သွေးတွင်းသကြားဓာတ်ဟာ အချိန်ကြာမြင့်စွာ မြင့်တက်နေရင် အာရုံကြောများကို ထိခိုက်လာတတ်ပါတယ်။ လူတချို့အတွက်တော့ လက္ခဏာမပြဘဲ ဖြစ်တတ်ပါတယ်။ တချို့ကတော့ ဆီးချိုကြောင့် အာရုံကြောထိခိုက်မှုဒဏ်ကို အတော်လေး ခံစားရပါတယ်။
ထွက်မှာ သေချာပြီလား။
သွေးတွင်းသကြားဓာတ်ဟာ အချိန်ကြာမြင့်စွာ မြင့်တက်နေရင် အာရုံကြောများကို ထိခိုက်လာတတ်ပါတယ်။ လူတချို့အတွက်တော့ လက္ခဏာမပြဘဲ ဖြစ်တတ်ပါတယ်။ တချို့ကတော့ ဆီးချိုကြောင့် အာရုံကြောထိခိုက်မှုဒဏ်ကို အတော်လေး ခံစားရပါတယ်။
စစ်တမ်းတွေအရ ဆီးချိုရောဂါရှိသူတွေရဲ့ ၆၀ ရာခိုင်နှုန်းခန့်ဟာ အာရုံကြောထိခိုက်မှုဒဏ်ကို ခံစားရပါတယ်။ အဓိကအားဖြင့် လက်မောင်း၊ လက်၊ ခြေထောက်၊ ခြေဖဝါး၊ ခြေချောင်းလေးများ စတဲ့ အစွန်အဖျားနေရာတွေမှာ အများဆုံးဖြစ်တတ်ပါတယ်။ အများစုဟာ မိမိမှာ ဆီးချိုရောဂါဖြစ်နေမှန်းမသိတာကြောင့် ဘာကြောင့် တစ်ချိန်လုံးထုံကျင်ကိုက်ခဲနေရသလဲ နားမလည်နိုင်ဖြစ်တတ်ကြပါတယ်။
သွေးတွင်းဂလူးကို့စ်ဓာတ်ကို အချိန်ကြာမြင့်စွာ မထိန်းချုပ်နိုင်ရင် ဖြစ်တတ်ပါတယ်။ သွေးအတွင်းမှာ ဂလူးကို့စ်ဓာတ်လွန်ကဲနေရင် အာရုံကြောဆဲလ်များ တစ်ခုနဲ့တစ်ခုအကြား ဆက်သွယ်ရေးစနစ် ချို့ယွင်းနိုင်တယ်လို့ သုတေသီများက ယူဆကြပါတယ်။ ဒါ့အပြင် ဆီးချိုတက်ခြင်းဟာ အာရုံကြောများကို သွေးပံ့ပိုးပေးတဲ့ ဆံခြည်မျှင်သွေးကြောလေးများကို အားနည်းသွားစေပါတယ်။ ဆီးချိုကြောင့် အာရုံကြောထိခိုက်ခြင်းဟာ ခြေထောက်နဲ့ခြေချောင်းလေးတွေမှာ စဖြစ်တတ်ပြီး လက်နဲ့ လက်မောင်းဆီကို ရောက်သွားတတ်ပါတယ်။
ဆီးချိုကြောင့် အာရုံကြောထိခိုက်လာရင် အောက်ပါလက္ခဏာတွေ ကြုံလာနိုင်ပါတယ်။
အာရုံကြောထိခိုက်မှုဖြစ်ရင် တွေ့ရအများဆုံးကတော့ ထုံခြင်းပဲဖြစ်ပါတယ်။ တစ်ခါတရံမှာ လမ်းလျှောက်နေရင်းတောင် လျှောက်နေမှန်း အာရုံမခံစားမိတာ ဖြစ်နိုင်ပါတယ်။ တစ်ခါတရံမှာ ခြေချောင်း၊ လက်ချောင်းများဟာ ထုံပြီးကျင်လာနိုင်ပါတယ်။ ပူလည်းပူတတ်ပါတယ်။ လက်အိတ်ခြေအိတ်ဝတ်ထားသလိုမျိုးလည်း ခံစားရတတ်ပါတယ်။
အာရုံကြောထိခိုက်မှုကြောင့် ရုတ်တရက် စူးပြီးအောင့်သွားသလို ဖြစ်တတ်ပါတယ်။ ချက်ချင်းပြန်ပျောက်သွားတာ ရှိသလို အချိန်ကြာမှာ သက်သာသွားတာမျိုးလည်း ရှိပါတယ်။
လမ်းလျှောက်တဲ့အခါ၊ မတ်တပ်ရပ်တဲ့အခါ ဟန်ချက်မထိန်းနိုင်ဘဲ ဒယိမ်းဒယိုင်ဖြစ်တာမျိုးတွေ ကြုံလာနိုင်ပါတယ်။ အာရုံကြောများ ကောင်းကောင်းအလုပ်မလုပ်ဘဲ ကြွက်သားများလည်း အားနည်းသွားတဲ့အတွက် လမ်းလျှောက်ရာမှာ အခက်တွေ့ခြင်းဖြစ်ပါတယ်။ ခြေထောက်များထုံနေခြင်းကြောင့် ဟန်ချက်ထိန်းရာမှာ ပိုမိုခက်ခဲစေပါတယ်။
အာရုံကြောထိခိုက်လို့ လမ်းကောင်းကောင်းမလျှောက်နိုင်တဲ့အခါ ကိုယ်ခန္ဓာရဲ့ အလေးချိန်နဲ့ ဟန်ချက်ကို ထိန်းရာမှာ ပုံစံမကျတော့ပါဘူး။ ခြေချောင်းလေးများ ကွေးကောက်ခြင်း၊ ပုံစံမမှန်ခြင်း ဖြစ်လာနိုင်ပါတယ်။
ဆီးချိုကြောင့် အာရုံကြောထိခိုက်မှုဖြစ်လာရင် ခြေဖျားလက်ဖျားတွေမှာ အာရုံခံစားနိုင်စွမ်း လျော့ကျသွားပါတယ်။ အထူးသဖြင့် ခြေချောင်းများဟာ အာရုံခံအာ မကောင်းတော့တာကြောင့် သွားလာလှုပ်ရှားရင်း ထိခိုက်ဒဏ်ရာ ရလို့ ရမှန်းမသိ ဖြစ်တတ်ပါတယ်။ ဒါကြောင့် ခြေထောက်ပိုင်းမှာ ထိခိုက်ဒဏ်ရာများ၊ အနားများဖြစ်လွယ်လာပါတယ်။
ဆီးချိုကြောင့် အာရုံကြောထိခိုက်ရင် အာရုံခံစားမှုတွေ ကမောက်ကမဖြစ်တတ်ပါတယ်။ ခပ်နွေးနွေးသာရှိတဲ့ ရေနွေးခွက်ကို ကိုင်ချိန်မှာ အလွန်အမင်း ပူနေသလို ခံစားရတတ်ပါတယ်။ တယောက်ယောက်က အေးစက်တဲ့လက်နဲ့ လာပြီးထိတွေ့ရင်လည်း အေးလွန်းတဲ့ အထိအတွေ့ကို မခံစားနိုင်ဘဲ ဖြစ်တတ်ပါတယ်။
အာရုံကြောပြဿနာကြောင့် နာကျင်ကိုက်ခဲခြင်းတွေဟာ ညဖက်မှာ ပိုဆိုးတတ်ပါယ်။ အိပ်ရာပေါ်လှဲရမှာတောင် ကျောနာနေတတ်ပါတယ်။ ဒါကြောင့် နှစ်ခြိုက်စွာ အိပ်ပျော်ဖို့ ခဲယဉ်းပါတယ်။
ဆီးချိုမဖြစ်အောင် ကာကွယ်ဖို့က အဓိကဖြစ်ပါတယ်။ ဆီးချိုအစပျိုးလာရင်လည်း အာရုံကြောကို ဒုက္ခပေးတဲ့ အရက်၊ ဆေးလိပ်တွေကို ရှောင်သင့်ပါတယ်။ အာဟာရပြည့်ဝစွာ စားသောက်ရပါမယ်။ လေ့ကျင့်ခန်း ပုံမှန်ပြုလုပ်သင့်ပါတယ်။ မိမိမှာ ဆီးချိုရှိရင်၊ ဆီးချိုအစပျိုးလာရင် ဆရာဝန်နဲ့ ပုံမှန်ပြသပြီး စစ်ဆေးမှု ခံယူသင့်ပါတယ်။ ဒါမှသာ နောက်ဆက်တွဲပြဿနာတွေကို ရှောင်ရှားနိုင်မှာ ဖြစ်ပါတယ်။
ခန္ဓာကိုယ် ထုထည်ညွှန်းကိန်း တွက်ချက်ခြင်း (BMI) ကို အသုံးပြုပြီး ကျန်းမာတဲ့ ကိုယ်အလေးချိန် ရှိရဲ့လားဆိုတာကို တွက်ချက်ပါ။ ဒီကျန်းမာရေး ကိရိယာကို အသုံးပြုပြီး ကလေးရဲ့ (BMI) ကိုလည်း တွက်ချက်လို့ ရပါတယ်။
အမျိုးသား
အမျိုးသမီး
Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
https://www.healthline.com/health/diabetic-peripheral-neuropathy-symptoms Accessed Date 15 September 2020