ်တာ ဖြစ်တတ်ပါတယ်။ အထူးသဖြင့် ခြေထောက်မှာပါ။ ထုံနေတဲ့အတွက် ထိလို့ ထိမှန်း မသိဘဲ ခြေထောက်မှာ ဒဏ်ရာ တစ်ခုခုရရင်တောင် နာလို့ နာမှန်း မသိပါဘူး။ မသိလို့ ဒဏ်ရာ မကုမိဘူးဆိုရင် ဒီဒဏ်ရာက ပိုးဝင်လာပါမယ်။ တချို့တွေမှာ အာရုံကြောထိခိုက်တာကြောင့် ခြေထောက်မှာ ခြောက်သွေ့ပြီး ကွဲအက်နေတတ်ပါတယ်။ ဒီကွဲအက်နေတဲ့ ကြားတွေထဲကနေ ပိုးတွေဝင်ပြီး ပိုးလာနိုင်ပါတယ်။

    ဆီးချိုရောဂါ ရှိတဲ့သူတွေက ဘာကြောင့် ပိုးဝင်လွယ် ရသလဲ။

    • သွေးကြောများထိခိုက်ခြင်း

    ဆီးချိုရောဂါရှိတဲ့သူတွေက ခြေတွေ၊ လက်တွေကို သွေးကောင်းကောင်း မလျှောက်ပါဘူး။ ဒါကြောင့် ခုခံအားဆဲလ်တွေ၊ အာဟာရတွေက ဒီနေရာတွေကို သိပ်မရောက်တော့ပါဘူး။ ဒါကြောင့် ပိုးဝင်လာတဲ့အခါ ခုခံအားနဲ့ ပြန်မတိုက်နိုင်သလို အာဟာရမရတာကြောင့် အနာကျက်တာလည်း နှေးပါတယ်။

    ဒီလို ပိုးဝင်လွယ် တာတွေက အန္တရာယ်ရှိသလား။

    ဆီးချိုရှိတဲ့သူတွေ ပိုးဝင်တဲ့အခါ သာမန်လူတွေထက် ပိုခံရပါတယ်။ အဓိကကတော့ ခုခံအား ကျနေလို့ပါပဲ။ ဆီးချိုရောဂါရှိတာချင်း တူရင်တောင် ဆီးချို ကောင်းကောင်း မထိန်းနိုင်တဲ့ လူနာက ပိုပြီး အခြေအနေဆိုးတတ်ပါတယ်။

    သာမန်လူတွေအနေနဲ့ သိပ်မထူးခြားလှတဲ့ ပိုးဝင်ခြင်းမျိုးတွေက ဆီးချိုရောဂါရှိတဲ့သူတွေမှာ ဆေးရုံတက်ရလောက်တဲ့အထိ ပြင်းထန်တတ်ပြီး အခန်မသင့်ရင် အသက်အန္တရာယ် ရှိတတ်ပါတယ်။ အသက်အန္တရာယ် မဖြစ်ရင်တောင် ရက်ရှည် ဆေးရုံတက်ရတာမျိုး၊ ပြန်ပြီး နာလန်ထဖို့ အချိန်ကြာတာမျိုး ဖြစ်တတ်ပါတယ်။

    ဘယ်လို ရောဂါပိုးတွေ ဝင်လာနိုင်သလဲ။

    ဆီးချိုကို ထိန်းထားနိုင်တယ်ဆိုရင်တောင် သင့်မှာ တုပ်ကွေးရဲ့ နောက်ဆက်တွဲ ဆိုးကျိုးတွေကို သာမန်လူတွေထက် ပိုပြီး ခံစားရနိုင်ခြေ ရှိနေပါတယ်။ ဆီးချိုရှိရုံ သက်သက်ကပဲ ခုခံအားအပေါ် အများကြီး သက်ရောက်မှု ရှိနေပါတယ်။ တုပ်ကွေးရဲ့ နောက်ဆက်တွဲ ပြဿနာတွေဖြစ်တဲ့ အဆုတ်ရောင်တာ၊ ဆေးရုံတက်ရတာ၊ အသက်အန္တရာယ် ဖြစ်နိုင်တာ စတာတွေကို သတိထားသင့်ပါတယ်။

    တုပ်ကွေးရာသီမှာ ဖျားမယ်၊ ချောင်းဆိုးမယ်၊ ကိုယ်လက်ကိုက်မယ်၊ နုံးမယ်ဆို ဒါတုပ်ကွေးဒဏ်ခံရတာပါ။ ဒီကနေမှ မသက်သာဘဲ အရောင်ပါတဲ့ သလိပ်တွေ ထွက်မယ်၊ ချမ်းတုန်ဖျားမယ်၊ မောမယ်၊ အသက်ရှူရခက်လာမယ်ဆို အဆုတ်ရောင်တာ ဖြစ်နိုင်လို့ ဆေးရုံ၊ ဆေးခန်း အမြန်သွားသင့်ပါတယ်။

    ဆီးချိုရောဂါရှိတဲ့သူတွေမှာ ခြေထောက်အနာ အဖြစ်များရတဲ့ အကြောင်းရင်း ၂ချက် ရှိပါတယ်။

    ပထမတစ်ချက်ကတော့ သွေးတွင်းသကြားဓာတ်တွေ များလွန်းပြီး ခြေထောက်က အာရုံကြောလေးတွေ ပျက်စီးတဲ့အတွက် ထိလို့ ထိမှန်း၊ နာလို့ နာမှန်း မသိဘဲ ထုံနေတာပါ။ ဒါကြောင့်ပဲ ခြေထောက်မှာ ထိခိုက်ဒဏ်ရာ တစ်ခုခုရတဲ့အခါ သိကို မသိလိုက်ပါဘူး။ နောက်တစ်ချက်က သွေးကောင်းကောင်း မလျှောက်တဲ့အတွက် ရှိပြီးသား အနာက သေချာ မကျက်တော့ပါဘူး။

    ဒီနှစ်ချက် ပေါင်းသွားတဲ့အခါကျတော့ အနာဖြစ်တယ်၊ မကျက်ဘူး။ ဒီတော့ ပိုးဝင်လွယ်တယ်၊ ပိုးဝင်တော့ အနာက ပိုကြီးပြီး ပိုကျက်ဖို့ ခက်လာတယ်။ ဒီလိုနဲ့ သံသရာလည်ပြီး နောက်ဆုံး အများကြောက်တဲ့ ခြေထောက်ဖြတ်ရတဲ့ အဆင့်ကို ရောက်တာပါ။

    ဆီးချိုရောဂါရှိတဲ့သူတွေက မကြာခဏဆိုသလို ဆီးပိုးဝင်တတ်ပါတယ်။ သွေးထဲမှာ သကြားဓာတ်များလာရင် ဆီးထဲမှာလည်း သကြားဓာတ်များလာတတ်တာ သဘာဝပါ။ သကြားဓာတ်ဆိုတာ ဘက်တီးရီးယားတွေ သိပ်ကြိုက်တဲ့ အာဟာရပါ။ ဆီးအောင့်ထားမယ်၊ ဆီးသွားနည်းမယ်ဆိုရင် ဘက်တီးရီးယားတွေက ဆီးအိမ်ထဲမှာ အချိန်ကြာကြာအောင်းနေမှာပါ။

    အများစုက ဆီးပိုးဝင်တာကတော့ ဆီးအိမ်မှာပါ။ ဒီထက်ပိုဆိုးရင်တော့ ကျောက်ကပ်အထိ ပြန့်သွားတတ်ပါတယ်။ ကျောက်ကပ်ထိပြန့်သွားရင်တော့ နောက်ဆက်တွဲ ဆိုးကျိုးတွေ ပိုဖြစ်နိုင်သလို အန္တရာယ်လည်း များပါတယ်။ ဖျားတာ၊ မကြာခဏ ဆီးသွားချင်တာ၊ ဆီးပူတာ၊ ဗိုက်အောင့်တာ၊ ပျို့အန်တာ စတာတွေက ဆီးပိုးဝင်တဲ့ လက္ခဏာတွေပါပဲ။

    ဆီးချိုရောဂါ ရှိတဲ့သူတွေက ဘာကြောင့် ပိုးဝင်လွယ် ရသလဲ။

    ဆီးချိုရှိတဲ့ သူတွေက အရေပြားနဲ့ ခြေသည်းလက်သည်းတွေမှာ မှို ပိုးဝင်လွယ် ပါတယ်။ ပုံမှန်ဆိုရင်လည်း အရေပြားမှာ ကောင်းကျိုးပြုမှိုပိုးလေးတွေ ရှိပြီး ပြင်ပက ပိုးတွေ ဝင်မလာအောင် တားဆီးပေးပါတယ်။ ဒါပေမယ့် မှိုတွေ သိပ်များလာရင်တော့ ပြဿနာပါ။ သူတို့ကလည်း ဘက်တီးရီးယားတွေလိုပဲ သကြားဓာတ်ကို ကြိုက်တဲ့အတွက် လိုတာထက်ပိုပြီး မှိုတွေ ပွားလာနိုင်ပါတယ်။

    ဒီလိုနဲ့ အရေပြားမှာ ပွေးပေါက်တာ၊ ခြေသည်း လက်သည်းမှာ မှိုပိုးဝင်တာ၊ မိန်းမကိုယ်မှာ မှိုပိုးဝင်ပြီး အဖြူဆင်းတာတွေ ဖြစ်လာပါတော့တယ်။

    ပိုးဝင်လွယ်တဲ့ ပြဿနာကို ဘယ်လို ကာကွယ်ကြမလဲ။

    ပိုးဝင်လွယ် တတ်တယ်ဆိုပေမယ့် ကာကွယ်စရာ နည်းလမ်း မရှိတာတော့ မဟုတ်ပါဘူး။

  • သွေးတွင်းသကြားဓာတ်ကို ထိန်းထားပါ။ အာဟာရပြည့်အောင်စားပါ။ မတည့်တာတွေ ရှောင်ပါ။ ဆေးပုံမှန်သောက်ပါ။ လေ့ကျင့်ခန်းလုပ်ပါ။
  • မကြာခဏ လက်ဆေးပါ။ အထူးသဖြင့် အိမ်သာဝင်ပြီးတိုင်း၊ နှာချေ၊ ချောင်းဆိုးပြီးတိုင်း၊ အစာမစားခင် လက်ဆေးပါ။
  • အင်ဆူလင် အပ်တွေကို မျှပြီး မသုံးပါနဲ့။ အရေပြားက ပိုးတွေ ကူးတတ်ပါတယ်။
  • နှစ်စဉ် တုပ်ကွေး ကာကွယ်ဆေး ထိုးပါ။
  • ခြေထောက် မထိခိုက်အောင် သက်သောင့်သက်သာရှိတဲ့ ဖိနပ်တွေ စီးပါ။ ညတိုင်း မအိပ်ခင် ခြေထောက်မှာ အနာရှိမရှိ စစ်ဆေးပါ။
  • နေမကောင်းတဲ့အခါ ကိုယ့်ဟာကိုယ် ဆေးမသောက်ပါနဲ့။ ဆရာဝန်နဲ့ တိုင်ပင်ပြီး သေသေချာချာ ကုသမှု ခံယူပါ။
  • ဆီးပိုးမဝင်စေဖို့ မိန်းမကိုယ်ကို ဆေးတဲ့အခါ ရှေ့ကနေ နောက်ကို ဆေးပါ။ အတူနေပြီးရင် ဆီးသွားပါ။ ဆီးမအောင့်ထားပါနဲ့။ ရေများများသောက်ပါ။ ပုံမှန်မဟုတ်တဲ့ အဖြူဆင်းတာမျိုးရှိရင် ဆရာဝန်နဲ့ ပြသပါ။
  • မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    Written by

    Htet Htet Zaw Win

    အထွေထွေရောဂါကုဆရာဝန် · HHG


    4 ပတ် အကြာက တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement