ဆီးလမ်းကြောင်းပိုးဝင်ခြင်း (Urinary Tract Infection)

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 22/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ဆီးလမ်းကြောင်းပိုးဝင်ခြင်း (Urinary Tract Infection)

    ဆီးလမ်းကြောင်းပိုးဝင်ခြင်း သည် ဆီးလမ်းကြောင်း၏ အင်္ဂါတစ်ခုတွင် ဘက်တီးရီးယားရှိသောအခါ ဖြစ်ပွားပါသည်။ ဆီးလမ်းကြောင်းတွင် ဆီးထုတ်လုပ်မှု၊ သိမ်းဆည်းမှုနှင့် စွန့်ထုတ်မှုအင်္ဂါများဖြစ်သော ကျောက်ကပ်၊ ဆီးပြွန်များ၊ ဆီးအိတ်နှင့် ဆီးထုတ်ပြွန်တို့ ပါဝင်ပါသည်။ အထူးသဖြင့် ဆီးအိတ်နှင့် ဆီးထုတ်ပြွန်တို့တွင် မကြာခဏ ရောဂါကူးစက်ခံရပါသည်။

    ဆီးလမ်းကြောင်းပိုးဝင်ခြင်း က ဘယ်လောက်အဖြစ်များသလဲ

    ဆီးလမ်းကြောင်းပိုးဝင်သော ရောဂါသည် အသက်အရွယ်နှင့် လိင်ခွဲခြင်းခြင်းမရှိဘဲ လူတိုင်းတွင် ဖြစ်ပွားနိုင်ပါသည်။ သို့သော် အမျိုးသမီးများသည် အမျိုးသားများထက် ရောဂါဖြစ်နိုင်ချေ ပိုမြင့်သည်။ အဘယ်ကြောင့် ဆိုသော် အမျိုးသမီးများ၏ ဆီးထုတ်ပြွန်သည် ပို၍တိုသောကြောင့် ရောဂါပိုးဝင်လွယ်သောကြောင့် ဖြစ်ပါသည်။

    ဆီးလမ်းကြောင်းပိုးဝင်ခြင်း ရဲ့လက္ခဏာတွေက ဘာတွေလဲ

    အဖြစ်များသော ရောဂါလက္ခဏာများမှာ မကြာခဏ ဆီးသွားရခြင်း၊ ဆီးသွားရာတွင် နာကျင်ခြင်း၊ ဆီးသွားမှုကို မထိန်းနိုင်ခြင်း၊ ဆီးအရောင် နောက်ခြင်း သို့မဟုတ် ဆီးတွင် အနံ့နံခြင်း၊ သွေး၊ ပြည်ပါခြင်း တို့ဖြစ်နိုင်ပါသည်။ အထူးသဖြင့် အမျိုးသမီး လူနာများတွင် တင်ပဆုံ၌ နာကျင်ခြင်း ဖြစ်နိုင်ပါသည်။ ထိခိုက်သော ကိုယ်အင်္ဂါပေါ်မူတည်၍ အောက်ပါ ရောဂါလက္ခဏာ အမျိုးမျိုး ဖြစ်ပေါ်နိုင်ပါသည်။

    • ကျောက်ကပ်တွင် ရောဂါပိုးဝင်ပါက လူနာသည် အဖျားတက်ခြင်း၊ မအီမသာဖြစ်ခြင်း၊ အော့အန်ခြင်း၊ ချမ်းတုန်ခြင်း၊ ခါးနာခြင်းတို့ ဖြစ်နိုင်ပါသည်။
    • ဆီးအိတ်တွင် ရောဂါပိုးဝင်ပါက လူနာသည် တင်ပဆုံ အရှေ့ပိုင်း (ဝမ်းဗိုက်အောက်ပိုင်း) တွင် ဖိအားဖြစ်ခြင်း ၊ မကြာခဏ ဆီးသွားရခြင်းနှင့် ဆီးသွားရာတွင် သွေးပါခြင်းတို့ ဖြစ်နိုင်ပါသည်။
    • ဆီးထုတ်ပြွန်တွင် ရောဂါပိုးဝင်ပါက လူနာသည် ဆီးသွားစဉ်နှင့် ဆီးထုတ်ပြွန်မှ သုက်ရည် စသည်တို့ ထွက်ရာတွင် နာကျင်ခြင်း ဖြစ်နိုင်သည်။

    ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

    အထက်တွင် ဖော်ပြထားသော လက္ခဏာများကို ဆီးသွားစဉ်တွင် သတိထားမိပါက ဆရာဝန်နှင့် သွားရောက်ပြသသင့်ပါသည်။ ၄၈နာရီ ကြာသည်အထိ အဖျားရှိနေပါက သို့မဟုတ် ရောဂါလက္ခဏာများ မသက်သာပါက ဆရာဝန်နဲ့ တိုင်ပင်ပါ။

    ဆီးလမ်းကြောင်းပိုးဝင်ခြင်း ကို ဘာတွေက ဖြစ်စေသလဲ

    အများဆုံးဖြစ်စေသော အကြောင်းရင်းမှာ အူတွင် တွေ့ရသော Escherichia coli ဘက်တီးရီးယား ကြောင့်ဖြစ်ပါ သည်။ သို့သော် ရောဂါသည် အခြား ဘက်တီးရီးယားများကြောင့်လည်း ဖြစ်နိုင်ပါသည်။ E.coli သည် အရေပြား သို့မဟုတ် စအိုနားတွင် ရှိပါက ၎င်းတို့သည် ဆီးလမ်းကြောင်းသို့ဝင်ပြီး အခြားနေရာများသို့ ပြန့်သွားတတ်ပါသည်။ အမျိုးသမီးများတွင် ဆီးလမ်းကြောင်းနှင့် စအိုသည် အမျိုးသားများထက် ပို၍ နီးကပ်သောကြောင့် ရောဂါဖြစ်နိုင်ချေသည် အမျိုးသမီးများ တွင် ပိုမြင့်ပါသည်။

    ဘက်တီးရီးယားသည် မွေးရာပါ ချို့ယွင်းချက်ကြောင့် ဆီးလမ်းကြောင်းပိတ်မှုများ ကုသမှုတွင် သုံးသော ဆီးပိုက်မှတစ်ဆင့် ဆီးလမ်းကြောင်းထဲသို့ သွားနိုင်ပါသည်။ သို့မဟုတ် လိင်ဆက်ဆံပြီးနောက် ဝင်ရောက်နိုင်ပါသည်။

    ဆီးလမ်းကြောင်းပိုးဝင်ခြင်း သည် ကျောက်ကပ်၏ အခြားနေရာများမှ ရောဂါပိုးဝင်ခြင်းကြောင့်လည်း ဖြစ်နိုင်ပါသည်။ ဆီးလမ်းကြောင်းပိုးဝင်ခြင်း သည် တစ်ဦးမှ တစ်ဦးသို့ မကူးစက်နိုင်ပါ။ သို့သော် ရောဂါပိုးရှိစဉ် တွင် လိင်ဆက်ဆံခြင်းသည် နာကျင်မှုကို ဖြစ်စေပြီး ရှောင်ကြဉ်သင့်ပါသည်။

    ဆီးလမ်းကြောင်းပိုးဝင်ခြင်း ဖြစ်နိုင်ခြေကို ဘာတွေက မြင့်တက်စေသလဲ

    ဤရောဂါဖြစ်နိုင်ချေကို မြင့်စေသော အချက်များစွာ ရှိပါ သည်။ ဥပမာ-

    • အမျိုးသမီး ဆီးထုတ်ပြွန်သည် အမျိုးသားများထက် တိုသောကြောင့် ဘတ်တီးရီးယားသည် ဆီးအိတ်သို့ မြန်မြန်ရောက်ပါသည်။ ထို့ကြောင့် အမျိုးသားများထက် အမျိုးသမီးများတွင် ပိုဖြစ်လွယ်ပါသည်။
    • အကာအကွယ်မပါဘဲ လိင်ဆက်ဆံခြင်း
    • တားဆေးအနေနဲ့ သုက်ကောင် သတ်ဆေးများ သုံးသော အမျိုးသမီးများသည် ရောဂါ ဖြစ်နိုင်ချေ ပိုမြင့်ပါသည်။
    • သွေးဆုံးပြီး အမျိုးသမီးဟော်မုန်း ချို့တဲ့ခြင်းသည် ဆီးလမ်းကြောင်းတွင် ပြောင်းလဲမှုများ ဖြစ်စေပြီး ရောဂါပိုးပို၍ ဝင်စေပါသည်။
    • မွေးရာပါ ဆီးလမ်းကြောင်း ချို့ယွင်းမှုရှိသော ကလေးများသည် ဆီးကို ပုံမှန် မစွန့်ထုတ်နိုင်ဘဲ ဆီးထုတ်ပြွန်တွင် ဆီးကျန်ခြင်းကြောင့် ပိုးဝင်လွယ်ပါသည်။
    • ကျောက် သို့မဟုတ် ဆီးကျိတ်ကြီးခြင်းကြောင့် ဆီးလမ်းကြောင်းပိတ်ပြီး ဆီးပိုးဝင်လွယ်စေပါသည်။
    • ဆီးချိုသွေးချိုနှင့် ကိုယ်ခံအားကို အားနည်းစေသော အခြားရောဂါများသည်လည်း ဆီးလမ်းကြောင်းပိုးဝင်ခြင်း ကို မြင့်စေပါသည်။
    • ဆီးပိုက်ကြာရှည်စွာ ထည့်ခြင်း၊ ပုံမှန်မလဲခြင်းတို့ကြောင့် ချိုးကပ်ပြီး ဆီးလမ်းကြောင်း ပိုးဝင်နိုင်ပါသည်။

    ဆီးလမ်းကြောင်းပိုးဝင်ခြင်း ကို ဘယ်လိုအတည်ပြုပါသလဲ

    -ဆီးစစ်ခြင်း၊ ဆီးပိုးမွေးခြင်းများ ပြုလုပ်နိုင်ပါသည်။ သို့မှသာ သင့်တော်သည့် ပိုးသတ်ဆေးကို ပေးနိုင်မည် ဖြစ်သည်။

    -ဆီးလမ်းကြောင်းတစ်လျှောက်ကို စစ်ဆေးရန် အယ်ထွာဆောင်းရိုက်ခြင်း၊ ကွန်ပျုတာဓာတ်မှန်ရိုက်ခြင်းတို့ ပြုလုပ်နိုင်ပါသည်။

    ဆီးလမ်းကြောင်းပိုးဝင်ခြင်း ကို ဘယ်လိုကုသပါသလဲ

    • လူနာများသည် ပဋိဇီဝဆေးများကို ၃-၁၀ ရက်လောက် သောက်ရပါသည်။
    • ရေသောက်ခြင်းသည် ဆီးသွားရန် ကူညီ ပေးပါသည်။ သစ်သီးဖျော်ရည်များလည်း သောက်နိုင်ပါသည်။ အရက်နှင့် ကော်ဖီကို ရှောင်ကြဉ်သင့်ပါသည်။
    • ဆရာဝန်သည် ဆီးသွားစဉ် နာကျင်မှုကို သက်သာစေရန် အကိုက်အခဲပျောက်ဆေးများကိုလည်း လိုအပ်ပါက အသုံးပြုနိုင်ပါသည်။
    • လူနာများသည် အနာသက်သာစေရန် ရေနွေးတွင် စိမ်ခြင်းကိုလည်း ပြုလုပ်နိုင်ပါသည်။
    • ဆီးပိုးဝင်ခြင်းကြောင့် ဖျားနာခြင်းနှင့် နာကျင်ခြင်း မသက်သာမချင်း လုံလောက်စွာ အနားယူပါ။

    အောက်ပါ လူနေမှုပုံစံများနှင့် အိမ်သုံးကုထုံးများ သည် ဆီးလမ်းကြောင်း ရောဂါပိုးကူးစက်ခြင်း ကို ထိန်းချုပ်နိုင် ပါသည်။

    • နေ့စဉ် ရေ ၆-၈ ဖန်ခွက်သောက်ပါ။ ရေနှင့် သစ်သီးဖျော်ရည်များသည် ဆီးလမ်းကြောင်းကို သန့်ရှင်းစေပြီး ကုသမှုကို တိုးတက်စေသည်။
    • အမျိုးသမီးများသည် အိမ်သာသွားပြီးရင် အရှေ့မှ အနောက်သို့ ပွတ်တိုက်၍ ဆေးကြောပါ။ မွေးလမ်းကြောင်းအတွင်းအား ရေဆေးခြင်း၊ ရေဖျန်းခြင်း ရှောင်ပါ။ ချည်ဖြင့် ပြုလုပ်ထားသော အောက်ခံဘောင်းဘီဝတ်ပါ။ ကျပ်သော ဘောင်းဘီများ မဝတ်ပါနှင့်။
    • အမျိုးသမီးများသည် လိင်ဆက်ဆံမှု မလုပ်ခင်နှင့် လုပ်ပြီးတွင် ဆီးသွားခြင်း၊ သန့်ရှင်းအောင်လုပ်ခြင်းတို့ ပြုလုပ်သင့်သည်။ ဆီးလမ်းကြောင်းပိုးဝင်တတ်ရင် သုက်ကောင်သတ်ဆေးများ မသုံးပါနဲ့။
    • မကြာခဏ ဆီးသွား၍ ဆီးအိတ်ကို ရှင်းလင်းပါ။ ဆီးအောင့်မထားပါနဲ့။
    • ကိုယ်ဝန်တားဆေးများကို သောက်နေရပါက ဆရာဝန်အား ပြောပြပါ။ အချို့ ပဋိဇီဝဆေးများသည် ကိုယ်ဝန်တားဆေးများနှင့် ဓာတ်ပြုနိုင်ပါသည်။
    • ပဋိဇီဝဆေးများကို ဆေးပတ်လည်အောင် သောက်ပါ။ ဆေးပတ်လည်အောင် မသောက်ရင် ပြန်ပြန်ဖြစ်ပြီး နောက်ဆက်တွဲရောဂါတွေ ဝင်လာနိုင်ပါတယ်။

    Takeaways

    ဆီးလမ်းကြောင်းပိုးဝင်ခြင်း ဆိုတာ အဖြစ်များတဲ့ ကျန်းမာရေး ပြဿနာတစ်ခုပါ။ သေသေချာချာ ကုသနိုင်ရင် ပျောက်တာလည်း မြန်ပါတယ်။ စနစ်တကျ မကုသဘူးဆိုရင်တော့ ခဏခဏ ပိုးဝင်ပြီး နောက်ဆက်တွဲဆိုးကျိုးတွေ ဖြစ်လာနိုင်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Aye Thi Mon


    Aye Thi Mon မှ ရေးသားသည်။ · 22/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement
    advertisement
    advertisement