backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

ပန်းနာရင်ကျပ်ရောဂါ ရှိမှန်း ဘယ်လိုသိနိုင်မလဲ။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Phyo Wai Lynn


Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 6 ရက် အကြာက တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ပန်းနာရင်ကျပ်ရောဂါ ရှိမှန်း ဘယ်လိုသိနိုင်မလဲ။

ချောင်းဆိုးတယ်၊ မောတယ်၊ အသက်ရှူရင် တရွှီရွှီမြည်တယ် စတဲ့ လက္ခဏာတွေ ရှိရုံနဲ့ ပန်းနာရင်ကျပ်ရောဂါ ပါလို့ တန်းပြီး သတ်မှတ်လို့ မရပါဘူး။ ဒီလက္ခဏာတွေက တခြား အသက်ရှူလမ်းကြောင်းရောဂါတွေမှာလည်း တွေ့ရတတ်ပါတယ်။ ပန်းနာရင်ကျပ် ဟုတ်မဟုတ် သေချာချင်တယ်ဆိုရင် ကျွမ်းကျင်တဲ့ အဆုတ်နဲ့ ရင်ခေါင်းအထူးကုဆရာဝန်နဲ့ ပြသပြီး ရောဂါရှာဖွေတာ အကောင်းဆုံးပါပဲ။ ဒါမှ ရောဂါအမှန်ကို သိရပြီး ကုသမှု လမ်းမလွဲမှာ ဖြစ်ပါတယ်။

ပန်းနာရင်ကျပ်ရောဂါ ရှိမှန်း ဘယ်လိုသိနိုင်မလဲ။

ပန်းနာရင်ကျပ်လို့ သတ်မှတ်ဖို့ ဆိုရင် ဆေးပညာမှာ ရောဂါတစ်ခု ရှာဖွေမယ်ဆိုရင် အဆင့် ၃ဆင့် လိုပါတယ်။ လူနာကို ရောဂါရာဇဝင်မေးမြန်းတာရယ်၊ စမ်းသပ်တာရယ်၊ လိုအပ်တဲ့ စစ်ဆေးမှုတွေ ပြုလုပ်တာရယ်ပါ။ ဒါမှလည်း ရောဂါအဖြေမှန်ကို ရနိုင်ပါတယ်။

ရောဂါရာဇဝင်မေးမြန်းခြင်း

လူနာက ပြောတဲ့ ရောဂါရာဇဝင်က ရောဂါရှာဖွေတဲ့ နေရာမှာ သိပ်ကို အရေးကြီးပါတယ်။ လူနာခံစားရတာကို အသိဆုံးက သူကိုယ်တိုင်ပါပဲ။ ဒါကြောင့် လူနာပြောတာကို နားထောင်ပြီး ဖြစ်နိုင် မဖြစ်နိုင် စဉ်းစားရပါတယ်။ လိုအပ်တဲ့ မေးခွန်းတွေ ထပ်မေးရပါတယ်။ ဥပမာ

  • ဘာလက္ခဏာတွေ ခံစားရတာလဲ။ ဘယ်အချိန်တွေမှာ ခံစားရတာလဲ။ ဘာတွေနဲ့ ထိတွေ့မိရင် ပိုဆိုးသလဲ။
  • ဆေးလိပ်ငွေ့တို့၊ အမှုန်အမွှားတို့၊ ဖုန်တို့၊ မီးခိုးငွေ့တို့နဲ့ မကြာခဏ ထိတွေ့ရပါသလား။
  • ဓာတ်မတည့်ရောဂါ တစ်ခုခု ရှိပါသလား။
  • မိဘ၊ မောင်နှမတွေထဲမှာ ပန်းနာရင်ကျပ် ဒါမှမဟုတ် ဓာတ်မတည့်ရောဂါ မျိုးရိုး ရှိပါသလား။
  • တခြားရော ဘာရောဂါအခံရှိသလဲ။
  • စွဲသောက်နေတဲ့ ဆေးတွေ ဘာရှိသလဲ။
  • ဘာအလုပ်လုပ် လုပ်သလဲ။
  • အိမ်မှာ ဒါမှမဟုတ် အိမ်နားမှာ ခိုတွေ၊ ကြက်တွေ၊ ငှက်တွေ မွေးထားတာမျိုး ရှိသလား စသဖြင့် လိုအပ်တဲ့ မေးခွန်းတွေကို မေးသွားမှာပဲ ဖြစ်ပါတယ်။

လူနာကို စမ်းသပ်ခြင်း

ရောဂါရာဇဝင်တွေ လုံလောက်ပြီဆိုရင် လူနာကို စမ်းသပ်ပါမယ်။

  • အရင်ဆုံး နှာခေါင်း၊ လည်ချောင်းနဲ့ လေပြွန်အဝကို စစ်ဆေးပါမယ်။ အက်စပရင်နဲ့ဆိုင်တဲ့ ပန်းနာရင်ကျပ်ဆိုရင် နှာခေါင်းအသားပိုတွေ တွေ့ရတတ်ပါတယ်။ ဒါမှမဟုတ် တခြား အသက်ရှူလမ်းကြောင်းများ ရှိနေမလားဆိုပြီး ရှာဖွေတာပဲ ဖြစ်ပါတယ်။
  • ပြီးရင်တော့ အဆုတ်ကို နားကြပ်နဲ့ နားထောင်ပါမယ်။ ပန်းနာရင်ကျပ်မှာ လေပြွန်ကျဉ်းနေတဲ့အခါ အသက်ရှူထုတ်လိုက်ရင် တရွှီရွှီဆိုတဲ့ အသံကြားရတတ်ပါတယ်။
  • တခြား ဓာတ်မတည့်တဲ့ လက္ခဏာ ရှိမရှိ စစ်ဆေးပါမယ်။ ဥပမာ နှင်းခူ၊ အင်ပျဉ်။
  • ဒါ့ပြင် လတ်တလောမှာ ဒီလက္ခဏာတွေ ရှိသလား၊ လက်ရှိရော ခံစားနေရသလားဆိုတာ စစ်ဆေးပါမယ်။

    • အသက်ရှူရင် တရွှီရွှီမြည်တာ
    • ချောင်းဆိုးတာ
    • အသက်ရှူရခက်တာ
    • ရင်ဘတ်ထဲမှာ တင်းကြပ်ကြပ် ဖြစ်နေတာ
    • ညဘက်တွေကို ပိုကြပ်တာ
    • အေးတဲ့အခါ၊ လှုပ်လှုပ်ရှားရှားနေတဲ့အခါ၊ မတည့်တာ တစ်ခုခုရှူမိတဲ့အခါ ပိုကြပ်သလား စသဖြင့်မေးမြန်းပါမယ်။

    ကလေးတွေမှာဆိုရင်တော့

    • အသက်ရှူတာ မြန်သလား၊ အားနဲ့ ရှူနေရသလား
    • ကစားတဲ့အခါ ချောင်းထထဆိုးသလား
    • ခဏခဏ နှာရည်ယိုသလား
    • ကြပ်လို့ ကျောင်းခဏခဏ ပျက်ရသလား
    • တခြားကလေးတွေလို မဆော့နိုင်ဘူးလား စသဖြင့် အုပ်ထိန်းသူကို မေးမြန်းမှာပဲ ဖြစ်ပါတယ်။

    ဆေးစစ်ချက်များ

    လူနာကို စမ်းသပ်ပြီးရင်တော့ ရောဂါရှာဖွေမှုကို အထောက်အကူဖြစ်မယ့် ဆေးစစ်ချက်တွေကို ဆက်လုပ်ရပါမယ်။ အတွင်းက ကလီစာတွေကို ဒီတိုင်းမှ မမြင်ရဘဲကိုး။

  • Spirometry
  • ဒီဆေးစစ်ချက်ကို အသက် ၅နှစ်အထက် လူနာတွေမှာ သုံးပါတယ်။ ဆေးစစ်ချက်ကနေ သိနိုင်တာက အဆုတ်တွေ ဘယ်လောက် အလုပ်ကောင်းကောင်း လုပ်လဲဆိုတာပါ။ ဒါကို သိဖို့အတွက် အသက်ပြင်းပြင်းရှူပြီး စက်နဲ့ ချိတ်ထားတဲ့ ပြွန်ထဲကို ခပ်ပြင်းပြင်း ပြန်ရှူထုတ်ပါတယ်။

    ရှူထုတ်လိုက်တဲ့ လေပမာဏနဲ့ ကြာချိန်ကို မှတ်ထားပါတယ်။ ပန်းနာရင်ကျပ်မှာ လေပြွန်တွေ ကျဉ်းနေတဲ့အတွက် ရှူထုတ်နိုင်တဲ့ မပမာဏ နည်းသလို ပိုလည်း ကြာပါတယ်။

    ပြီးရင် လေပြွန်ကျယ်ဆေးတွေ ရှူခိုင်းပြီး ပြန်စမ်းသပ်ပါတယ်။ ဒီအခါမှာတော့ ခုနကထက် ရလဒ်ကောင်းတာကို တွေ့ရပါတယ်။ ပန်းနာရင်ကျပ်မို့လို့သာ ဆေးက တုံ့ပြန်ပြီး သက်သာသွားခြင်းပဲ ဖြစ်ပါတယ်။

    • Challenge test

    အပေါ်က နည်းလမ်းနဲ့ စမ်းလို့ အဖြေက သိသိသာသာ မထွက်ဘူးဆိုရင် ဒီနည်းနဲ့ စမ်းလို့ရပါတယ်။ ခုနက နည်းက သာမန်အခြေအနေမှာ စမ်းတာပါ။ ခုနည်းကတော့ လူနာနဲ့ မတည့်တဲ့ အရာတစ်ခုခုကို ပမာဏ အနည်းငယ်ပေးပြီး ရောဂါကြွလာတဲ့အခါ Spirometryနဲ့ ပြန်စမ်းသပ်တာပါ။ ဒါမှ အဖြေက သိသိသာသာ ထွက်လာနိုင်ပါတယ်။

    ဥပမာ သာမန်လူတွေမှာ သိပ်မသိသာပေမယ့် ပန်းနာရင်ကြပ်ရှိတဲ့သူတွေကို လေပြွန်တွေ ကျဉ်းသွားစေတဲ့ methacholine ပေးတာမျိုး၊ နည်းနည်းလောက် လှုပ်လှုပ်ရှားရှားနေခိုင်းပြီးမှ ပြန်စမ်းသပ်တာမျိုးပါ။

    • ကလေးတွေမှာ ဆိုရင်

    ၅နှစ်အောက်ကလေးတွေဆိုရင်တော့ ဆေးစစ်ချက်တွေ သိပ်မလုပ်ပါဘူး။ ဒီအရွယ်လေးတွေမှာ သာမန် ပိုးဝင်တာကတောင် ပန်းနာရင်ကျပ် လက္ခဏာနဲ့ တူနေလို့ပါ။ ပန်းနာရင်ကြပ်လို့ ယူဆရင် လေပြွန်ကျယ်ဆေး ပေးလိုက်ပါတယ်။ ဆေးရှူပြီးလို့ သက်သာသွားရင်တော့ ပန်းနာရင်ကျပ် ဖြစ်နိုင်ခြေ များပါတယ်။

    • တခြားဆေးစစ်ချက်များ

    ပန်းနာရင်ကျပ်ရောဂါ သက်သက်ပဲ မဟုတ်ဘဲ တခြားရောဂါတစ်မျိုးမျိုးပါ တွဲနေတယ်လို့ ယူဆရင်တော့

    -ရင်ဘတ်ဓာတ်မှန်

    -ကွန်ပျူတာ ဓာတ်မှန်

    -သွေးစစ်ချက်

    -သလိပ်ပိုးမွေးတာ

    -စားချဉ့်ပြန်ဆန်တက်တဲ့ ရောဂါရှိမရှိ စစ်ဆေးတာ (တချို့ပန်းနာရင်ကျပ်သမားတွေက ဒီရောဂါကြောင့် ကျပ်လေ့ရှိပါတယ်။)

    -ဓာတ်မတည့် ရောဂါရှိမရှိ စစ်ဆေးတာ စတာတွေ လုပ်ရနိုင်ပါတယ်။

    ရောဂါရာဇဝင် မေးမြန်းတာနဲ့ လူနာကို စမ်းသပ်တာကတော့ လူနာတိုင်း ခံယူရပါမယ်။ ဆေးစစ်ချက်တွေကတော့ လူနာပေါ် မူတည်ပြီး စစ်ရတဲ့နည်းတွေ ကွဲသွားနိုင်ပါတယ်။ အကုန်စစ်ချင်မှ စစ်ရမှာပါ။ ရောဂါကို မှန်မှန်ကန်ကန် ရှာတွေ့မှသာ ကုသရတာ လမ်းမလွဲမှာပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Phyo Wai Lynn


    Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 6 ရက် အကြာက တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement